မြန်မာတို့က ဂျပန်ကို အကူအညီတောင်း၍ ပူးပေါင်းခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်သာ ဖြစ်ပေရာ လွတ်လပ်ရေး မရနိုင်တော့သည့်အခါ ဂျပန်ကို အမြန်ဆုံး တော်လှန်ရန်သာ ရှိပေတော့သည်။ မြန်မာကား အင်္ဂလိပ်လက်အောက်ခံမြန်မာ မဟုတ်တော့ဘဲ တပ်မတော်ကြီးနှင့်တကွ တိုက်ပွဲအတွေ့အကြုံရ၍ နိုးကြားတက်ကြွနေပြီဖြစ်ရာ ဂျပန်ကိုသာ မောင်းထုတ်ပြီးပါက ဗြိတိသျှအင်္ဂလိပ်တို့ လက်မှလည်း ရုန်းထွက်နိုင်ကြတော့မည်ကို နားလည်နေကြသည်။ မိမိတို့ အင်အားကိုလည်း တွက်ဆမိပြီး ဖြစ်လေသည်။ ထို့ကြောင့် လောလောဆယ် ရန်သူအား တိုက်ထုတ်ရေးအတွက် ရည်ရွယ်ချက်တူသော မဟာမိတ်တို့နှင့် ဆက်သွယ်ခြင်း ဖြစ်လေသည်။
မဟာမိတ်တပ်များမှာ ၁၃၀၆ ခုနှစ်မှစ၍ ဥရောပတွင်လည်း စစ်ရေးသာခဲ့ပြီးဖြစ်သဖြင့် မြန်မာနိုင်ငံကို ထိုးစစ်ဆင်ရန် ပြင်ဆင်ပြီးဖြစ်လေသည်။ မြောက်ပိုင်းတွင် လီဒိုမှ မိုးကောင်းကိုဖြတ်၍ တရုတ်-မြန်မာ လမ်းသစ်ကို ဖောက်လေသည်။ မဟာမိတ်တို့သည် မြစ်ကြီးနား၊ ဗန်းမော်တို့ကို သိမ်းပိုက်ခဲ့ကြလေသည်။
ထိုအချိန်၌ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖက်ဆစ်တော်လှန်ရေးအဖွဲ့သည် မြေအောက်စည်းရုံးရေးကို အပူတပြင်း ဆောင်ရွက်ကာ ကြိုတင်၍ ဖြန့်သင့်သော ဒေသများတွင် တပ်များဖြန့်၍ အရပ်ဝတ်အရပ်စားနှင့် တပ်ဖျောက်ထားလေသည်။ တိုင်းများခွဲ၍ တာဝန်ခွဲဝေရန်လည်း စီမံထားပြီး ဖြစ်လေသည်။
မြေပေါ်တွင် ဗမာ့တပ်မတော်၏ စည်းရုံးလှုပ်ရှား တက်ကြွပုံကိုကြည့်၍ ဂျပန်တို့သည် ထိတ်လန့်နေကြပေသည်။ သို့ရာတွင် မိမိနိုင်ငံ လွတ်လပ်ပြီဖြစ်၍ နယ်ချဲ့သမားများကို တိုက်ခိုက်ရာတွင် မိမိတို့ပါ တက်ကြွစွာ ပါဝင်တိုက်ခိုက်ရန် အားပြင်နေခြင်းဖြစ်ကြောင်းကို ဂျပန်တို့အား အယုံသွင်းထားလိုက်သဖြင့် ဂျပန်တို့လည်း ကျေနပ်၍နေလေသည်။
ဂျပန်တို့အား တော်လှန်ရန်အတွက် တော်လှန်ရေးခေါင်းဆောင်များ၏ လျှို့ဝှက်အစည်းအဝေးက ၁၉၄၅ ခု၊ ဧပြီလ ၂ ရက်နေ့ (၁၃၀၇ ခုနှစ်) ကို သတ်မှတ်ခဲ့လေသည်။ သို့ရာတွင် အပြင်ပန်း၌ အင်္ဂလိပ်ကို ချီတက်တိုက်ခိုက်ရန်ဟု အကြောင်းပြလျက် တာဝန်ခွဲဝေသော စစ်မိန့်ကို စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းက အတိအလင်း ထုတ်ပြန်ခဲ့လေသည်။ ထိုအမိန့်အရ ဗိုလ်မှူး မောင်မောင်၊ ဗိုလ်မှူးကြီး နေ၀င်း၊ ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်မှူးကြီး လက်ျာ၊ ဗိုလ်မှူး ကျော်ဇော၊ ဗိုလ်ကြီး တင်ထွန်း၊ ဗိုလ်မှူး ရဲထွတ်၊ ဗိုလ် မျိုးအောင်တို့ကို စစ်ကြောင်း ၇ ကြောင်းသို့ အသီးသီး စေလွှတ်လေသည်။
အခြေအနေကား အပြောင်းအလဲ မြန်ဆန်လှပေသည်။ ၁၃၀၆ ခုနှစ် (၁၉၄၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်) တွင် အင်္ဂလိပ်နှင့် မဟာမိတ်တပ်များက မြစ်ကြီးနားကို သိမ်းပိုက်၍ တရုတ်တပ်များက မရှေးမနှောင်းပင် ဗန်းမော်သို့ ၀င်ရောက်ခဲ့ကြလေသည်။ ၁၃၀၇ ခုနှစ် မကူးမီ ၁၉၄၅ ခုနှစ်ဦးတွင် မဟာမိတ်တို့သည် ရေကြောင်းမှ စစ်တွေကို သိမ်းပိုက်လေသည်။ မဟာမိတ် ထိုးစစ်မှာ အောင်ပွဲဆက်တိုက်ရနေသလောက်၊ ဂျပန်တို့မှာ မျက်ဖြူဆိုက်လျက်ရှိလေရာ ဗမာ့တပ်မတော်နှင့် နိုင်ငံရေးခေါင်းဆောင်တို့ကိုလည်း မယုံသင်္ကာဖြစ်၍ လာလေသည်။ တပ်တွင်း၌ ဂျပန်စစ်ဖက်နှင့် ဗမာ့တပ်မတော် ရဲဘော်တို့၏ အချင်းပွားမှု အနည်းငယ်မှာလည်း ဂျပန်တို့ကို မြန်မာတို့က သည်းမခံနိုင်တော့သည့် အရိပ်လက္ခဏာများဖြစ်ကြေားင်းကို ဂျပန်တို့ ရိပ်မိလေသည်။ ထို့ကြောင့် ဂျပန်တို့သည် ဗမာ့တပ်မတော်မှအစ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တို့ကို ထိတ်လန့်လှုပ်ရှားသောစိတ်နှင့် အရိပ်ကြည့်၍နေလေရာ ဤအတိုင်းသာနေပါက ဖက်ဆစ်တော်လှန်ရေးကို အန္တရာယ်ကြီးမားစွာဖြင့် ဖြိုခွင်းတော့မည့် အခြေအနေသို့ နီးကပ်၍ နေလေတော့သည်။ အင်္ဂလိပ်တပ်များလည်း ရွှေဘိုမှ ချီတက်လာရာ မတ္တရာအနီးသို့ပင် ရောက်လုနေပြီ ဖြစ်လေသည်။
Thursday, March 11, 2010
ဖက်ဆစ်တော်လှန်ရေးခေတ် (၁)
Posted by Ko Nyan Posted Time 9:37 PM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment