Wednesday, March 10, 2010

မေ့မရသော အားနာခြင်းများ - ကိုဉာဏ် (ပန်းလောင်မြေ)


စကားပလ္လင်ခံပါရစေဦး။ "အားနာလိုက်တာဗျာ" "အားနာလိုက်တာရှင်" ဟူသောစကားများကို လူတိုင်းကြားဖူး၊ ပြောဖူးကြပါသည်။ ထိုသို့မြန်မာလို ပြည့်ပြည့်စုံစုံ မပြောလျှင်သော်မှ "ဆောရီး" ဟူသော စကားလုံးကတော့ အမြဲတမ်းလိုလို ရှောရှောရှူရှူ ပြောနေကျစကား ဖြစ်မည်ဟု ထင်ပါသည်။ တစ်ခုခု ဖြစ်တာနှင့် "ဆောရီးနော်" ဟူသော စကားက နှုတ်မှ သူ့အလိုလို ထွက်ပြီးသားဖြစ်နေတတ်ကြသည်။ ဘယ်စာအုပ်ထဲမှာလည်းမသိ ဖတ်ဖူးတာတစ်ခုကို ကျွန်တော်မှတ်မိနေသည်။ "အားနာတာဟာ ကောင်းတဲ့အကျင့်စရိုက်မဟုတ်ဘူး" ဟူသော အဓိပ္ပါယ်မျိုးပေါက်သည့် စာတစ်ခုဖြစ်ပါသည်။ ဆိုလိုသည်မှာ နေရာတကာတွင် အားမနာသင့်ကြောင်း၊ မြန်မာတို့သည် နေရာတကာ အားနာနေတတ်ကြသဖြင့် အလုပ်,လုပ်ကိုင်ရာတွင် အဆင်မပြေမှုများ ရှိတတ်ကြောင်းကို ရေးထားခြင်းဖြစ်သည်ဟုတော့ အကြမ်းဖျင်းမှတ်မိနေပါသည်။ သူ့ရှုထောင့်နှင့်သူတော့ ဟုတ်မှန်နေပါသည်။ ထိုစာကို ဖတ်စဉ်တုန်းကလည်း ဟုတ်ပေသားပဲ၊ အားနာတာဟာ နေရာတိုင်းမှာ မကောင်းဘူးဟဆိုတဲ့ အတွေးတစ်ခုက ယခုအချိန်အထိ ခေါင်းထဲမှာစွဲနေပါသေးသည်။

ထားတော့၊ ပြောချင်သည်က ဒါမဟုတ်။ မကွေ့မ၀ိုက်ဘဲ လိုရင်းကို ဖြတ်လမ်းကသွားရလျှင် ကျွန်တော်လည်း ယခုစာဖတ်သူများနည်းတူ၊ အခြားအခြားသော လူသားများနည်းတူ သူများတွေကို အားနာခဲ့ဖူးပါသည်၊ သူများတွေက အားနာတာကိုလည်း ခံခဲ့ရဖူးပါသည်။ ဒါများ အဆန်းမှတ်လို့နော်။ လူတိုင်းကြုံဖူးတဲ့ ကိစ္စတွေပဲ၊ ဟုတ်တယ်မလား။ ဟုတ်ပါသည်၊ လူတိုင်းကြုံဖူးကြပါသည်။ သို့သော် ကျွန်တော်ကြုံဖူးခဲ့ရသမျှထဲမှာ အမှတ်ထင်ထင် ဖြစ်နေသည်များ၊ တစ်နည်းပြောရလျှင် မေ့မရသော အားနာခြင်းများကို ပြန်လည်ဖောက်သည်ချခြင်း ဖြစ်ပါသည်။ စာဖတ်သူတို့ကြုံခဲ့ဖူးသည်များနှင့် တစ်ပုံစံတည်း တူညီနေသည်များသော်လည်းကောင်း၊ ခပ်ဆင်ဆင်တူသည်များသော်လည်းကောင်း ရှိနေနိုင်ပါသည်။ ထိုအခါ ထိုဖြစ်ရပ်လေးကို ပြန်လည်သတိရ၊ အမှတ်ရမိပြီး ရင်တွင်းခံစားမှုတစ်ခုခု ရပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် မထူးသော်လည်း မရိုးသည့် အကြောင်းအရာလေးများကို မှတ်တမ်းတင် ရေးသားရခြင်း ဖြစ်ပါကြောင်းခင်ဗျား။

(၁)
တစ်ခါကဖြစ်ပါသည်။ ချိန်းဆိုထားသည့် အလုပ်ကိစ္စတစ်ခုသို့ နောက်ကျနေသည့်အတွက် စီးတော်ယာဉ်ဆိုင်ကယ်ကို အနည်းငယ်မြန်နှုန်းတင်၍ မောင်းလာမိသည်။ စိတ်ထဲမှာလည်း ချိန်းဆိုထားသည်ကို နောက်မကျချင်သည့်အတွက် စိုးရိမ်မှုအပြည့်ဖြင့် ပတ်ဝန်းကျင်ကိုလည်း သိပ်ပြီး သတိမထားမိပါ။ မိမိအတွက် အန္တရာယ်များမှန်း သိသော်လည်း နောက်ကျလိုက်တာဟူသော အကြည့်ဖြင့် အကြည့်မခံချင်သည့်အတွက် စိတ်အလိုကို လိုက်မိခြင်းဖြစ်ပါသည်။ အ၀ိုင်းပတ်ကို မြင်နေရသော်လည်း ဆိုင်ကယ်ကို အရှိန်မလျှော့မိ။ သို့သော် အ၀ိုင်းကိုပတ်နေသည့်အချိန်မှာတော့ ချက်ချင်းဆိုသလို သတိရသွားမိသည်။ ထိုအခါကျမှ ဘေးဘယ်ညာကို လှည့်ကြည့်မိသည်။ လမ်းမကြီးမှလာသော ဂျစ်ကားတစ်စီးက အ၀ိုင်းပတ်နေရင်းနှင့် ကျွန်တော့်ကိုမြင်၍ထင်သည်၊ အ၀ိုင်းပတ်အလယ်ကြီးမှာ ရပ်ပေးနေတာကို တွေ့ရသည်။ တကယ်ဆိုလျှင် ကျွန်တော်က လမ်းသွယ်ကနေ ထွက်လာသူဖြစ်သည်။ အဆိုပါဂျစ်ကားက လမ်းမကြီးပေါ်မှယာဉ်၊ ပြီးတော့ အ၀ိုင်းပတ်နေသည့်ယာဉ်၊ အဲဒီအတွက် လမ်းသွယ်မှကျွန်တော်က သူ့ကို ဦးစားပေးရမည်ဖြစ်သည်။ သို့သော် ကိုယ့်အပူနဲ့ကိုယ်၊ ကိုယ့်အတွေးနှင့်ကိုယ်ဆိုတော့ ဘေးဘယ်ညာလည်း ဂရုမစိုက်မိခဲ့။ အလျင်လိုနေတာပဲ သိသည်ကိုး။

အဆိုပါဂျစ်ကားကို ကြည့်မိတော့ ဂျစ်ကားမောင်းသူက ကျွန်တော့်ကို ပြုံးပြနေတာ တွေ့ရသည်။ နားလည်သည့်အပြုံး၊ စာနာသည့်အပြုံး၊ ခွင့်လွှတ်သည့်အပြုံးမှန်း မြင်ရုံနှင့် သိသာလွန်းလှသည်။ ပူနေသည့်ကျွန်တော့်စိတ်တွေ ထိုအခိုက်အတန့်မှာ ချက်ချင်းဆိုသလို အေးချမ်းသွားရသည်။ တစ်ဆက်တည်း သူ့ကို အလွန်အမင်း အားနာသွားမိသည်။ ပုံမှန်အတိုင်းသာဆိုလျှင် အားနာမိမှာမဟုတ်။ ပုံမှန်အတိုင်းဆိုသည်က လမ်းမှား၍ ကမူးရှူးထိုးဝင်လာသော ကျွန်တော့်ကို အဆိုပါဂျစ်ကားက ဟွန်းတီး၍သော်လည်းကောင်း၊ ကြမ်းတမ်းသော စကားလုံးတစ်ခုခုဖြင့်သော်လည်းကောင်း၊ အဓိပ္ပါယ်များစွာပါသည့် ဒေါသအကြည့်တစ်ခုခုဖြင့် သော်လည်းကောင်း တုံ့ပြန်ခြင်းကို ဆိုလိုသည်။ မိမိကိုယ်တိုင်လည်း လမ်းမှား၍ ၀င်လာသော စက်ဘီး၊ ဆိုင်ကယ်၊ ကားများကို တွေ့ပါက အနည်းဆုံးတော့ "ဘယ်လိုမောင်းလာတာလဲ၊ ဘယ်လိုစီးလာတာလဲ၊ လမ်းစည်းကမ်းကို နားမလည်ဘူးလား" ဆိုတာလောက်တော့ ပြောဖြစ်အောင် ပြောတတ်သည်ကိုး။ အခုကျတော့ ထိုသို့မဟုတ်၊ မှားနေတာက ကိုယ်၊ သို့သော် ကိုယ့်ကို အားနာနေတာ၊ နားလည်ပေးနေတာက မှန်နေသည့်လူကဆိုတော့ ကျွန်တော်လည်း အားမနာဘဲ ဘယ်နေနိုင်တော့မလဲဗျာ။ သူ့ဆီက ကူးစက်လာသော အအေးဓာတ်ခံလေးဖြင့် ကျွန်တော့်နှုတ်ခမ်းလေးတွေ အလိုလိုပြုံးလိုက်တာကို သတိထားလိုက်မိသည်။ "တောင်းပန်ပါတယ်ခင်ဗျာ" ဟူသော စကားလုံးတို့က အသံမထွက်လာသော်လည်း နှုတ်ခမ်းနှစ်ခုက အလိုလို သရုပ်ဖော်နေမှန်း သိနေသည်။ သူကလည်း ခေါင်းလေးညိတ်၍ ကျွန်တော့်အားနာမှုကို လက်ခံကြောင်း၊ နားလည်ကြောင်း အမူအရာဖြင့် ပြသသည်။

