Monday, March 01, 2010

ရွေးကောက်ပွဲ အထိုင်ရွှေ့ရုံမဟုတ် ဆုံချက်ကျဉ်းကျဉ်းနှင့် တင်းကျပ်သူ သတိထား - မောင်စူးစမ်း


ပိုနေမြဲ ကျားနေမြဲရွှေ့
"ရွေးကောက်ပွဲ မရှိတာထက်စာလျှင် ရှိတာက ပိုကောင်းသည်" ဟူ၍ သံတမန်အသိုင်းအ၀ိုင်း၏ ပြောသံကို ကြားလိုက်ရသည်။ ဤမှတ်ချက်၏ ယုတ္တိကို "ပိုနေမြဲ ကျားနေမြဲ" "Status Quo" ကို အထိုင်ရွှေ့ခြင်းသဘောဖြင့် နားလည်မိသည်။ အပြောင်းအလဲတွင် နှစ်မျိုးရှိသည်။ ရေရှည် သို့မဟုတ် အခြေခံကျကျ ပြောင်းလဲခြင်းနှင့် အထိုင်ပြောင်းလဲသွားခြင်းတို့ ဟူ၍ ဖြစ်သည်။ အချိန်ကြာမြင့်စွာ ဖြစ်တည်နေသော အရာတစ်ခုကို ဆက်ထိန်းထားလျှင် ငြီးငွေ့စရာ ကောင်းသွား၍ ငြီးငွေ့စရာကောင်းသော အခြေအနေ (ပိုနေမြဲ ကျားနေမြဲ)ကို တစ်စုံတစ်ခုကြောင့် အထိုင်ပြောင်းစေလျှင်ပင် တိုးတက်မှုတစ်ရပ်အဖြစ် ပြန်ဆိုလေ့ရှိကြသည်။ ဤအဓိပ္ပါယ်ဖြင့် ရွေးကောက်ပွဲမရှိတာထက်စာလျှင် ရှိတာကောင်းသည်ဟု ပြောကြပုံရသည်။

"ပိုနေမြဲ ကျားနေမြဲ" အခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းကြသည်။ အချို့ပညာရှင်တို့က To Disrupt Status Quo ဆိုသောစကားကို သုံးနှုန်းသည်။ ပိုနေမြဲကျားနေမြဲ အနေအထားကို ပွဲဖျက်သည့်သဘောဖြင့် သုံးသည်။ စာရေးသူအမြင်၌ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ပိုနေမြဲ ကျားနေမြဲ အနေအထားကို အထိုင်ပြောင်းလဲစေရုံမျှမက အသွင်းကူးပြောင်းမှု ပုံသဏ္ဌာန်နှစ်ခု၊ သုံးခုကိုလည်း ရောထွေးပေါ်ပေါက်စေလိမ့်မည်ဟု ထင်သည်။ Multiple Transitions ဟု ခေါ်သည်။ ဤသို့ဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ အရေးပါ အရာရောက်မှုကို တွက်ဆကြည့်သည်။

ထိပ်အောက်မှ သဘောတူစနစ်သို့
ရွေးကောက်ပွဲပြီးလျှင် လက်ရှိအစိုးရသည် ပိုနေမြဲကျားနေမြဲ ဖြစ်တော့မည်မဟုတ်ပေ။ စက်ယန္တရားစကားနှင့်ပြောလျှင် အထိုင်ပြောင်းသွားရမည်။ အထိုင်ပြောင်းသွားရုံမျှမက အခြေခံကျသော အသွင်ကူးပြောင်းမှုတို့လည်း ပေါ်လာမည်။ လက်ရှိပိုနေမြဲ ကျားနေမြဲစနစ်၌ စီမံအုပ်ချုပ်မှုစနစ် (System of Government) သည် အမိန့်နှင့် ကွပ်ကဲမှုပုံသဏ္ဌာန် (Command and Control) ပုံသဏ္ဌာန်ဖြစ်သည်။ တစ်နည်းပြောလျှင် ထိပ်အောက်ဆင့်ကဲမှု Top-down Hierarchy ဖြစ်သည်။

ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ပြီးလျှင် လွှတ်တော်တွေ ပေါ်လာမည်။ ဆုံးဖြတ်ချက်နှင့် ပေါ်လစီတို့ကို လွှတ်တော်အသီးသီးတွင်တင်ပြ၍ သဘောတူညီချက် ယူရမည်။ သို့ဖြင့် စီမံအုပ်ချုပ်ပုံစနစ်သည် ထိပ်အောက်ဆင့်ကဲပုံသဏ္ဌာန် (၀ါ) အမိန့်နှင့် ကွပ်ကဲမှုပုံသဏ္ဌာန်မှ သဘောတူညီချက်ဖြင့် အုပ်ချုပ်သောပုံစံ Consensus Building သို့ ပြောင်းလဲသွားမည်။ ပေါ်လစီနှင့် ဆုံးဖြတ်ချက်များချပုံတို့ ပြောင်းလဲသွားမည်ဖြစ်သဖြင့် လာမည့်ရွေးကောက်ပွဲသည် ပိုနေမြဲကျားနေမြဲ အနေအထားအထိုင် ပြောင်းသွားရုံမဟုတ်ဘဲ စနစ်နှင့် ယန္တရားတို့ကိုပါ အပြောင်းအလဲ ဖြစ်စေမည်။

ဤနေရာ၌ ပညာရှင်တို့အဖို့ လေ့လာသုံးသပ်စရာ တစ်ခုပေါ်မည်။ အုပ်ချုပ်မှုစနစ်ကောင်းနှင့် ပေါ်မည့်စနစ်သစ်တို့ကြား စွမ်းရည်ထက်မြက်သူ Efficiency ကို နှိုင်းယှဉ်ကြည့်ရန် ဖြစ်သည်။ ပေါ်ပေါက်မည့် ဒီမိုကရေစီသည် အနောက်တိုင်းပုံသဏ္ဌာန် လစ်ဘရယ်ဒီမိုကရေစီ မဟုတ်ဘဲ စစ်တပ်ပဲ့ကိုင်ဒီမိုကရေစီ (Guided Democracy) ဖြစ်မည်။

တင်းကျပ်ပြီး ဆုံချက်ကျဉ်း
ထို့ကြောင့် ရွေးကောက်ပွဲမှ ရွေးထုတ်မည့် ဒီမိုကရေစီသည် စစ်အစိုးရစနစ်မှ အရပ်သားအစိုးရစနစ် အကူးအပြောင်းမဟုတ်။ စစ်အစိုးရစနစ်မှ စစ်ဘက်စပွန်ဆာပြုသော ဒီမိုကရေစီသို့ အကူးအပြောင်းဖြစ်မည်။ တစ်နည်းပြောလျှင် နိုင်ငံရေးခွင်သစ်ဖြစ်သည်။ ပါရာဒိုင်းအသစ် ဖြစ်မည်။ ထို့ကြောင့် ပါရာဒိုင်းအသစ်တွင် အတိတ်သမိုင်းသည် ဘယ်လောက် အရေးပါအရာရောက်သနည်း။ အခြားနိုင်ငံတို့၏ ခေတ်ပြိုင်အတွေ့အကြုံတို့သည် ဘယ်လောက်တန်ဖိုးရှိပါသနည်းဟု မေးခွန်းတွေ ပေါ်လာသည်။

ထို့အပြင် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ပေါ်နိုင်သော မမျှော်လင့်သည့် ပြဿနာတို့ကို ကာယကံရှင်တို့သည် ကျဉ်းကျဉ်းမြောင်းမြောင်းဆုံချက် (Narrow Focus)ဖြင့် မကြည့်ရန် တင်းတင်းကျပ်ကျပ် Rigidly မကြည့်ရန် အထူးလိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးသည် အထူးသိမ်မွေ့သောကြောင့် ဖြစ်သည်။ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အောင်မြင်စွာ ကျင်းပပြီးစီးသွားရေးအတွက် ကာယကံရှင်တို့ အမြော်အမြင်ကြီးကြရန် လိုသည်။ ပျော့ပျောင်းမှုလိုသည်။ ဤကိစ္စအတွက် လူထု၌ သိပ်ပြီးတာဝန်မရှိဟု ပြောရမည်။

ယခင်လက်ဝဲစကားနှင့်ပြောရလျှင် ရွေးကောက်ပွဲ ချောချောမောမော အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးသည် ကတ္တားပိုင်း (ခေါင်းဆောင်မှု)၌ အဓိကတာဝန်ရှိသည်။ ကမ္မပိုင်း (လူထု)၌ သိပ်ပြီး တာဝန်မရှိပေ။

နိုင်ငံရေးကျိန်စာ
မြန်မာ့ခေတ်ပြိုင်သမိုင်းကို ဒဿနအမြင်နှင့်ကြည့်လျှင် သမိုင်းသည် အပြတ်အတောက်များသည်။ Discontinuous History ဟု ပြောရမည်။ အပြတ်အတောက်များသဖြင့် သမိုင်းကို တစ်ဖြတ်စီ တစ်ဖြတ်စီသာ ကြည့်ရမည်။ သမိုင်းဖြစ်စဉ် တစ်ခုလုံးကိုခြုံပြီး သမိုင်းအစဉ်အလာကို ရှာဖွေခြင်းမျိုးသည် မဆီလျော်နိုင်ပေ။ သမိုင်းတစ်ခုလုံး၏ အမွေအနှစ်ကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်းက ထိန်းသိမ်းစောင့်ရှောက်သည် ဟူ၍လည်း မဖြစ်နိုင်ပေ။ ခေတ်အလိုက် အခြေအနေ၊ ခေတ်အလိုက် အနက်အဓိပ္ပါယ် ရှေ့နောက်အဆက်အစပ် Contect တို့ဖြင့်သာ နားလည်အပ်သည်။

ဤနေရာ၌ အရှေ့တိုင်းစဉ်းစားနည်း တစ်နည်းကို ထောက်ပြလာသည်။ ဤနည်းမှာ ပြဿနာထိပ်တိုက် ခေါင်းချင်းဆိုင်ခွေ့၍ ဖြေရှင်းရန်မကြိုးစားဘဲ ပြဿနာ၏ ပတ်ဝန်းကျင်နှင့် အဆက်အစပ် Contect အပေါ် သြဇာညောင်းအောင်ပြုပြီး ဖြေရှင်းသောနည်း ဖြစ်သည်။ စာရေးသူပြောလိုသည်မှာ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတို့ကို ခေါင်းအေးအေးထား၍ စဉ်းစားသုံးသပ်ကြရန် ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ ပတ်ဝန်းကျင်နှင့် ရှေ့နောက်အဆက်အစပ်တို့အပေါ် အဓိကစူးစိုက်ကြရန် ဖြစ်သည်။ ကျဉ်းမြောင်းစွာ အာရုံစူးစိုက်မှုနှင့် အလျှော့အတင်းထား၊ မထား တင်းတင်းကျပ်ကျပ် ရှုမြင်မှု Narrow Focus and Rigidity တို့ကို ရှောင်ရှားရန်ဖြစ်သည်။ မည်သည့်အရာ၌မဆို နိုင်ငံရေးကျိန်စာ (The Curse of Politics) ရှိနေသည်ကို သတိချပ်အပ်သည်။ ဘာကိုပဲ စဉ်းစားစဉ်းစား နိုင်ငံရေးရှုထောင့်မှလည်း စဉ်းစားရန်လိုပြီ။

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၅) အမှတ် (၂၂)

မောင်စူးစမ်း
ရွေးကောက်ပွဲနိုင်ငံရေး
စာမျက်နှာ-၆၅ မှ ၇၃ ထိ

No comments:

Post a Comment

 
Web Statistics