ငွေကြေးရှိန်ဝါပြည့်စုံသော ကျောင်းသူလေးတစ်ယောက်ကို ကျွန်တော် စာသင်ပေးရန် ဖြစ်လာပါသည်။ ထိုမိန်းကလေးသည် ယဉ်ကျေးရည်မွန်ပြီး ဉာဏ်လည်း ထိုက်သင့်သလောက် သွက်လက်ကြောင်းကိုလည်း တွေ့ရပါသည်။ ကျွန်တော့်ထံတွင် သင်ယူလိုသည်က စာစီစာကုံးပင်ဖြစ်သည်။ မြန်မာစာနှင့် ပတ်သက်သော အခြားပြဋ္ဌာန်းစာများအတွက် မလိုတော့။ သူ့မှာ ကျက်မှတ်စရာ မှတ်စုတွေ ဘာတွေကို အခြား (ဆရာတစ်ယောက်ယောက်) ထံမှ ရရှိပြီးဖြစ်သည်။ စာစီစာကုံးကို ကောင်းကောင်းမရေးတတ်၍ ကျွန်တော်က သင်ပေးရမည်ဖြစ်သည်။
ပထမဆုံး သူပြောလိုက်သော စကားက ကျွန်တော့်ကို အံ့အားသင့်သွားစေသည်။
"သမီး စာစီစာကုံးကောင်းကောင်း ရေးတတ်ချင်ပါတယ်ဆရာ။ သူများတွေလို ဖတ်လို့ကောင်းအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့မရေးတတ်ဘူး။ ကျက်ရမှတ်ရမယ့် ကဗျာတို့ဘာတို့လည်း ပေးပါ။ ကျွန်မ ကျက်ပါ့မယ်"
သူ့ကိုကြည့်ရသည်မှာ ဘာမဆို အာဂုံကျက်ပစ်လိုက်တာမျိုး ဖြစ်ပုံရသည်။ ငယ်ငယ်ကလည်း ဆရာပေးလိုက်သော မှတ်စုကို "သည်" "၏" မလွဲ ပြန်ရေးပေးလိုက်လျှင် အမှတ်ပြည့်ရသည်ဟူသော အသိကြီးက ရိုးစွဲသားစွဲ ဖြစ်နေပုံရသည်။ စဉ်းစားဉာဏ်ကို အားကိုးရကောင်းမှန်း မသိတော့ဘဲ မှတ်ဉာဏ်ကိုသာ အားကိုးလာခဲ့ပုံရနေသည်။
သူ့ကိုကြည့်နေရင်း လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်လောက်က တက္ကသိုလ်ကျောင်းသူလေး ချိုချိုကို သွားပြီးသတိရနေမိသည်။ မော်လမြိုင်ကောလိပ်တွင် ဖြစ်ပါသည်။ ဥပစာဒုတိယနှစ် မြန်မာစာလေ့ကျင့်ခန်းတွင် အရေးခိုင်းထားသည်က ညနေဆည်းဆာ ရှုခင်းသာ။ ကျွန်တော်က နည်းပြဆရာဆိုတော့ နည်းပြတန်းကို ၀င်ရသည်ပေါ့။ ချိုချိုရေးထားလိုက်သည်က ကျေးလက်ညနေခင်း နွားရိုင်းသွင်းချိန်အလှ၊ နွားကျောင်းသားကလေးတွေကလည်း နွားကျောပေါ်မှာ တငြိမ့်ငြိမ့်စီးရင်း ပလွေတကျူကျူမှုတ်လိုက်လို့ ကျေးရွာသူကလေးများကလည်း သနပ်ခါးပိန်းကျားလိမ်းပြီး မြစ်ဆိပ်ကို ရေခပ်ဆင်းကြလို့၊ ဤသို့အားဖြင့် လွမ်းမောကြည်နူးဖွယ်ရာ ရေးဖွဲ့ထားပါသည်။ သို့နှင့် ကျွန်တော်က သူ့ကို...
"ချိုချို နင်က ဘယ်ဒေသမှာ နေသလဲ"
"မောင်ငံရပ်ထဲမှာပါ ဆရာ"
"တောရွာတွေ ဘာတွေမှာ နေဖူးသေးသလား"
"မနေဖူးပါဘူးဆရာ"
"အလည်ကော ရောက်ဖူးသလား"
"မရောက်ဖူးပါဘူးဆရာ"
"နွားကျောင်းသားလေးတွေ နွားစီးပြီး ပလွေမှုတ်လာတာကိုကော မြင်ဖူးသလား"
သူကရယ်လျက်
"ဟင့်အင်း... မမြင်ဖူးဘူးဆရာ"
"တောသူကလေးတွေ သနပ်ခါးပိန်းကျားနဲ့ ရေခပ်ဆင်းတာကိုရော မြင်ဖူးသလား"
"ဟင့်အင်း မမြင်ဖူးဘူးဆရာ"
"ဟဲ့ ချိုချိုရဲ့ ဒါဖြင့် နင့်စာစီစာကုံးထဲမှာ နင်ကိုယ်တိုင် ကြုံဖူးတာဆိုလို့ ဘာတစ်ခုမှ မပါပါလား"
"စာစီစာကုံးစာအုပ်တွေထဲမှာ ပါတာတွေကိုဖတ်ပြီး အဲဒီအတိုင်း ရေးလိုက်တာပဲ ဆရာ"
"ချိုချို နင့်အသက် ဘယ်လောက်ရှိပြီလဲ"
"ဆယ့်ရှစ်နှစ်"
"နင့်တစ်သက်မှာ ညနေခင်းတွေ မရေတွက်နိုင်လောက်အောင် ကြုံခဲ့ပြီးပြီ။ ကြည်နူးစရာ ညနေခင်းတွေကိုလည်း ကြုံခဲ့လှပြီ။ တက္ကသိုလ်ကျောင်းသူ တစ်ယောက်လုပ်နေပြီး ကိုယ်တကယ်ကြုံခဲ့ရဖူးတဲ့ ညနေခင်းလေးတစ်ခုအကြောင်းကိုတောင် ဖြောင့်အောင်ရေးမပြတတ်ဘဲ သူများညနေခင်းကို ကူးရေးနေရတယ်ဆိုတော့ ကြားလို့မှ မကောင်းတော့ပါဘူးဟယ်။ နင်တို့တစ်တွေရဲ့ စာစီစာကုံးတွေကို စစ်ဆေးအမှတ်ပေးနေရတာ ငါဖြင့် တကယ်ကို ငြီးငွေ့မိတယ်။ ဖတ်ကြည့်လိုက်ရင် နင်တို့နဲ့ကို မတွေ့ရတော့ဘဲ စာစီစာကုံးစာအုပ်တွေကိုချည်း တွေ့နေရတော့တာပဲ။ ဘယ့်နှယ်ဗျာ ဆောင်းတွင်းချမ်းတာတောင်မှ ကိုယ့်ဘာသာကိုယ် မချမ်းတတ်ကြတော့ဘူး။ ထို့ကြောင့် လက်ဝဲသုန္ဒရ ဘယ်လိုရေးလိုက်တယ်။ ဦးရွှန်းက မည်သို့ဖွဲ့လိုက်တယ်" နဲ့ ရှေးစာဆိုတွေကိုခေါ်ပြီး ချမ်းနေရတယ်။ ကိုယ့်ဘာသာကိုယ် မချမ်းတတ်ကြတော့ဘူး။ ပြောလိုက်တော့ တက္ကသိုလ်ကျောင်းသား၊ ဆောင်းတွင်းချမ်းတာတောင် ကိုယ့်ဘာသာမချမ်းတတ်လို့ လူငှားပြီး ချမ်းနေရတယ်ဆိုတော့ ပြောတောင် မပြောချင်တော့ဘူး"
ကျွန်တော် ထိုကဲ့သို့ မောင်းမဲပြောဆိုခဲ့ဖူးပါသည်။ နောင်အခါ စာစီစာကုံးခေါင်းစဉ်ကို ကျွန်တော်ပေးနိုင်ခွင့် ရှိသည့်အခါ ရောက်လာတော့ လမ်းဘေးရေအိုင် တို့၊ သစ်ငုတ်တိုတစ်ခု တို့၊ အကျွန်ချစ်သော သစ်တစ်ပင် တို့၊ ဆိုတာမျိုးတွေကို ပေးပစ်လိုက်သည်။ မှတ်ကရော။ ကိုယ့်ဘာသာ ရေးကြပေရော့။
ကျိုးကြောင်းပြစာစီစာကုံးတွေ ပေးပြန်တော့လည်း ဖန်တစ်ရောတေနေသည့် အချိန်၏တန်ဖိုး၊ လသာခိုက်ဗိုင်းငင် ဆိုတာမျိုးတွေကို မပေး။ ကိုယ့်တွေ့သင်ခန်းစာတစ်ခု၊ စာဖတ်ရတာ ပျင်းလှပြီ၊ ကျွန်တော်အကြိုက်ဆုံးသရုပ်ဆောင် ဆိုတာမျိုးတွေ ပေးပစ်လိုက်သည်။ သည်တော့ ဘယ်စာစီစာကုံး စာအုပ်ကိုမျှ အားကိုးလို့မရတော့ပြီ။ ကိုယ့်စိတ်ကူးကိုပဲ အားကိုးရတော့သည်။ ပထမတော့ ခေါင်းစဉ်ကို သင်ပုန်းပေါ် ရေးပြလိုက်သည်နှင့် ဟာခနဲ ဟင်ခနဲ ဖြစ်သွားကြသည်။ "ဘာရေးရမှာလဲ" "ဘယ်လိုရေးရမှာလဲ" စသည်ဖြင့် ညည်းလိုက်ညူလိုက်ကြသေးသည်။ နောက်တော့ မရေးလို့ကလည်း မဖြစ်လေတော့ တတ်စွမ်းသမျှ ကြိုးစားပြီး ရေးကြရတော့သည်။
ဤသို့အားဖြင့် တက္ကသိုလ်ကျောင်းသားတွေကို ကိုယ်ပိုင်ဉာဏ်ကျင့်သုံးရလာအောင် ကျွန်တော်လုပ်ခဲ့ဖူးသည်ကို ပြန်လည်သတိရနေမိသည်။ ယခု ကျွန်တော့်ရှေ့တွင် စာစီစာကုံး "ကျက်ပါရစေ" ဆိုသော ကလေးမတစ်ယောက် ထိုင်နေပြန်ပါသည်။
အတွဲ (၅) အမှတ် (၃)
မတ်လ၊ ၂၀၁၀
စာမျက်နှာ - ၁၄၃ မှ ၁၄၆
No comments:
Post a Comment