အခုလို စာဖြင့်ရေးပြနေသဖြင့်သာ စာအရှည်ကြီး၊ စကားလုံးအများကြီး ဖြစ်နေသော်လည်း ထိုစဉ်က ဖြစ်ပျက်ခဲ့သည်က ခဏလေးမှ တကယ့်ခဏကလေး ဖြစ်သည်။ လှမ်းကြည့်သည်၊ ပြုံးပြနေတာကိုမြင်သည်၊ အားနာသွားမိသည်၊ ပြုံးပြတောင်းပန်မိသည်၊ သူကခွင့်လွှတ်အပြုံးဖြင့် တုံ့ပြန်သည်၊ ဒါပဲဖြစ်သည်။ အလျင်လိုနေသည့် ကျွန်တော့်ကို အနှောင့်အယှက်ပေးသလိုများ ဖြစ်သွားလေရော့သလားဟူသော စိုးရိမ်မှုမျိုးဖြင့် ကျွန်တော့်ကိုပင် သူက အားနာနေသည့် အရိပ်အငွေ့များကို ကျွန်တော်ရလိုက်မိသည်။ ကျွန်တော် ဘယ်တော့မှ မမေ့ပါ။

(၂)
စတိုးဆိုင်တစ်ခုတွင် ဖြစ်ပါသည်။ ၀ယ်ယူထားသော ပစ္စည်းများကို ငွေရှင်းကောင်တာတွင် ပိုက်ဆံရှင်းရန် စောင့်နေချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် သေသေချာချာ မမှတ်မိတော့သော်လည်း ရေးမှတ်ရန်အတွက် အိတ်ကပ်ထဲတွင် ဘောလ်ပင်ရှာမတွေ့သည့်အတွက် အရောင်းစာရေးမတစ်ဦးထံမှ ဘောလ်ပင်ငှားလိုက်မိပါသည်။ မှတ်စုစာအုပ်တွင် ရေးမှတ်လိုသည်များကို ရေးမှတ်ပြီးချိန်တွင် ငွေရှင်းကောင်တာ၌ မိမိဝယ်ယူထားသော ပစ္စည်းများကို ပိုက်ဆံရှင်းရန် အလှည့်ကျပါသည်။ ကျသင့်ငွေကို ရှင်းပြီးနောက် ၀ယ်ယူထားသော အတန်ငယ်များသည့် ပစ္စည်းများကို ဆွဲယူကာ ထွက်လာမည်ဟန်ပြင်လိုက်ပါသည်။ ထိုအချိန်တွင် အရောင်းစာရေးမတစ်ဦးက ကျွန်တော်ဝယ်လာသော ပစ္စည်းအချို့ကို ကူညီသယ်ပေးလာသည့်အတွက် ကျေးဇူးတင်ကြောင်း ပြုံးပြပြောဆိုပြီး ခွင့်ပြုလိုက်ပါသည်။

မိမိဆိုင်ကယ်နေရာသို့ အရောက်တွင် အဆိုပါအရောင်းစာရေးမလေး ကူညီသယ်ပေးသော ပစ္စည်းများကိုယူ၍ ဆိုင်ကယ်တွင်ချိတ်ရင်း ကျေးဇူးတင်ကြောင်း ပြောမိပါသည်။ အရောင်းစာရေးမလေးကလည်း "ဟုတ်ကဲ့ ရပါတယ် ကိစ္စမရှိပါဘူး" ဟု ပြန်ပြောပါသည်။ ထို့နောက်တွင်မှ အားနာသောလေသံဖြင့် "ကျွန်မဘောလ်ပင်လေး ပြန်ယူလို့ရမလားရှင့်" ဟု မေးပါသည်။ ထိုအခါမှ စောစောက ကျွန်တော်ငှားထားသော ဘောလ်ပင်ကို သတိရပါသည်။ ရေးမှတ်ပြီးသည်နှင့် မိမိဘောလ်ပင်အမှတ်ဖြင့် အိတ်ကပ်ထဲတွင် အခန့်သား ထိုးထည့်ထားခဲ့သည်ကို ထိုအခါတွင်မှ လက်ဖြင့်ပြန်စမ်းမိပြီး အားနာသွားပါသည်။

"သြော်....ညည်းနှယ်အေ... စောစောက ဆိုင်ထဲကတည်းက တောင်းလိုက်ရောပေါ့၊ ငါက မေ့ပြီး အိတ်ကပ်ထဲမှာ ထိုးထည့်ထားလိုက်မိတာ၊ အားနာလိုက်တာ" ဆိုတော့ ဘာပြန်ပြောတယ်မှတ်လဲ။

"ကျွန်မလည်း ဆိုင်ထဲမှာကတည်းက တောင်းမလို့ပါပဲ၊ ဒါပေမယ့် အထဲမှာက ၀ယ်သူတွေအများကြီးဆိုတော့ တောင်းလိုက်မိရင် အစ်ကို့ကို အားနာလို့ပါ" တဲ့။

ကဲ... အဲဒီလိုကြုံခဲ့ရတဲ့ အားနာမှုမျိုးကို ကျွန်တော်ဘယ်လိုလုပ်ပြီး မေ့လို့ရမလဲဗျာ။ စာဖတ်သူဆိုရင်လည်း မေ့နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မိပါတယ်။

********************
အို... စာဖတ်သူမိတ်ဆွေ.... အခုဖတ်ခဲ့ရတာတွေက ကျွန်တော်ကြုံခဲ့ရသမျှထဲက အချို့မျှကိုသာ ထုတ်နုတ်တင်ပြထားခြင်းမျှသာပါ။ စာတစ်တန် ပေတစ်ဖွဲ့ မဖော်ပြသော်လည်း စာဖတ်သူရဲ့ ရင်ထဲမှာလည်း အခုလိုမျိုး မေ့မရတဲ့အဖြစ်အပျက်လေးတွေ ရှိနေမှာမလွဲပါဘူး။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့တွေဟာ အခုလိုမျိုး အဖြစ်အပျက်လေးတွေကို မှတ်မှတ်ထင်ထင် ဖြစ်နေသလိုမျိုး ကျွန်တော်တို့တွေအတွက် အခြားလူတွေကရော အဲဒီလိုမျိုး မှတ်မှတ်ထင်ထင် ဖြစ်နေကြရဲ့လားဆိုတာကို တွေးကြည့်ကြစေချင်တာပါ။

ကိုယ်တွေရဲ့ ဒေါသတွေ၊ စိတ်မရှည်မှုတွေ၊ ခက်ထန်ကြမ်းတမ်းမှုတွေကြောင့် အခြားလူတွေရဲ့ ရင်ထဲမှာ တအုံ့နွေးနွေး ပူလောင်စွာ သတိရမိနေတာထက်စာရင် အခုလိုမျိုး ပြန်တွေးလိုက်တိုင်း ကြည်နူးစရာ၊ ကျေနပ်စရာကောင်းတဲ့ အေးချမ်းမှုလေးတွေကို အခြားလူတွေရဲ့ ရင်ထဲမှာ အမြဲတမ်း အမှတ်ရနေအောင် ဘာကြောင့်များ ကျွန်တော်တို့တွေ မလုပ်နိုင်ရမှာလဲ။ အခြားသူတွေရဲ့ ရင်ထဲမှာလည်း ကျွန်တော်တို့နဲ့ ပတ်သက်ပြီး မေ့မရတဲ့ အားနာခြင်းလေးတွေ ကိန်းအောင်းနေအောင် ကျွန်တော်တို့တွေ ကြိုးစားကြရအောင်လားဗျာ။

အထက်မှာ ကျွန်တော်ပြောခဲ့သလို အားနာတယ်ဆိုတာ မကောင်းဘူးလို့ ခံယူလက်ခံသူ၊ လိုက်နာကျင့်သုံးကြသူတွေလည်း ရှိကြမှာပါပဲ။ ဒါပေမယ့်လည်း အချို့သော အားနာမှုလေးတွေကတော့ လူ့လောကကြီးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်နေမိတာပါပဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၀ နာရီ ၃၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics