"ကိုဉာဏ် ၂၀၁၀ ကို အတော်လေး အားခဲနေပုံရတယ်"
စီဘောက်မှာရေးထားတဲ့ ကွန်းမန့်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးပြောလိုတာက အဲဒီကွန်းမန့်ကို စိတ်ဆိုးဒေါသထွက်လို့ ဒီစာကို ရေးတာမဟုတ်ဘူးဆိုတာကိုပါပဲ။ ကွန်းမန့်ရှင်ရေးမယ်ဆိုရင်လည်း ရေးလောက်ပါတယ်လေ။ ကျွန်တော့်ဘလော့ဂ်မှာ တင်ပေးတဲ့ပို့စ်အများစုကလည်း နိုင်ငံရေးနဲ့သက်ဆိုင်တာတွေ၊ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို တစ်နည်းမဟုတ်တစ်နည်းနဲ့ နှီးနွယ်နေတာတွေ ဖြစ်နေတာကိုး။ အဲဒီအတွက် အချို့ကဆိုရင် ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်ကို နိုင်ငံရေးဘလော့ဂ်လို့တောင် ခေါင်းစဉ်တပ်လိုက်ကြသေးတယ်။ မကြာခဏပြောခဲ့ဖူးသလိုပါပဲ၊ ကိုယ်မြင်တဲ့အပေါ်မှာ ကိုယ်ကြိုက်သလို ခေါင်းစဉ်တပ်နိုင်ပါတယ်လို့။ ဒါပေမယ့် သေချာပေါက်ပြောနိုင်တာကတော့ ရေးနေတဲ့ကျွန်တော်ကိုယ်တိုင်က ဒီဘလော့ဂ်ကို နိုင်ငံရေးဘလော့ဂ်ဖြစ်အောင် လုပ်နေတာမဟုတ်ပါဘူး။ ထို့အတူ မည်သည့်ခေါင်းစဉ်တစ်ခုတည်း အောက်ကိုမှလည်း မရောက်စေချင်ပါဘူး။ အပေါ်ဆုံးမှာ ကျွန်တော်ရေးထားသလို စာဖတ်သမားတစ်ဦးရဲ့ မှတ်စုသက်သက်သာ ဖြစ်ပါတယ်။ စာဖတ်တာကို ဘိန်းစွဲသလိုစွဲ၊ အလုပ်တစ်ခုလို သဘောထားပြီး လုပ်နေတဲ့ ကျွန်တော့်အတွက် စာဖတ်များလာတဲ့အခါ ကိုယ်တိုင်လည်း ပြောပြချင်တာတွေ၊ ဝေမျှချင်တာတွေ ရှိလာတဲ့အတွက် အဲဒီအတွေးတွေ၊ စကားလုံးတွေကို စာနဲ့ရေးပြီး ပြန်ဝေမျှပါတယ်။
ကျွန်တော်နိုင်ငံရေးသမားမဟုတ်
ကျွန်တော်နိုင်ငံရေးသမား မဟုတ်ပါဘူး။ ကျရာတာဝန်ထမ်းရတဲ့ နိုင်ငံ့ဝန်ထမ်းတစ်ဦးသာ ဖြစ်ပါတယ်။ ထို့အတွက် ဘယ်ပါတီကိုကြိုက်တယ်၊ ဘယ်သူ့ကို မကြိုက်ဘူးတွေက ကျွန်တော့်အတွက် သိပ်အရေးမကြီးလှပါ။ ဘယ်သူ့ကိုမှလည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိပါ။ ထိုသို့ရှိရန်လည်း ကျွန်တော့်အတွက် မလိုအပ်ပါ။ ကျွန်တော့်အားပေးအပ်ထားသည့် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရန်သည် ကျွန်တော်၏ ပင်မအလုပ်ဖြစ်ပါသည်။ ကျွန်တော့်တွင် သင့်တော်သော အလုပ်ရှိပါသည်၊ သူလိုငါလို လူတန်းစေ့နေနိုင်သည့် လစာရရှိနေပါသည်။ ထို့အတွက် နိုင်ငံရေးဆိုတာ ဘာ၊ နိုင်ငံရေးသမားဆိုတာ ဘယ်လို စသည်ဖြင့် စကားလုံး ကြီးကြီးကျယ်ကျယ်တွေ ပြောဆိုနေရန် မလိုအပ်ပါ။ သို့သော် နိုင်ငံရေးကို ကျွန်တော်စိတ်ဝင်စားပါသည်။ နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံ့အရေးကို စိတ်ဝင်စားခြင်းသည် အပြစ်တစ်ခုမဟုတ်သလို၊ အပိုလုပ်ခြင်းဟုလည်း ကျွန်တော်က မခံယူပါ။ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်နေခြင်းဖြစ်သည်ဟုသာ သဘောထားပါသည်။
ပစ္စုပ္ပန်ကို တည့်တည့်ရှု
ခင်မင်ရင်းနှီးသူအချို့က မကြာခဏဆိုသလိုမေးတတ်သော မေးခွန်းတစ်ခုရှိပါသည်။ "ဘယ်ပါတီကို သဘောကျသလဲ၊ ဘယ်သူက နိုင်ငံ့ခေါင်းဆောင် ဖြစ်လာမယ်ထင်သလဲ" ဆိုသည့်မေးခွန်းပင်။ ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းပဲ ပြောလိုက်ပါသည်။ "ကျွန်တော်မသိဘူး" ဟူ၍ပင်။ အမှန်တကယ်လည်း ကျွန်တော်မသိသေးပါ။ မရှိသေးသည့်၊ ဖြစ်မလာသေးသည့်အရာတစ်ခုကို ရွေးခိုင်းနေခြင်းသည် မိုက်မဲရာကျသည်ဟု ကျွန်တော်က မြင်ပါသည်။ ၂၀၁၀ မှာ ဘယ်ပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်မည်လဲဆိုသည်ကို ဘယ်သူမှ ရေရေရာရာမသိသေး။ ထို့အတူ ဘယ်သူက သမ္မတအရွေးခံမှာလဲ၊ ဘယ်သူက လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမှာလဲဆိုတာလည်း အဝေးကြီးရှိသေးသည်။ ကြိုတင်တွေးတောခြင်း၊ ပြင်ဆင်ခြင်းသည် ကောင်းသည်ဆိုငြားသော်လည်း လက်ရှိပစ္စုပ္ပန်ကို လျစ်လျူရှု၍ အနာဂတ်ကို မျှော်တွေးနေခြင်းကတော့ မကောင်းဟု မြင်မိသည်။
ဘာနဲ့ဆုံးဖြတ်မှာလဲ
ပြောတတ်ကြသေးသည်။ "ကျွန်တော်တို့ကတော့ ဘယ်သူပဲတက်တက် စိတ်မ၀င်စားပါဘူး။ အဓိက,က နိုင်ငံကိုကောင်းအောင် ဦးဆောင်ဦးရွက် လုပ်ပေးနိုင်မယ့်လူ၊ ပြည်သူလူထုကို ပြည့်စုံချောင်လည်အောင် လုပ်ပေးနိုင်မယ့် အစိုးရတက်လာရင် ပြီးတာပါပဲ" ဟု ပြောတတ်ကြသေးသည်။ ပညာမဲ့စကားဟု ကျွန်တော်က အတိအလင်း ဆိုချင်သည်။ မကြိုက်လျှင်လည်း မတတ်နိုင်။ (ဒီခေတ်က ပညာခေတ်ဆိုတာကိုတော့ လူတိုင်းက ပြောတတ်ကြသည်) နိုင်ငံကိုကောင်းအောင် လုပ်ပေးနိုင်-မနိုင်၊ ကိုယ်ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်များသည် အရည်အချင်းရှိ-မရှိကို ဘာပေတံနှင့် တိုင်းတာကြမည်နည်း။ မဲဆွယ်စဉ်ကာလက အပြောကောင်းတာကို သဘောကျပြီး အဲဒီလူတော့ ကောင်းနိုင်ကောင်းရဲ့ဆိုပြီး မဲထည့်ကြမှာ ဘယ်လောက်ရှိကြဦးမည်မသိ။ ကိုယ်ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်က ဖိုးသင်းမျောက်လုပ်ပြကာမှ ငါတို့မှားသွားပြီဆိုပြီး နောင်တတွေရနေကြဦးမည်။ ပြောချင်သည်က ကိုယ်တွေကိုယ်တိုင်က နိုင်ငံရေးကို မလုပ်နိုင်သည့်တိုင်၊ နိုင်ငံရေးရဲ့ သဘောသဘာဝတွေ၊ နိုင်ငံရေးရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံရေးရဲ့ လှည့်ကွက်တွေကို သိနားလည်ထားဖို့ လိုသည်။ သို့မှသာ ကိုယ်တွေကိုယ်စား လုပ်မည့်သူတွေကို မျက်စိမှိတ်ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ရွေးချယ်ပေးနိုင်မည်။ သူတို့တွေ ဘာတွေလုပ်နိုင်သည်၊ ဘာတွေလုပ်နေသည်ကို အကဲဖြတ်ဆန်းစစ်နိုင်မည်။
လူတိုင်းပြောတဲ့ ၂၀၁၀
သူငယ်ချင်းတစ်ယောက်က မကျေမနပ်နှင့် ပေါက်ကွဲပြသည်။ "ငါတို့မြန်မာတွေကလည်း ဘာတွေလဲကွာ၊ ဆိုက္ကားသမားကလည်း ၂၀၁၀၊ မြင်းလှည်းမောင်းတဲ့ကောင်ကလည်း ၂၀၁၀၊ တက္ကစီသမားကလည်း ၂၀၁၀၊ ရေခဲရေရောင်းတဲ့ကောင်ကလည်း ၂၀၁၀၊ စတိုးဆိုင်ဖွင့်ထားတဲ့သူကလည်း ၂၀၁၀၊ လ္ဘက်ရည်ဆိုင်ထိုင်ရင်လည်း ၂၀၁၀၊ ဘီယာဆိုင်ကျတော့လည်း ၂၀၁၀၊ ဘယ်နေရာပဲဖြစ်ဖြစ် ၂၀၁၀ ကို မိုးမွှန်နေတာပဲ" တဲ့။ သူပြောတာကို ကျွန်တော်သဘောကျမိသည်၊ ထို့အတူ သဘောလည်းမကျ။ ရှုပ်ထွေးမသွားပါနှင့်။ သဘောကျသည်က လူတိုင်းလူတိုင်း နိုင်ငံရေးကို စိတ်ဝင်စားလာတာ၊ လူသားပီပီသသ မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်လိုက်တာကို ဖြစ်ပါသည်။ သဘောမကျသည်ကတော့ "၂၀၁၀ ကို ဘာဖြစ်လို့ မျှော်တာလဲ" ဟု မေးလိုက်တိုင်း ရေရေရာရာမရှိဘဲ "အပြောင်းအလဲဖြစ်မှာလေ" "အစိုးရအသစ်တက်မှာမို့" စသည့် မရေမရာ ဆန်ဖွပ်၊ သန်းတုပ်၊ ဗိုင်းငင်စကားများကိုသာ ကြားရသည်။ "ဖွဲ့စည်းပုံအခြေခံဥပဒေ" ဆိုတာကို ကြားဖူးရုံသာရှိသည်။ အဲဒီစာအုပ်ကိုဖတ်ဖူးသလားဆိုတော့လည်း "တစ်အုပ်လုံးတော့ မဖတ်ဖူးပါဘူး၊ ရပ်ကွက်ထဲမှာ တစ်အိမ်တစ်ယောက် မတက်မနေရတက်ပြီး ရှင်းပြတုန်းကတော့ နားထောင်ဖူးပါတယ်" ဆိုတဲ့လူတွေက ဒုနဲ့ဒေး။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခင်ဗျားတို့မျှော်နေတဲ့ ၂၀၁၀ အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာ သိသလားဆိုတော့လည်း မျက်လုံလေးကလည်ကလည်နှင့် ဘာဖြေရမှန်းမသိ။ ကဲ... မြင်တဲ့အတိုင်းပါပဲ။ လူတွေက ၂၀၁၀ အကြောင်းကို နေရာတိုင်းမှာ ပြောကြတယ်၊ ကြုံတဲ့လူတိုင်းနဲ့ ဆွေးနွေးကြတယ်။ ဒါပေမယ့် ၂၀၁၀ အကြောင်းကိုတော့ လူတိုင်းမသိကြဘူး။
