Wednesday, March 17, 2010

ဝါးလုံးရှည်နဲ့ရမ်းလို့တောင် မနိုင်အောင်ဖြစ်နေလို့ - လူထုစိန်ဝင်း


မရောက်တာအတော်ကြာပြီဖြစ်တဲ့ တပည့်ကျောင်းသူဟောင်းငါးယောက် အတူရောက်လာကြပါတယ်။ "ဘယ်ပျောက်နေကြတာလဲ၊ မလာတာကြာပြီ"လို့ ပြောလိုက်တော့ ခပ်သွက်သွက်တစ်ယောက်က "ဆရာမကြိုက်တဲ့အလုပ်တွေ လုပ်နေကြတာလေ" လို့ ၀င်ပြောလိုက်ပါတယ်။

အတ္တအတွက်လုပ်သူတွေကိုပြောတာ
"ဆရာမကြိုက်တဲ့ အလုပ်ဆိုတာ ဘာများပါလိမ့်" "ပရဟိတ အလုပ်တွေပေါ့ဆရာရဲ့" "အလိုလေး စကားကို ရှင်းအောင်ပြောပါကွယ်၊ ပရဟိတအလုပ်ကို မကြိုက်ဘူးလို့ တစ်ခါမှ မပြောဖူးဘူး" "ဆရာပဲ NGO အလုပ်တွေဟာ အတ္တအတွက်လုပ်တဲ့ ပရဟိတအလုပ်တွေလို့ ရေးခဲ့ပြီးတော့"

"အတ္တအတွက်လုပ်သူတွေကို ပြောတာပါကွယ်။ ပရဟိတစစ်စစ် လုပ်တဲ့သူတွေကိုပြောတာ မဟုတ်ပါဘူး။ နေပါဦး မင်းတို့က ဘာတွေလုပ်နေကြလို့လဲ"

"ကလေးတွေကို လိုက်စာသင်တယ်။  စာကြည့်တိုက်တွေ ထောင်ပေးတယ်။ ကြွပ်ကြွပ်အိတ်တွေ မသုံးဖို့ ဆော်သြတယ်"

" ဒါတွေက ကောင်းတာတွေပဲ။ ဆရာမကြိုက်တာတွေ မဟုတ်ပါဘူး"

"သိသားပဲ…၊ တမင်သက်သက် ပြောလိုက်တာ"

ဆိုင်းဘုတ်မတပ်တဲ့သူတွေ
NGO လုပ်စားတဲ့အကြောင်းတွေ ရေးခဲ့ဖူးတာသိလို့ တပည့်တွေက တမင်ကျီစယ်လိုက်တာပါ။ သူတို့တစ်တွေက သင်တန်းတက်နေတဲ့ကာလ တက္ကသိုလ်ကျောင်းသူ ဘ၀ကတည်းက လူမှုဝန်ထမ်းအလုပ်တွေ စိတ်ဝင်စားသူတွေ ဖြစ်ကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ စာသွားသင်ကြ၊ ဘိုးဘွားရိပ်သာသွားပြီး လုပ်အားပေးကြ၊ မိဘမဲ့ဂေဟာက ကလေးတွေအတွက် အင်္ကျီအ၀တ်အစားတွေ စုဆောင်းကြနဲ့ တက်တက်ကြွကြွ လုပ်ခဲ့ကြသူတွေ ဖြစ်တယ်။ ကျောင်းပြီးလို့ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်တွေထဲ ရောက်သွားကြတော့လည်း နီးစပ်ရာသူငယ်ချင်းတွေစုပြီး တတ်နိုင်သလောက် ဆက်လုပ်ကြတယ်။ နာဂစ်ဘေးဆိုးကြီး ကျရောက်လာတော့ သူတို့ ပိုစုစည်းမိသွားပြီး ပရဟိတအလုပ်တွေကို ပုံမှန်လုပ်ဖြစ်နေကြတယ်။ အ၀န်းအ၀ိုင်းကလေးလည်း ပိုပြီး ကျယ်ပြန့်ကြီးမားလာခဲ့တယ်။ ဒါပေမယ့် ဘာအဖွဲ့အစည်းဆိုင်းဘုတ်မှ မတပ်ပါဘူး။ ခေါင်းဆောင်တို့၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့လည်း မရှိပါဘူး။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေစုပြီး တိုင်ပင်လုပ်ကိုင်ကြတာပဲဖြစ်တယ်။

ဂရန့်နဲ့ ပရိုပိုဆယ်
သူတို့အဖွဲ့က ဆိုင်းဘုတ်တပ်မထားပေမယ့် တော်တော်လေး အလုပ်လုပ်ကြတာ ဖြစ်လေတော့၊ တဖြည်းဖြည်းနဲ့ လူသိများလာပါတယ်။ အထူးသဖြင့် နာဂစ်ဒေသတွေမှာ သွားလာလုပ်ကိုင်ကြတော့ အဖွဲ့အစည်းပေါင်းစုံက သူတို့ကို သိလာကြတယ်။ အခု သူတို့တစ်တွေ ရောက်လာကြတာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်ချင်ကြလို့ဖြစ်တယ်။ အဖွဲ့အစည်းတချို့က သူတို့ကို လာရောက်ဆက်သွယ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့၊ သူတို့ဆီက "ဂရန့်" (Grant)လို့ ခေါ်ကြတဲ့ ထောက်ပံ့မှုလက်ခံပြီး ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ကမ်းလှမ်းကြတယ်လို့ ဆိုပါတယ်။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတဲ့ လုပ်ငန်းစီမံချက် "ပရိုပိုဆယ်" ရေးပြီးတင်ပြရင် သူတို့က "ဂရန့်" ချပေးမယ်လို့ပြောကြောင်း ရှင်းပြကြတယ်။

မျောက်ဖြစ်ခံကြတော့မှာလား
"သူတို့ဂရန့်နဲ့ဆို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မလားလို့ စဉ်းစားမိကြတယ်။ အဲဒါကြောင့် ဆရာ့ဆီ လာတိုင်ပင်တာပါ"

"မင်းတို့ မျောက်အဖြစ်ခံကြတော့မှာပေါ့လေ၊ အခုတောင် အမြီးလေးတွေ ထွက်စပြုနေပြီလား၊ မေးကြည့်ကြပါဦး"

"မျောက်ပြဆန်တောင်း မလုပ်တဲ့ အင်ဂျီအိုတွေလည်း ရှိပါတယ် ဆရာရဲ့"

"ရှိပါတယ်။ မန္တလေးဗြဟ္မစိုရ်ကစလိုက်ပြီး တစ်ပြည်လုံး မြို့ရွာအနှံ့ ပေါ်ထွက်လာတဲ့ နာရေးကူညီမှုအသင်းတွေ၊ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ၊ အေ့ဒ်စ်ရောဂါ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွေ ရှိပါတယ်။ အဲဒါတွေ အားလုံးလိုလိုဟာ ပြည်တွင်းက မြန်မာလူမျိုးတွေရဲ့ လှူဒါန်းမှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေကြတာချည်းပါပဲ။ ဘယ်သူ့ဆီက "ဂရန့်"တွေမှ မယူပါဘူး"

သဒ္ဓါတရားကြီးမားတဲ့လူမျိုး
အဲဒါအမှန်ဖြစ်ပါတယ်။ မန္တလေးဗြဟ္မစိုရ်ဆိုတာ အမေလူထုဒေါ်အမာကိုယ်တိုင် နာယကအဖြစ် ဦးဆောင်နေတာဆိုတော့၊ ကူညီပါရစေဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မနည်းပါဘူး။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်ကမ်းလှမ်းကြပါတယ်။ ဒါပေမယ့် ဗြဟ္မစိုရ်ကဘယ်သူ့ဆီက "ဂရန့်"ကိုမှ လက်မခံပါဘူး။ မြန်မာလူမျိုးတွေ လှူကြ၊ တမ်းကြတာတွေနဲ့ပဲ ရပ်တည်ခဲ့ပါတယ်။ ရှေ့က မှန်မှန်ကန်ကန် ရိုးသားပွင့်လင်းစွာ လုပ်ပြနိုင်ရင် အင်မတန် စေတနာသဒ္ဓါတရား ထက်သန်ကြီးမားတဲ့ မြန်မာလူမျိုးများဆီက အလှူငွေတွေ ဟောကနဲ ဟောကနဲ ၀င်ရောက်လာတာ အံ့သြစရာတောင် ကောင်းလှပါတယ်။ အခုဆိုရင် ဗြဟ္မစိုရ်ဟာ နာရေးကူညီရုံသာမက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေပါ အရှိန်အဟုန် ကြီးကြီးမားမားနဲ့ ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။

