နှစ်ပါတီစနစ် (Two-Party System)
နှစ်ပါတီစနစ်ဟု ခေါ်ဝေါ်နေကြသော်လည်း စင်စစ်မှာ ပါတီစုံစနစ်ပင်ဖြစ်သည်။ ပါတီစုံထဲမှ ရှေ့ဆုံးသို့ရောက်လာသော နှစ်ပါတီသည် အစိုးရအာဏာကို တစ်လှည့်တစ်ပြန်စီ ရယူနေကြသည်ကို နှစ်ပါတီစနစ်ဟု ခေါ်ဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကင်ပါတီအပြင် ပါတီငယ်များစွာ ရှိသေးသည်။ အမေရိကန်ကွန်မြူနစ်ပါတီဟူ၍ပင် တည်ရှိသည်။ သမ္မတရွေးကောက်ပွဲတွင်လည်း နှစ်ပါတီအပြင် အခြားနှစ်ဦး၊ သုံးဦးခန့် အမြဲပါဝင်ယှဉ်ပြိုင်ကြသည်။ သို့သော် မဆိုစလောက်မဲမျှသာ ရရှိကြသည်။ ဗြိတိန်တွင်လည်း ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ စသည်ဖြင့် ပါတီစုံရှိသည်။ သို့သော် တိုရီပါတီခေါ် ကွန်ဆာဗေးတစ်ပါတီနှင့် လေဘာပါတီတို့သာ တစ်လှည့်စီအာဏာရနေကြ၍ နှစ်ပါတီစနစ်သဖွယ် ဖြစ်နေသည်။
မင်းဆိုးအုပ်ချုပ်ရေးစနစ် (Tyranny)
မင်းဆိုးမင်းညစ်အုပ်ချုပ်ခြင်းကိုလည်း Tyranny ဟု ခေါ်သည်။ ဘုရင်စနစ်မဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဆိုးညစ်စွာ ဖိနှိပ်ချုပ်ချယ်စိုးမိုးနေခြင်းကိုလည်း Tyranny ဟူ၍ပင် သုံးနှုန်းသည်။ မင်းဆိုးစနစ်တွင် အဓိကအကျဆုံးမှာ တရားဥပဒေ၏အထက်တွင် အာဏာရှိသူများက လွှမ်းမိုးခြယ်လှယ်နေခြင်း ဖြစ်သည်။ ဥပဒေအလိုထက် စိုးမိုးအုပ်ချုပ်နေသူ၏ အလိုအတိုင်း ဆောင်ရွက်အကောင်အထည် ဖော်ကြရသည်။ မင်းဆိုးအုပ်ချုပ်ရေးသည် လူအများ၏ ချစ်မြတ်နိုးခြင်းကို အလေးမထား။ လူအများကကြောက်ရွံ့ပြီး အရာခပ်သိမ်းကို နာခံနေကြစေရန်သာ အဓိကထားသည်။
လူများစုဖြင့် နိုင်လိုမင်းထက်ပြုမှု (Tyranny of Majority)
မင်းဆိုးအုပ်ချုပ်ရေးတွင် ဖိနှိပ်ချုပ်ချယ်စိုးမိုးသူသည် အာဏာအားလုံးကို ကိုယ်တွယ်ထားနိုင်စွမ်းရှိသော လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း ဖြစ်သည်။ လူများစုဖြင့် နိုင်လိုမင်းထက် ပြုသည့်စနစ်တွင်မူ အာဏာသည် မည်သူ့လက်ထဲတွင် ရှိသည်ဟူ၍ပင် မသိနိုင်ဘဲ လူအုပ်စုများက စိတ်လိုက်မာန်ပါ ဆုံးဖြတ်သည့်အတိုင်း အဆိုးအကောင်းအားလုံး ဖြစ်မြောက်သွားတော့သည်။ အချို့တိုင်းပြည်များတွင် လူမျိုးစုဦးရေ အနည်းအများကိုလိုက်၍ လူဦးရေများပြားသူများက လူဦးရေနည်းပါးသူများအား အနိုင်ကျင့်စိုးမိုးမှုများလည်း ရှိခဲ့သည်။ ဂျွန်စတူးဝပ်မီးလ်က အချိုးကျကိုယ်စားလှယ်အက်ဆေးတွင် နည်းလမ်းပေးခဲ့သည်။
ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၆) အမှတ် (၁၁)
မတ် ၁၈-၂၄၊ ၂၀၁၀
စာမျက်နှာ - ၁၂
No comments:
Post a Comment