နိုင်ငံရေးစာပေ
မကြာသေးသော အချိန်တစ်ခုအထိ ကျွန်တော်တို့ပြည်တွင်းတွင် နိုင်ငံရေးဆိုသော စကားလုံးသည် မတို့ကောင်း၊ မထိကောင်း၊ မစားကောင်း၊ မနမ်းကောင်းသော ပန်းတစ်ပွင့် (၀ါ) အသီးတစ်လုံး ဖြစ်ခဲ့သည်။ သို့သော် ယခုလုံးဝကို ပြောင်းလဲသွားပြီ။ နိုင်ငံရေးဆိုသော စကားလုံးကို ကြိုက်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ပြောနိုင်ဆိုနိုင်ပြီ၊ ဆွေးနွေးနိုင်ပြီ။ ကြိုက်တဲ့စာအုပ်၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းထက်မှာ နိုင်ငံရေးနှင့် ပတ်သက်သမျှကို ဖတ်နိုင်နေပြီ။ ဘာကြောင့်ဒါကို ပြောရသလဲဆိုတော့ အကြောင်းရှိသည်။ တစ်ချိန်တုန်းက နိုင်ငံရေးဆိုသော စကားလုံးကို ပိတ်ပင်ထားခဲ့စဉ်က ခါးခါးသီးသီး ထောက်ပြဝေဖန်ခဲ့ကြသော အနောက်မျှော်အတိုက်အခံတို့အနေဖြင့် ယခုလို လွတ်လပ်ခွင့်ရလာတော့ နှာစေးနေကြတာကို မြင်ပြင်းကတ်၍၊ စက်ဆုပ်၍ဖြစ်သည်။ ဆိုးတာကို ဝေဖန်လျှင် ကောင်းတာကိုလည်း ချီးကျူးရမည်။ ဒါမှသာ တရားမျှတမည်။ တရားမျှတမှုမရှိပါဘူးဟု တွင်တွင်အော်နေသူတွေကိုယ်တိုင်က တရားမျှတပါရဲ့လားဟု ပြန်မေးလျှင် ကျွန်တော့်ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပုတ်ခတ်ကြဦးမည်။ ဝေဖန်ကြဦးမည်။ ပြည်တွင်းမှာ နိုင်ငံရေးစာပေတွေ လွတ်လွတ်လပ်လပ် ပြောခွင့်မရခဲ့စဉ်က လက်မထောင်၍ ရေးချင်ရာရေးခဲ့၊ ပြောချင်ရာပြောခဲ့ကြသော ပြည်ပအခြေစိုက် မီဒီယာများ၊ အင်တာနက်စာမျက်နှာများ အနေဖြင့် ယခုလို ပြည်တွင်း၌ အထိုက်အလျောက် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် ပြုနေသည့်အချိန်တွင် ၀င်ရေးကြဖို့ကောင်းသည်။ ဒါမှလည်း ပြည်သူလူထုက ဝေဖန်ဆန်းစစ်နိုင်မည်။ လက်ရှိအစိုးရမကောင်းကြောင်းသာရေးတတ်ပြီး လက်ခုပ်သံမြှူခဲ့သော သူတို့အနေဖြင့် တကယ်တမ်း နိုင်ငံရေးကို စိတ်ဝင်စားလျှင်၊ တကယ်ပဲ နိုင်ငံကို တိုးတက်စေချင်လျှင်၊ တကယ်ပဲ နိုင်ငံတည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လိုလျှင် မိမိတို့၏ အသိအမြင်များ၊ အယူအဆများကို စာဖတ်သူ (ပြည်သူလူထု)ထံတွင် ချပြကြဖို့ကောင်းသည်၊ အသိတွေပေးကြဖို့ကောင်းသည်၊ ဦးနှောက်တွေကို ဆွကြဖို့ကောင်းသည်။ ယခုတော့ ထိုသို့မဟုတ်ပြီ။ ပြည်တွင်းမှ ရေးနေကြသည့် ပညာရှင်များ၊ စာရေးသူများကို လက်ရှိအစိုးရအလိုကျ ရေးနေသယောင်၊ အခွင့်အရေးတစ်ခုအတွက် လမ်းခင်းနေသယောင်ယောင် ပြောဆိုဝေဖန်ကြတာတွေကို မြင်နေ၊ ကြားနေ၊ ဖတ်နေရသည်။ သူတို့ကိုလည်း ပြန်မေးလိုက်ချင်သည်။ သူတို့တွေ လက်ရှိအစိုးရကို မကောင်းပြောနေ၊ လက်ရှိအစိုးရပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို ဆန့်ကျင်နေကြတာကရော ဘယ်သူ့အလိုကျပြောနေ၊ ရေးနေကြတာလဲ။ ဘာအခွင့်အရေးတွေရလို့ အဲဒီလို ပြောနေရေးနေကြတာလဲ။
၂၀၁၀ ကိုဇောင်းပေးပြီး ပို့စ်တွေ ဘာကြောင့်တင်ပေးနေသလဲ
စိတ်မှန်းဖြင့်မဟုတ်ဘဲ တကယ်လက်တွေ့ကြုံရတော့မည့် နိုင်ငံရေးရုပ်လုံးကို အနီးစပ်ဆုံး ပုံဖော်ကြည့်နိုင်ရန်၊ မည်သည့်အစိတ်အပိုင်းကို မည်သို့ထုဆစ်ရမလဲဆိုတာ ကိုယ်တိုင်လုပ်ချင်လုပ်၊ ဒါမှမဟုတ် ကိုယ်စားလုပ်မည့်သူကို လမ်းညွှန်တည့်မတ် အကြံဉာဏ်ပေးနိုင်ရန်၊ ထုချင်သလိုထု ဖြစ်ချင်သလိုဖြစ်လာသော အရုပ်မဟုတ်ဘဲ မိမိလိုချင်သော ပုံစံနှင့် ထပ်တူနီးပါးတူညီသည့် ရုပ်လုံးတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ဘာတွေလိုအပ်မည်၊ ဘာတွေဆောင်ရမည်၊ ဘာတွေရှောင်ရမည်၊ ဘာတွေသတိထားရမည်ကို သိထားစေချင်သော စိတ်တစ်ခုတည်းကြောင့် ကျွန်တော်ဖတ်မိသမျှကို လက်ဆင့်ကမ်းဝေငှပေးနေခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကိုယ်တိုင်မသိ၊ မတွေးနိုင်လျှင်တောင်မှ အခြားသိနားလည်သူတွေ ရေးထားသည်များကို ဖတ်သင့်၊ တွေးသင့်၊ ချိန်ဆဝေဖန်သင့်သည်ဟူသော အယူအဆက ကျွန်တော်၏ ယုံကြည်ချက်တစ်ခု ဖြစ်နေပါသည်ခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂ ရက်၊ အင်္ဂါနေ့။
နေ့လည် ၂ နာရီ ၁၆ မိနစ်တွင်ပြီး၏။
ကိုယ့်အချိန်ထဲက ဖဲ့ပြီးpolitical postရော၊
ReplyDeleteအခြားဗဟုသုတရမယ့်ဟာတွေေ၇ာ တင်ပေးတဲ့အတွက်
ကိုဥာဏ်ကို အရမ်းလဲကျေးဇူးတင်ပါတယ်...
လေးလဲလေးစားလျက်ပါ...
ကိုမင်းမဟော်ရေ...
ReplyDeleteကျေးဇူးတင်ပါတယ်ခင်ဗျာ။ တကူးတက ကွန်းမန့်ဝင်ရေးပေးသွားတဲ့အတွက် ၀မ်းသာရသလို အားလည်းတက်မိပါတယ်။ ဘလော့ဂ်ရေးဖို့ အခွင့်အရေး ပေးနေသရွေ့တော့ ကျွန်တော် သိသမျှ၊ ကြုံသမျှကို ဝေမျှပေးနေဦးမှာပါ။
လေးစားစွာဖြင့်
ကိုဉာဏ်