Wednesday, March 17, 2010

ရယ်မောပျော်ရွှင်ကြပါဦး


ကျွန်တော့်ဘလော့ဂ်မှာ တင်ပေးသမျှကလည်း ခပ်လေးလေးတွေပဲများတော့ ပုံမှန်ဖတ်ရှုသူအချို့ဆိုရင် မဖတ်ပဲမနေနိုင်လို့သာ လာဖတ်ရတယ်၊ စာတွေက အကုန်လုံးနီးနီး အလေးအပင်တွေချည်းပဲဆိုတော့ တစ်ခါတလေ စိတ်ညစ်မိပါတယ်တဲ့။ အင်း၊ ဟုတ်ပေမှာပါပဲ။ အဲဒါကြောင့်လည်း ရယ်စရာ၊ ပျော်စရာ၊ ပြုံးစရာလေးတွေကို တင်ပေးလိုက်ပါတယ်နော်။ ရယ်မောပျော်ရွှင်ကြပါဦး။ မောင်ကောင်းထိုက်(နှီးပဒေါ)ရဲ့ ဟာသတွေပါပဲ။ ကောင်းနိုးရာရာတွေကို ထုတ်နုတ်ကူးယူပေးထားတာပါ။ -------------------------- [ကိုဉာဏ်]

လျှို့ဝှက်ချက်ကို ထိန်းသိမ်းပါ
တွေးခေါ်ရှင် အရစ္စတိုတယ်က အလက်ဇန်းဒါးဘုရင်ကို ပြောသည်။
"ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို လူနှစ်ယောက်ကို တစ်ပြိုင်တည်း မပြောပါနဲ့၊ အဲဒီလျှို့ဝှက်ချက် ပေါက်ကြားသွားရင် ဘယ်သူတရားခံလဲဆိုတာ သိနိုင်မည်မဟုတ်။ နှစ်ယောက်စလုံးကို အပြစ်ပေးပါက အပြစ်မရှိသူ နစ်နာရမည်။ နှစ်ယောက်စလုံးကို ခွင့်လွှတ်လိုက်ပါလျှင်လည်း အပြစ်မရှိသူကို သူကောင်းပြု ချီးမြှောက်ရာရောက်မည် မဟုတ်ပါ"

သားသတ်သမား
ဒါရာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ရန် အလက်ဇန်းဒါးဘုရင် ပြင်ဆင်သည်။ ဒါရာဘုရင်က ဆက်သားစေလွှတ်ပြီး သတိပေးသည်။
"ဒါရာမှာ ငါတစ်ယောက်တည်းမဟုတ်၊ ငါ့နောက်မှာ အင်အား (၇)သောင်းရှိတယ်ဆိုတာ မမေ့ပါနဲ့"
အလက်ဇန်းဒါး အကြောင်းပြန်သည်။
"သိုးအုပ်နဲ့ သားသတ်သမားကိုခြောက်လို့ ကြောက်မယ်မထင်နဲ့"

ကြက်ဖကို အတုယူ
"စကားများများပြောလျှင် အကျိုးရှိပါသလား" ဟု တရုတ်တွေးခေါ်ရှင် မိုစီ (၄၇၉-၅၀၀ ဘီစီ) ကို တပည့်တစ်ဦးကမေးရာ ၎င်းကဖြေသည်-
"အဓိပ္ပါယ်မရှိတဲ့ စကားချည်းပြောနေလို့ ဘာအကျိုးရှိမှာလဲ၊ ဥပမာ ဖားကိုကြည့်၊ ဖားဟာ နေ့ညမရွေးအော်နေတယ်၊ အော်ရလွန်းလို့ သူ့ပါးစပ်တောင် ခြောက်နေပြီ၊ ဒါပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ဘူး၊ အဲ... ကြက်ဖကျတော့ မနက်ပိုင်းမှာ နှစ်ခါ သုံးခါပဲ တွန်တယ်။ ဒါပေမယ့် လူတွေအားလုံး သူတွန်တာကို ဂရုတစိုက် နားထောင်ကြတယ်၊ မိုးလင်းပြီဆိုတာကို သိကြတာကိုး၊ ဒါကြောင့် အဓိပ္ပါယ်ရှိတာကိုပဲ ပြောသင့်တယ်"

ပိုကြိုက်တဲ့မေးခွန်း
ရောမခေတ်စာရေးဆရာ ကန်တွန်စီနီယာ (၂၃၄-၁၄၉ ဘီစီ) ကို ၎င်း၏ ပရိသတ်တစ်ဦးက ပြောသည်။
"ရောမမြို့မှာ ဆရာကြီးရဲ့ ရုပ်တုကို မစိုက်ထူသေးတာ ဘယ်လိုမှ နားမလည်နိုင်ဘူး၊ တစ်ခုခုတော့ လုပ်မှဖြစ်မယ်"
"ဘာမှ လုပ်မနေနဲ့၊ ကန်တွန်ရဲ့ ရုပ်တုကို ဘာဖြစ်လို့ စိုက်ထူထားရသလဲ ဆိုတဲ့မေးခွန်းထက် ဘာဖြစ်လို့ ကန်တွန်ရဲ့ရုပ်တု မရှိရသေးတာလဲ ဆိုတဲ့မေးခွန်း မေးတာကို ကျုပ်ပိုကြိုက်တယ်"

လက်တွေ့ကျတဲ့ သင်္ချာဆရာ
ဂရိသင်္ချာပညာရှင်ကြီး အက်ဖ်ကလီးဒီစ် (ဘီစီ ၃ ရာစုခန့်) ကို တစ်နေ့သော် ၎င်း၏ဆရာဖြစ်သူက မေးသည်။
"ဆိုကြပါစို့၊ ပန်းသီးနှစ်လုံး ဒါမှမဟုတ် ထက်ခြမ်းခွဲထားတဲ့ ပန်းသီးလေးစိတ်ကို ကြိုက်တာယူပါလို့ပြောရင် မင်းဘာကိုယူမလဲ"
တပည့်ဖြစ်သူ မဆိုင်းမတွဖြေသည်။
"ခွဲထားတဲ့လေးစိတ်ကို ယူပါမယ်"
"ဘာဖြစ်လို့လဲ၊ နှစ်လုံးနဲ့ လေးစိတ်ဟာ အတူတူပဲ မဟုတ်လားကွဲ့"
နောက်ပိုင်းတွင် သင်္ချာပညာရှင်ကြီး ဖြစ်လာမည့် တပည့်ကျော်က ဤသို့ဖြေသည်။
"အတူတူဖြစ်တယ်လို့ မပြောနိုင်ပါဘူး ဆရာကြီး၊ အလုံးလိုက်ယူလိုက်ရင် အထဲမှာ ပိုးရှိ-မရှိ ကျွန်တော် ဘယ်လိုလုပ် သိနိုင်ပါ့မလဲခင်ဗျာ"

ကျွန်တော့်အတိုင်းပြောပါ
တက်ရောက်လာသည့် ဧည့်သည်တော်အမျိုးသမီးကို ထမင်းစား,စားပွဲသို့ တွဲခေါ်ရင်း မတ်တွိမ်းက ပြောသည်။
"ဒီနေ့ ခင်ဗျားသိပ်လှတာပဲဗျာ"
ကျေးဇူးတင်စကား ပြောရကောင်းမှန်းမသိသည့် အမျိုးသမီးက ပြန်ပြောသည်။
"ရှင့်ကို အလားတူစကားမျိုး မပြောနိုင်တဲ့အတွက် ၀မ်းနည်းပါတယ်"
မတ်တွိမ်း ပြုံးရယ်ပြီး အကြံပေးလိုက်သည်။
"မခက်ပါဘူး၊ ကျွန်တော့်လိုပဲ လိမ်ပြောလိုက်ပေါ့"

နောက်ကျသွားပြီ
ပြင်သစ်ဂီတစာဆို အောဘာသည် ပဲရစ်သို့ ရောက်လာသည့် ဗတ်ဂနာနှင့် တွေ့ဆုံသည်။ ဗတ်ဂနာကို ၎င်းက ရယ်ရယ်မောမောနှင့်ပြောသည်။
"နှစ်ပေါင်းသုံးဆယ်နီးပါးကြာမှ ကျွန်တော့်မှာ ဂီတပညာ မယ်မယ်ရရ မရှိဘူးဆိုတာ သိရတော့တယ်ဗျာ"
ဗတ်ဂနာ ပြန်မေးသည်။
"သိတော့ ဂီတလောကကို စွန့်ခွါလိုက်ရောလား"
"ဟင့်အင်း၊ အဲဒီအချိန်မှာ ကျွန်တော် နာမည်ကြီးနေပြီ"

သေသည်အထိ ယဉ်ကျေးသူ
ကမ္ဘာပေါ်တွင် ပြင်သစ်လူမျိုးသည် အယဉ်ကျေးဆုံးဟု သတ်မှတ်ကြသည်။ ဤအချက်ကို စာရေးဆရာမ ကားပလက် မမျှော်လင့်ဘဲ ပဲရစ်မြို့ သင်္ချီုင်းဟောင်းတစ်ခုတွင် တွေ့ခဲ့ရသော အုတ်ဂူပေါ်က စာတန်းက သက်သေထူလေသည်။
စာတန်းမှာ ဤသို့ဖြစ်သည်။
"ကျွန်ုပ်အနားယူသောနေရာသို့ မိတ်ဆွေရောက်လာချိန်တွင် ထပြီးမကြိုနိုင်သည့်အတွက် တောင်းပန်ပါသည်"

အစားရှောင်တဲ့မတ်တွိမ်း
တစ်နေ့ မတ်တွိမ်း နေမကောင်းဖြစ်သည်။ ဆရာဝန်က အစားအသောက်ရှောင်ရမည်၊ တစ်နေ့ကို နွားနို့တစ်ခွက်နှင့် မုန့်ခြောက် ၂-ခုထက် ပိုမစားရဟု ပြောသည်။
မတ်တွိမ်းက အံ့သြသံဖြင့် ပြန်မေးသည်။
"နည်းလှချည်လား ဒေါက်တာ"
"ခင်ဗျားရောဂါက ဒီထက်ပိုစားရင် အန္တရာယ်ရှိတယ်ဗျ"
"အင်းလေ၊ ဒီလိုဆိုတော့လည်း မတတ်နိုင်ပါဘူး၊ ကျွန်တော့်ကို တံဆိပ်ခေါင်းတစ်လုံးသာ ပေးပါ"
"ဘာလုပ်ဖို့လဲ"
"ညကျရင် စာနည်းနည်းဖတ်မလို့"

သနားတတ်သူ
စာရေးဆရာနှင့် အနုပညာရှင်များ၏ ညစာစားပွဲတစ်ခုတွင် ထုံးစံအတိုင်း ရုရှားစာရေးဆရာကြီး ဂေါ်ကီ (၁၈၆၈-၁၉၃၈) သီချင်းဆိုပြသည်။ ၀ိုင်းတွင်ရောက်နေသော ချက်ကော့ကို ၀ိုင်းမေးကြသည်။
"ဂေါ်ကီဟာ ဘာဖြစ်လို့ မျက်စိပိတ်ပြီး သီချင်းဆိုတာလဲဟင်"
ချက်ကော့ ပြန်ဖြေသည်။
"သူ့ဆီမှာ ကြင်နာတတ်တဲ့ အသည်းနှလုံးရှိတယ်လေ။ သူများတွေ ခံစားရတာကို သူ မကြည့်ရက်ဘူးဗျ"

No comments:

Post a Comment

 
Web Statistics