ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေကြည့်ရတာကို အင်မတန်ဝါသနာပါသူဆိုတော့ မကြာခဏဆိုသလို ငှားကြည့်ဖြစ်ပါတယ်။ ရုပ်ရှင်ရုံမှာ ဇာတ်ကားသစ်တင်ပြီဆိုတာနဲ့ ကြိုတင်လက်မှတ် ၀ယ်ဖို့အသင့် ဖြစ်နေတတ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော့်ရဲ့အကျင့်တစ်ခုက ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို အပေါင်းအသင်းတွေနဲ့ ကြည့်ရတာကို သဘောကျတာပါပဲ။ တစ်ယောက်တည်းကြည့်ရတာထက် သူငယ်ချင်းတွေစုပြီး သွားကြည့်ရတာကို ပိုနှစ်ခြိုက်ပါတယ်၊ ကြည့်ပြီးရင်လည်း အဲဒီဇာတ်ကားအပေါ် သူတို့တွေ ဘယ်လိုမြင်သလဲဆိုတာကို နားစွင့်တတ်ပါတယ်။ တစ်ခါတလေ သူတို့တွေက အလိုလို မှတ်ချက်မပေး၊ မပြောကြဘူးဆိုရင်တောင် သူတို့အမြင်ကို ရအောင်မေးလေ့ရှိပါတယ်။ ကျွန်တော့်ရဲ့အမြင်နဲ့ သူတို့အမြင် ဘယ်လောက်တူသလဲ၊ ဘာတွေကွဲနေသလဲဆိုတာကို စိတ်ဝင်စားရတာဟာ ရုပ်ရှင်ကြည့်တဲ့အရသာထက် မလျော့တဲ့ စိတ်ခံစားမှုပါ။ အခုအချိန်ထိ ပြောချင်တာက မရောက်သေးပါဘူး။ နိဒါန်းပျိုး၊ ပလ္လင်ခံပြီး၊ ခပ်ကွင်းပြင်နေတာနဲ့တင် လိုရင်းကမရောက်တော့ပါဘူး။ မပြောလို့ကလဲ မဖြစ်လို့ ပြောနေပျိုးနေရခြင်း ဖြစ်ပါတယ်။ အဓိကပြောချင်တာက သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေ ကျွန်တော့်အပေါ်မှာ မကြာခဏ ပြောတတ်တဲ့၊ မှတ်ချက်ချတတ်တဲ့ စကားလေးလေးတွေကြောင့် ကျွန်တော်တွေးမိတာလေးတွေကို ပြောပြချင်လို့ပါ။ သူတို့တွေက အခြားနေရာတွေမှာ ကျွန်တော်ဘယ်လိုသဘောထားရှိတယ်၊ ဘယ်လိုနေတတ်တယ်ဆိုတာကို သိပ်ပြီးမသိလှပါဘူး။ ဒါပေမယ့် ရုပ်ရှင်အတူကြည့်တာများတဲ့ သူငယ်ချင်း၊ တစ်ချို့ဆိုရင် နှစ်ခါသုံးခါလောက်သာ ကြုံဖူးပေမယ့် ကျွန်တော်ပြောပြမယ့် မှတ်ချက်တွေကို ချသွားတတ်ကြလေ့ရှိပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဗီဒီယိုကြည့်ခြင်းကို ပွဲထုတ်နေရခြင်း ဖြစ်ပါတယ်။
အနုအလှလေးတွေကြိုက်လို့