အင်ဂျီအိုပွဲစားတွေ
အင်ဂျီအိုတွေနဲ့ပတ်သက်ပြီး မကြာမကြာ ပြင်းပြင်းထန်ထန် ရေးနေရတဲ့အကြောင်းက နာဂစ်ကိုအကြောင်းပြုပြီး ဘီလျံနာဖြစ်လောက်တဲ့အထိ လုပ်စားသွားသူတွေ တစ်ယောက်ပြီးတစ်ယောက် မျက်စိအောက်မှာ မြင်တွေ့နေရလို့ ဖြစ်တယ်။ ဒီအကျင့်က ရန်ကုန်လို မြို့ကြီးပြကြီးက လူငယ်တွေအထိ ကူးစက်ပျံ့နှံ့နေတာလည်း တွေ့နေရတယ်။ အကြောင်းအမျိုးမျိုးပြ၊ အမည်အမျိုးမျိုးတပ်တဲ့ ဆိုင်းဘုတ်တွေ ရန်ကုန်မှာ အတော်များနေပါပြီ။ တကယ်တော့ မြန်မာတွေက မျောက်အဖြစ် အသုံးချခံရတာပါ။ နိုင်ငံခြားသားတွေက သူတို့ကိုပြပြီး တစ်ဖက်မှာ အလှူခံကြတာဖြစ်တယ်။ သူတို့ရတဲ့ အလှူငွေထဲက မဖြစ်စလောက် အစွန်းထွက်လေးကိုပေးပြီး ပြည်တွင်းကလူတွေကို အလုပ်လုပ်ခိုင်းကြတယ်။ ပြည်တွင်းက မြန်မာနဲ့ နိုင်ငံခြားသားတွေကို ပွဲစားလုပ်ပြီး ချိတ်ဆက်ပေးတာကတော့ အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံခြား ရောက်နေကြတဲ့ မြို့ကြီးသား ပညာတတ်လူတွင်ကျယ် "အီလစ်" တွေ ဖြစ်ပါတယ်။ အဲဒီလို "အင်ဂျီအိုပွဲစား" အီလစ်တွေ ဒီဘက်ပိုင်းမှာ တော်တော်များလာတာ တွေ့ရတယ်။ ပွဲခမျက်မျက်ကလေး ရကြတာကိုး။

မကောင်းတဲ့နမူနာမပြနဲ့
ပြည်တွင်းကအီလစ်တွေနဲ့ နိုင်ငံခြားက မြန်မာအီလစ်တွေပေါင်းပြီး အင်ဂျီအိုလုပ်စားတာက ကိစ္စမရှိဘူး။ သူတို့က လူငယ်လေးတွေကို စည်းရုံးသိမ်းသွင်းပြီး အသုံးချနေကြတာဖြစ်လို့ လူငယ်တွေပါ "လုပ်စား"တဲ့ အတတ်ကို အဟုတ် မှတ်သွားကြမယ့် အန္တရာယ်ရှိပါတယ်။ အဲဒါကြောင့် တပည့်မငါးယောက်ကို လူငယ်လေးတွေအတွက် မကောင်းတဲ့ နမူနာ မပြမိကြစေဖို့ ဘယ်သူ့ဆီက "ဂရန့်"မှ လက်မခံပါနဲ့။ ဘာ"ပရိုပိုဆယ်"မှ မတင်ပါနဲ့လို့ ပြောလိုက်တာဖြစ်တယ်။ ဘာမှမသိဘဲ "၀ါးလုံးရှည်နဲ့ သိမ်းကျုံးရိုက်တာ မဟုတ်ဘူး။ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးယမ်းလို့တောင် မနိုင်အောင်ဖြစ်နေကြလို့ ပြောတာဖြစ်တယ်။ ပြည်တွင်းပြည်ပက မြန်မာအီလစ်တွေ ခေါင်းပေါ်တင်ပြီး ကိုးကွယ်ဆည်းကပ်နေကြတဲ့ သူတို့ရဲ့ ဆရာသခင် နိုင်ငံခြားသားအတော်များများကိုပါ ရင်းရင်းနှီးနှီး သိကျွမ်းနေတာကြောင့် "ဂရန့်" ဆိုတာတွေရဲ့ အရင်းအမြစ်တွေထိ ကောင်းကောင်းကြီးသိနေလို့ ပြောလိုက်တာပါ။

အင်ဂျီအို လုပ်မစားသူတွေတော့ နာစရာမရှိပါဘူး။

Weekly Eleven News Journal
အတွဲ (၅) အမှတ် (၂၃)
March 15, 2010

2 comments:

  1. ကျနော် ဆရာကြီးလူထုစိန်ဝင်းစာတော်တော်များများကို သဘောကျတယ် လေးစားတဲ့အထဲမှာလဲပါတယ် ဗျ။ ဒါပေမယ့် ဆရာကြီးစာကို ဖတ်တိုင်းကျနော်ရင်ထဲမှာ မတင်မကျဖြစ်ခဲ့တာ တစ်ခုက ဆရာကြီးက အင်္ဂလိပ်စကားလုံးတွေကို မြန်မာ အသံထွက် အတိုင်းရေးလေ့ရှိတယ် ကွင်းစကွင်းပိတ်နဲ့ အင်္ဂလိပ်လိုကို တိုက်ရိုက် ထည့်ပြီးဖော်ပြထားတာ မတွေ့ရဘူး ဥပမာ အီလစ် တို့ ဘာတို့ အစရှိတဲ့စကားလုံးတစ်ချို့ ကိုပေါ့ ... သူ့စာတော်တော်များများမှာ အဲဒါမျိုးတွေ အမြဲတွေ့နေရတယ် ။ မြန်မာစာသာတတ်ပြီးအဂ်လိပ်စာ မတတ်တဲ့ မြန်မာတစ်ယောက်က ဆရာကြီးစာကို ဖတ်ရင် မြန်မာ စာကို မြန်မာ နားမလည်သလိုဖြစ်နေတာ အတော် ဆိုးတယ်။ ဆရာကြီးကလဲ မြန်မာပြည်မှာ လူတိုင်းနီးနီးအင်္ဂလိပ်စာတတ်တယ်လို့များ ယူဆထားလေသလား ။ ဒါမှ မဟုတ် သူ့စာဖတ်သူတိုင်းက အဂ်လိပ်စာ တတ်ကြတယ်လို့များယူဆထားလေသလားဆိုတဲ့ မေးခွန်းက ကျနော် အတွေးထဲမှာ အမြဲ နှောက်ယှက်နေတတ်တယ်။ တကယ်လို့များ ဆရာကြီးနဲ့ နောက်ထပ်ဆုံခွင့်ရရင်တော့ အဲဒီအကြောင်းတွေ ကို ပြောပြချင်သေးတယ်။ လောလောဆယ်တော့ ကိုဥာဏ်ဘလောခ်မှာ ပဲ ကျနော် အတွေး စ တစ်ချို့ ကို အမှတ်တရ အနေနဲ့ ရေးခဲ့ပါတယ်။
    ကျနော် ဆရာကြီးကို လေးစားပါတယ် ။ ကျနော်လေးစားတဲ့ ဆရာတစ်ယောက်ရေးတဲ့စာကို မြန်မာစာ ဖတ်တတ်သူတိုင်းနားလည်စေချင်တဲ့ဆန္ဒရှိတာ အမှန်ပဲ ။ ဒါပေမယ့် ဘယ်အရာကြောင့်မှတော့ လေးစားမှုတွေက ရပ်တန့်သွားမှာမဟုတ်ပါဘူး

    ခင်မင်လျက်
    HM

    ReplyDelete
  2. ရေးဖို့ကျန်သွားလို့

    သာမန်လူတစ်ယောက်က အင်္ဂစကားလုံးကို မြန်မာအသံထွက်နဲ့ရေးရင်ဘာမှမဟုတ်ပေမယ့် ဆရာကြီးလိုလူတစ်ယောက်ရေးတဲ့စာအတွက်ကတော့ အေ၇းပါတယ်လို့လဲ ကျနော်ယူဆလို့ပါ ။စကားပြောရာမှာ ပြသနာမ၇ှိနိုင်ပေမယ့် နိုင်ငံကျော်ဆောင်းပါးတွေကို ရေးတဲ့စာရေးဆရာတစ်ယောက် အတွက်ကတော့ အရေးပါတယ်လို့ ပြောလို့ရပါတယ်။

    ReplyDelete

 
Web Statistics