(၁)
မရှိတာထက် မသိတာခက်။
မသိတာထက် မသိချင်တာခက်။
မသိချင်တာထက် .............ခက်။
(၂)
ဟိုးအခေါင်အဖျားက သစ်ခွပန်းကို ခက်ခက်ခဲခဲ တက်ခူးပြီးမှ ရခဲ့တာမို့ တန်ဖိုးထားသတဲ့။
အဲဒီသစ်ခွပန်းကိုပဲ တစ်ယောက်သူက လက်ဆောင်ပေးတဲ့အခါကျတော့ လွယ်လွယ်ရလို့ ပေါတယ်ထင်ကြပြန်တယ်။
(၃)
ဘယ်ခလုတ်ကိုနှိပ်ရင် ဘယ်မီးလင်းတယ်ဆိုတာ သိထားရင် သူများကို ခိုင်းစားလို့ရပြီတဲ့။
အင်း၊ မီးပျက်နေတာ သူမသိရှာဘူး ဆိုတဲ့အတွေးနဲ့ ကျွန်တော်သူ့ကို သနားနေမိတယ်။
(၄)
ညဘက်တွေမှာ ကျွန်တော်ဘာကြောင့် အိပ်မပျော်ရသလဲဆိုတာကို စဉ်းစားမိတိုင်း ကျွန်တော်အိပ်လို့ မပျော်ဘူး။
(၅)
မင်းဆိုတဲ့ကောင်က ဘာတန်ဖိုးမှ မရှိတဲ့ကောင်ပဲလို့ တစ်ယောက်သောသူက ပြောလာတယ်။
အဲဒီတော့မှ ကျွန်တော်ဟာ မသိကိန်းတစ်လုံးပါလားဆိုတာကို သဘောပေါက်သွားတယ်။
ညီမျှခြင်းတစ်ဖက်က သုညဟာ စောစောကပြောတဲ့လူ မဟုတ်တန်ကောင်းဘူးလို့လည်း တွေးနေမိတယ်။
(၆)
ကိုယ့်ကို မချစ်မှန်းသိနေကြသူတွေကပဲ "ချစ်လား" ဆိုတဲ့မေးခွန်းကို ခဏခဏမေးတတ်ကြတာတကား။
(၇)
စာအုပ်ထူထူတစ်အုပ်ကို မြင်တဲ့အချိန်မှာ "ခေါင်းအုံးလုပ်ပြီး အိပ်လိုက်ရရင်" ဆိုတဲ့အတွေးက ပထမဆုံးပေါ်လာတယ်ဆိုရင် သေချာပေါက် အနားယူဖို့ လိုအပ်နေပြီဆိုတာကို သတိရပါ။
(၈)
မင်းလိုမျိုး အားအားယားယား လျှောက်တွေးမနေနိုင်ပါဘူး။ အလုပ်အကိုင်ပျက်တယ်လို့ တစ်ယောက်က ပြောဖူးတယ်။
မတွေးတဲ့အတွက် သူ့အလုပ်တွေပျက်မှာကိုတော့ သူတွေးမိပုံမရဘူး။
(၉)
တစ်ရက်ပျော်ချင်ရင် အရက်သောက်
တစ်လပျော်ချင်ရင် အိမ်ထောင်ပြု
တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်တဲ့
ဘယ်ပညာရှိက ပြောသွားသလဲဆိုတာ အတိအကျ ကျွန်တော်မသိပါဘူး။
ဒါပေမယ့် စိုက်ထားတဲ့အပင်လေးတွေကို သူများခုတ်သွားတဲ့အခါ ဘယ်လောက်ကြာကြာ ၀မ်းနည်းရမလဲဆိုတာကျတော့ အဲဒီပုဂ္ဂိုလ်ကြီးက ထည့်မပြောသွားဘူး။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၁ နာရီ ၃၃ မိနစ်တွင်ပြီး၏။
No comments:
Post a Comment