ဒီလိုပါ.... ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ လှလှပပလေးတွေ မြင်လိုက်ရရင်၊ သဘောကျစရာလေးတွေ တွေ့လိုက်ရရင် မပြီးနိုင်မစီးနိုင် တသသဖြစ်နေတတ်တဲ့ ကျွန်တော့်အကျင့်တစ်ခု အကြောင်းပါ။ သူတို့တွေ ပြောနေကျစကားနဲ့ဆိုရင် "မင်းကလည်း သူများထက် ပိုကိုပိုတယ်" တဲ့။ ဇာတ်ကားထဲမှာ ရှုခင်းလှလှလေးတွေ၊ မြက်ခင်းစိမ်းစိမ်းလေးတွေ၊ ပန်းခြံထဲက ပန်းပွင့်တွေကြားမှာ ချစ်သူစုံတွဲတွေ ကြည်နူးပျော်ရွှင်စွာ ပြုံးပျော်ပြေးလွှားနေကြတာတွေကို မြင်ရ၊ ကြည့်ရတဲ့ အခါများဆိုရင် ကျွန်တော့်မှာ သဘောကျလို့မဆုံး၊ ကြည်နူးလို့မဆုံးပါဘူး။ ရုပ်ရှင်ဆိုရင်တော့ ဘာမှလုပ်လို့မရဘူးပေါ့လေ။ အခန်းမှာငှားကြည့်တဲ့ ဗီဒီယိုဆိုရင်တော့ ဘယ်ရလိမ့်မလဲ။ ကျွန်တော်သဘောကျတာ၊ ကျွန်တော့်ရင်ကို ထိသွားတာတွေဆိုရင် ပြန်ပြန်ပြီး ရစ်ကြည့်တတ်လွန်းလို့ အတူကြည့်တဲ့လူတွေက မကြာခဏ သြဘာပေး၊ မေတ္တာတော်တွေ ပို့သကြတာပေါ့ခင်ဗျာ။
သူတို့ပေးတဲ့ မှတ်ချက်တွေ
ကျွန်တော့်သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေက ပေးထားတဲ့ မှတ်ချက်တွေက အတော်များသဗျ။ အကုန်လုံးတော့ မပြောတော့ပါဘူး။ ဒီစာမှာ ပြောချင်တာကို ပုံဖော်မယ့် မှတ်ချက်လေးတွေကိုပဲ ရွေးပြပါတော့မယ်။ "မင်းကလည်း ကိုယ့်ရုပ်ကြီးမှ ကိုယ်အားမနာ၊ နုနေလိုက်တာ" ၊ "မင်း... အဲဒီလောက် အလှအပကြိုက်နေတာ ရိုးမှရိုးရဲ့လားကွာ၊ ခြောက်များခြောက်နေသလား" ၊ "အဲဒီလောက် နုနေရင်လည်း မိန်းမ မယူနဲ့၊ ယောက်ျားပဲယူတော့" ၊ "မင်းဟာက ပိုကိုပိုလွန်းတယ်" စသဖြင့်ပေါ့လေ။ အခုလိုပြန်ပြောရတာ သူတို့ကို စိတ်ဆိုးလို့၊ မကျေနပ်လို့ မဟုတ်ပါဘူး။ သူတို့တွေက ကျွန်တော့်ကို စကားအဖြစ် စကြ၊ နောက်ကြမှန်း သိပါတယ်။ ခင်မင်ရင်းစွဲလည်းရှိ၊ ပြောမနာဆိုမနာတွေမို့ ပြောကြဆိုကြတာလည်း ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် သူတို့တွေ အဲဒီလိုတွေပြောကြတာကို ပျော်တောင်ပျော်ပါသေးတယ်။ သူတို့စကားတွေကနေ ကုန်ကြမ်းတစ်ချို့ ရတတ်တာကိုး။ သူတို့တွေသာ အဲဒီလိုတွေ မပြောကြရင် ကျွန်တော့်အတွက်ရေးစရာကုန်ကြမ်း ရှားပါးသွားနိုင်တယ်။ အခုတော့ သူတို့ပြောတဲ့ မှတ်ချက်လေးတွေကို ကျွန်တော်တွေးမိသလို ပြန်ရေးပြခွင့်ရတဲ့အတွက် အဲဒီအတွေးလေးတွေကို စာစီလိုက်ပါတယ်နော်။
