Sunday, March 21, 2010

ကဗျာဆရာ၏ ဖြောင့်ချက်များ - အောင်ဝေး


ချစ်သူလက်ပေါ်
မျက်လုံးစုံမှိတ်၊ ငါအိပ်တော့မည်
ရီဝေမွှေးသင်း၊ မိုးမလင်းခင်
နှင်းဆီအိပ်မက်၊ မက်ပရစေ။

မအိပ်သေးခင်
ဆွေးဆွေးနွဲ့လျ၊ ငါ့ဘ၀အား
ညဖြတ်သန်းသွား၊ အလွမ်းများနှင့်
စကားပြောခွင့်ပေးပါလေ။

နှောင်းခဲ့ပြီလား
ရာသီညှိုးပြယ်၊ အရွယ်လွန်မှ
ရင်မွန်ဦးက၊ ကိုယ်တမ်းတပြီ
အလှသစ်ဖူး၊ အချစ်ဦးရေ
မူးယစ်ဝေရပါလားကွယ်။

တစ်ရံရောတွေ
မောလျလိုက်တာ၊ ညပြာဝေသည်း
ငွေလရောင်ရိပ်၊ ဆိတ်ဖလူးကြွေ
မေထားရစ်ခဲ့ဖူးတယ်နော်။

တို့အချစ်ဖြင့်
မြစ်တစ်စင်းကား၊ သီချင်းများနှင့်
တအားတအား၊ ပန်းခင်းကြားမှာ
မြင်းများ စီးစေချင်သေးတယ်။

ကာလရထား
နှလုံးသားလည်း၊ ထွက်သွားပါဦး
ငါနှင့်ဝေးရာ၊ ဟင်းလင်းပြာအောက်
မြေချာမိုးခုံး၊ ဆုံးစမ်းပါစေ
နေစကြ၀ဠာ အနန္တ။

ဒဂုန်တာရာ မှသည်
ကြည်အေး… ဗန်းမော်တင်အောင်…
လွမ်းအောင်ချစ်ခဲ့
ခေတ်ပြိုင်ထဲမှာ၊ ငါ့ကာရန်တွေ
ပြန်လာပါဦး ကဗျာရယ်။

ချစ်သူလက်ပေါ်
အိပ်ပျော်တော့မည်၊ နှင်းဆီပွင့်များ
ရင်ဖြင့်ရင်းနှီး၊ ကျဆင်းစီးသော
လောကကမ်းပါး၊ ပန်းတံတား၌
ငါကား လျှောက်သွားပါတော့အံ့။

No comments:

Post a Comment

 
Web Statistics