ဓမ္မပဒဂါထာ (၁၅)
ဣဓ သောစတိ ပေစ္စ သောစတိ။
ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ၀ိဟညတိ၊
ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။
ခုလည်းစိတ်ညစ် နောင်စိတ်ညစ်
မကောင်းမှုပြုတဲ့သူဟာ
ဒီဘ၀မှာလည်း
ကိုယ့်မကောင်းကံကို ကိုယ်တွေးပြီး
ဝမ်းနည်းစိတ်ညစ်ရသလို
နောင်ဘ၀မှာလည်း
ကိုယ့်မကောင်းကံရဲ့ အကျိုး
ဆင်းရဲဒုက္ခအမျိုးမျိုးကို
ကိုယ်ခံစားပြီး
ဝမ်းနည်းစိတ်ညစ်ရပါတယ်။
ပစ္စုပ္ပန်ဘ၀မှာရော
တမလွန်ဘ၀မှာပါ
ဝမ်းနည်းစိတ်ညစ်ရတာပါ။
မကောင်းမှုပြုတဲ့သူဟာ
ကိုယ်ပြုထားတဲ့ မကောင်းမှုရဲ့
ညစ်နွမ်းမည်းပေမှုကို မြင်ရတိုင်း
ဝမ်းနည်းပူဆွေးရ၊
စိတ်ပင်ပန်းဆင်းရဲရပါတယ်။
ဓမ္မပဒဂါထာ (၁၆)
ဣဓ မောဒတိ ပေစ္စ မောဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။
ခုလည်းပျော်ရွှင် နောင်လည်းပျော်ရွှင်
ကောင်းမှုပြုတဲ့သူဟာ
ဒီဘ၀မှာလည်း
ကိုယ့်ကောင်းကံကို ကိုယ်တွေးပြီး
ဝမ်းမြောက်ပျော်ရွှင်ရသလို
နောင်ဘ၀မှာလည်း
ကိုယ့်ကောင်းကံရဲ့ အကျိုး
ချမ်းသာသုခအမျိုးမျိုးကို
ကိုယ်ခံစားပြီး
ဝမ်းမြောက်ပျော်ရွှင်ရပါတယ်။
ပစ္စုပ္ပန်ဘ၀မှာရော
တမလွန်ဘ၀မှာပါ
ဝမ်းမြောက်ပျော်ရွှင်ရတာပါ။
ကောင်းမှုပြုတဲ့သူဟာ
ကိုယ်ပြုထားတဲ့ ကောင်းမှုရဲ့
သန့်စင်ဖြူဖွေးမှုကို မြင်ရတိုင်း
ဝမ်းမြောက်ပျော်ရွှင်ရ၊
ကြည်နူးကျေနပ်ရပါတယ်။
Thursday, March 11, 2010
စိတ်အားဖြည့် ဓမ္မပဒ
[အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment