Sunday, March 07, 2010

ကျွန်တော့်အတွေး ကျွန်တော့်ဒဿန (၃) - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
လူတွေဟာ အမှောင်ကို ကြောက်ကြပါတယ်။
လူ့သဘာဝဖြစ်လို့ အပြစ်တင်စရာမရှိဟု ထင်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အမှောင်ထုကို မုန်းပါသည်။
သို့သော် အလင်းကြောက်သူများလည်း ရှိသေးကြောင်းသိရသောအခါ ကျွန်တော့်တွင် ပြောစရာစကားများ ဆွံ့အခဲ့ရပါသည်။

(၂)
ငါကတော့ မှန်လိုပဲကျင့်တယ်ဟု သူငယ်ချင်းတစ်ယောက်က ဂုဏ်ယူဝံ့ကြွားစွာ ပြောပါသည်။
ဒါဆို မင်းက တကယ့်လူ့ပြောင်းပြန်ကြီးပေါ့ဟု ကျွန်တော်ပြန်ပြောမိပါသည်။
သူ... ကျွန်တော့်ကို ဘုကြည့်,ကြည့်ပါသည်။ စိတ်တိုသွားဟန်တူပါသည်။
ကျွန်တော်တို့က ညာလက်ထောင်ပြလျှင် ကျွန်တော်တို့နှင့် ချွတ်စွတ်တူသည့် မှန်ထဲကလူက ဘယ်လက်ကြီး အခန့်သားထောင်ပြနေသည်ကို ထိုသူငယ်ချင်း မသိလေရော့သလားဟု တွေးနေမိပါသည်။

(၃)
စာသမားဆိုတဲ့ လူတွေအကုန်လုံးက ကြောင်တောင်တောင်တွေချည်းပဲဟု တစ်ယောက်သောသူက ပြောင်ပြောင်တင်းတင်းပဲ ဝေဖန်ပါသည်။
စာဒီလောက်ဖတ်တဲ့ စာသမားတွေတောင် ကြောင်တောင်တောင်ဆိုရင် ဘာမှမဖတ်တဲ့ နလပိန်းတုံးကောင်တွေဆိုရင် ဘာဖြစ်မလဲဆိုတာ မင်းကိုယ်တိုင်ပဲ စဉ်းစားကြည့်ပေါ့ကွာဟု ကျွန်တော်က ပြန်ပြောမိပါသည်။
ထိုအခါ ကျွန်တော့်ကို “သောက်ရူး” ဟု သြဘာပေး၍ ထွက်သွားပါသည်။
ဘယ်သူက ဆင်ဖြူ၊ ဘယ်သူက ဆင်မည်းဆိုတာ သေသေချာချာ မသိပါ။ သို့သော် ကျွန်တော့်ကို လမ်းမှာတွေ့လျှင်တောင် သူက နှုတ်မဆက်တော့ပါ။

(၄)
ရေများရာ မိုးရွာဟူသော စကားကို ကြားဖူးကြပါသည်။
ရေများသောအရပ်တွင် သစ်ပင်၊ ၀ါးပင်တို့ဖြင့် စိမ်းလန်းစိုပြည်ပါလိမ့်မည်။ ထိုသို့သောအရပ်တွင် မိုးရွာသည်မှာ ဘာများမှားနေလို့လဲဟု ကျွန်တော် စဉ်းစားနေမိပါသည်။
သဲကန္တာရထဲတွင် မိုးရွာချင်သူများ အတော်များနေသည်ကိုတော့ သေသေချာချာ သိနေပါသည်။

(၅)
ကိုယ့်ရဲ့ ကုသိုလ်၊ အကုသိုလ်တွေဟာ အရိပ်လိုပဲ နောက်ကနေ အမြဲလိုက်နေတတ်တယ်ဟု အလျဉ်းသင့်၍ စကားဝိုင်းတစ်ခုမှာ ပြောမိပါသည်။
တစ်ယောက်သူက “အရိပ်အောက်မှာခိုရင် အရိပ်ပျောက်တယ်ဆိုတာ သိသလား” ဟု မေးလာပါသည်။
ကျွန်တော်ဘာပြန်ဖြေရမှန်း မသိပါ။ တွေးပဲတွေးနေမိပါသည်။

(၆)
တာဝန်ရှိသူ စိတ်မှာပူ ဟူသောစကားကို မကြာခဏ ကြားခဲ့ဖူးပါသည်။
စိတ်မပူတတ်သော တာဝန်ရှိသူများနှင့် စိတ်ပူတတ်သော တာဝန်သိသူများကိုလည်း ကျွန်တော် မကြာခဏ ကြုံတွေ့ခဲ့ရဖူးပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၇ ရက်၊ တနင်္ဂနွေနေ့။
ည ၉ နာရီ ၄၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics