Thursday, March 11, 2010

ကြိုတင်ချက်ထားသော ပုံသေအိုင်ဒီယာတို့နှင့် ဗဟိုချက် - မောင်စူးစမ်း


ပုံသေအိုင်ဒီယာတွေ
နိုင်ငံတကာစာတမ်းဖတ်ပွဲတို့၌ စာရေးသူနှင့် နိုင်ငံခြားပညာရှင်အချို့ အငြင်းပွားခဲ့သည်။ မြန်မာ့အကြောင်းကို ရည်ညွှန်းပြောဆိုလျှင် သူတို့၌ တင်ကူးမှန်းထားသော Preconceived အိုင်ဒီယာတွေ ရှိကြသည်။ တင်ကူးမှန်းဆထားသော ပုံစံတွေ၊ စံတွေရှိကြသည်။ ပုံသေအိုင်ဒီယာ fixed ideas တွေ ရှိကြသည်။ ဤပုံသေစံ၊ ပုံသေအိုင်ဒီယာတို့ဖြင့် မြန်မာ့အရေးကို အကဲဖြတ်ကြသည်။

စာရေးသူက ပညာရှင်တို့၏ ပုံသေအိုင်ဒီယာတို့သည် အလွန်လှပပါကြောင်း၊ အလွန်နားထောင်လို့ ကောင်းပါကြောင်း၊ စာရေးသူအနေဖြင့်ပင်လျှင် သည်ထက်လှပသည့် အိုင်ဒီယာတို့ကို ဖန်တီးထုတ်လုပ်နိုင်ပါကြောင်း၊ သို့သော် အဓိကပြဿနာမှာ ပညာရှင်တို့ ကြိုတင်ချက်ပြုတ် ထုတ်ပိုးထားသော အိုင်ဒီယာ Precook ၏ Prepackaged idea တို့သည် ပကတိ အစစ်အမှန်တို့ကြားထဲ၌ ကောက်ကွေးကုန်ပါကြောင်းဖြင့် ဝေဖန်ပြောဆိုသည့် ကြိုတင်မှန်းဆထားသော အိုင်ဒီယာတို့ ပုံစံပျက်သွားရပုံကိ ပြောပြသည်။

စာရေးသူက ပကတိအစစ်အမှန်ကို နက်နက်ရှိုင်းရှိုင်းနှင့် ကောင်းကောင်းမွန်မွန် စိစစ်သုံးသပ်နိုင်ရေး Deeper analysis of reality သည်သာ ပို၍ အထောက်အကူဖြစ်လိမ့်မည်ဟု အကြံပေးခဲ့သည်။

သူ့အရပ်နှင့် သူ့ဇာတ် Local Narratives တို့ဖြစ်မည်ကို ပြောပြသည်။

ဗဟိုချက်
အခြေခံအပြောင်းအလဲအကြောင်း အတော်ပြောကြသည်။ သို့ဖြစ်လျှင် အခြေခံအပြောင်းအလဲကို ဖြစ်စေမည့် နှစ်ရပ်သည် မည်သည့်ဖြစ်ရပ် ဖြစ်မည်နည်းဟု မေးစရာပေါ်သည်။ သမိုင်းအကွေ့အပြောင်းကို အဆုံးအဖြတ်ပေးမည့် ဖြစ်ရပ်တို့သည် မည်သည့်ဖြစ်ရပ် ဖြစ်မလဲဟု ရှာရမည်။ ဤသို့ရှာရာ၌ စိတ္တဇမစွဲဖို့ အရေးကြီးသည်။ အထက်တွင်ဖော်ပြသည့် ကြိုတင်ချက်ပြုတ် ကြိုတင်ထုတ်ပိုးပြီးသား ပုံသေစိတ်ကူးတို့ဖြင့် ရှာလို့မဖြစ်ပေ။ ယထာဘူတကျကျ လက်တွေ့ကျကျ ရှာရမည်။ သုတေသနစကားနှင့်ပြောလျှင် Focal Point ဗဟိုချက်ကို ရှာရခြင်းဖြစ်သည်။

ယခုသိပ်ပြီး နက်နက်နဲနဲ စဉ်းစားပြီး ခန့်မှန်းရန်မလိုတော့ပြီ။ ဤဗဟိုချက်ကို အထင်းသားကြီး မြင်နေရပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး၌ ထုးခြားချက်သက်သက်မဟုတ်။ မည်သည့်နိုင်ငံ၏ နိုင်ငံရေးတို့၌မဆို ရွေးကောက်ပွဲသည် ဗဟိုသော့ချက်ဖြစ်ကြသည်။ သေရေးရှင်ရေးတမျှ အရေးကြီးကြသည်။

ရွေးကောက်ပွဲကို ငြင်းပယ်သူသည် "နလပိန်းတုံး" Naive ဟု ဆိုရမည်။ စင်စစ် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ သင်ခန်းစာတစ်ရပ်ကို နက်နက်နဲနဲ ကြည့်သင့်သည်။ ၁၉၉၀ ပြည့်နှစ်၌ ရွေးကောက်ပွဲဝင်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိသောအခါ ရွေးကောက်ပွဲဝင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ကြရသည်။ ရွေးကောက်ပွဲကြောင့်လည်း နိုင်သောပါတီသည် လမ်းဘေးမရောက်ဘဲ ယခုအထိ နိုင်ငံရေးအနေဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

အစွန်အဖျား
ယခုလည်း ကြိုက်သော်ရှိ မကြိုက်သော်ရှိ၊ ပြည့်စုံသော်ရှိ မပြည့်စုံသော်ရှိ ရွေးကောက်ပွဲသည်သာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသည်။ တစ်ခုတည်းသော နည်းလမ်းကိုပင် နငယ်အမြီးတပ်ပြီး တိုသည်ရှည်သည်ဟု ချေးများနေလို့မဖြစ်ပေ။ ကိုယ့်ဇာတ်ညွှန်းနှင့်ကိုယ် သွားချင်လို့မဖြစ်ပေ။ ဇာတ်ညွှန်းမကြိုက်စေကာမူ ဇာတ်လမ်းထဲဝင်လာရမည့်သူ ဇာတ်ကောင်တွေ ဖြစ်နေသည်ကို သတိချပ်သင့်သည်။

ထို့အပြင် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးဖို့ကလည်း အရေးကြီးသည်။ ကိုယ့်ကိုယ်ကိုယ် အကဲခတ်မမှားဖို့လည်း အရေးကြီးသည်။ မြန်မာ့နိုင်ငံရေးတွင် အဓိကအဆုံးအဖြတ်ပေးသူသည် အင်စတီကျူးရှင်းဖြစ်နေသည့် အိုင်ဒီအိုလိုဂျီ မဟုတ်ပေ။ ပုဂ္ဂိုလ်မဟုတ်ပေ။ ပုဂ္ဂိုလ်တို့၏ အခန်းကဏ္ဍကလည်း ရွေးကောက်ပွဲဖြင့် ပုံဖော်မှ ပုံပေါ်မည်။ ရွေးကောက်ပွဲသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံရန်လိုသည်။ ထိုနည်းလမ်းမှ ဘေးဖယ်လျှင် ဖယ်သူသည် အစွန်အဖျား ရောက်သွားနိုင်သည်။ Marginalized ဟု ခေါ်သည်။ မဆီမဆိုင် မအပ်စပ် Irrelevant ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ရွေးကောက်ပွဲသည် ပါဝါအတွက် မဟုတ်သည့်တိုင်အောင် နိုင်ငံရေးပါတီနှင့် ခေါင်းဆောင်တို့ အစွန်အဖျား မရောက်ရေးအတွက်လည်း အရေးပါအရာရောက်နေသည်။ ရွေးကောက်ပွဲမှလွဲ၍ တခြားလမ်းမရှိဟုဆိုသော အမြင်သည် ကမ္ဘာ့အသိုင်းအ၀ိုင်းကလည်း လက်ခံသောအမြင် ဖြစ်ပုံရသည်။ ကမ္ဘာ့အသိုင်းအ၀ိုင်း၌ ရွေးကောက်ပွဲဆန့်ကျင်ရေး သဘောထားအမြင် မရှိသေး။ သူတို့သည် လူအ,တွေ မဟုတ်ပေ။ ရှေ့အမြော်အမြင် ရှိကြသည်။

[ရန်ကုန်တိုင်းမ်ဂျာနယ်၊ အတွဲ (၅) အမှတ် (၂၈)]

မောင်စူးစမ်း
ရွေးကောက်ပွဲနိုင်ငံရေး
စာမျက်နှာ - ၉၃ မှ ၉၉

No comments:

Post a Comment

 
Web Statistics