အလှအပကို လူတိုင်းမြတ်နိုးတန်ဖိုးထားသင့်တယ်
အများစုထင်တတ်ကြတာက မိန်းကလေးတွေကသာ အလှအပကို စိတ်ဝင်စားတယ်၊ အလှအပကို မြတ်နိုးတယ်ဆိုတာပါ။ တကယ်တော့ အလှအပဆိုတာဟာ လူတိုင်းမြတ်နိုး တန်ဖိုးထားသင့်တဲ့အရာလို့ ကျွန်တော်က သေသေချာချာကို ဆိုချင်ပါတယ်။ အလှအပကို မကြိုက်တဲ့လူတစ်ယောက်ဟာ အလှအပကို မခံစားတတ်၊ မဖန်တီးတတ်ပါဘူး။ အလှအပကို မခံစားတတ်၊ မဖန်တီးတတ်တဲ့အတွက် ထိန်းသိမ်းရကောင်းမှန်း မသိတော့ပါဘူး။ အဲဒီလို မသိတဲ့အခါ အလှအပတစ်ခုကို ဖျက်ဆီးပစ်ဖို့ ၀န်မလေးတော့ပါဘူး။ အလှအပကို ဖျက်ဆီးဖို့ ၀န်မလေးတတ်တဲ့ လူတစ်ဦးဟာ ဘယ်လိုနည်းနဲ့မှ စိတ်ထားနူးညံ့သိမ်မွေ့သူ၊ စိတ်သဘောထားပျော့ပျောင်းသူ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ ဒေါသတရားတွေနဲ့ နပန်းလုံးနေတဲ့သူတစ်ယောက် ဖြစ်နေပါလိမ့်မယ်။ ဒေါသတရားတွေနဲ့ ပြည့်နေတဲ့ လူသားတွေနဲ့သာ ကမ္ဘာကြီးကို တည်ဆောက်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ လှပသာယာတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်လာစရာအကြောင်း မရှိပါဘူး။
ဘ၀တော့ လှချင်ကြတယ်
လူတွေက အလှအပကိုသာ စိတ်မ၀င်စားကြဘူးလို့ ပြောကြတယ်။ ပါးစပ်ကတော့ လှပတဲ့ ဘ၀တစ်ခုတို့၊ လှပတဲ့ အိမ်ထောင်ရေးတို့၊ လှပတဲ့ ခရီးလမ်းတို့ စတဲ့စကားတွေကိုတော့ ပြောတတ်ကြပါတယ်။ "ဘ၀က မလှပလိုက်တာကွာ"လို့ ပြောတတ်၊ ညည်းတတ်ကြပါသေးတယ်။ ကဲ... အဲဒါဆိုရင် လူတိုင်းဟာ အနည်းဆုံးတော့ မိမိဘ၀ကို လှပစေချင်ကြတယ်လို့ ကောက်ယူနိုင်ပါတယ်။ ကိုယ့်ဘ၀ လှပဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဖန်တီးတည်ဆောက်မယ်။ ဖန်တီးထားတဲ့ လှပတဲ့ဘ၀ကိုလည်း အပျက်စီးမခံချင်ကြပါဘူး၊ တည်မြဲအောင် နည်းလမ်းစုံနဲ့ ထိန်းသိမ်းကြမှာပါပဲ။ အဲဒီလို ထိန်းသိမ်းရင်းနဲ့ အခြားလူတွေလည်း ငါ့လိုပဲ ဘ၀လေးတွေလှပချင်ကြရှာမှာပဲဆိုတဲ့ ကိုယ်ချင့်စာတရားနဲ့ သူများဘ၀တွေကိုလည်း ဖျက်ဆီးပစ်ဖို့ စိတ်ကူးအိပ်မက်တောင် မက်ကြမှာမဟုတ်ပါဘူး။ အဲဒီလိုသာဆိုရင် ဒီကမ္ဘာလောကကြီးမှာ နိုင်ထက်စီးနင်းလုပ်တာတွေ၊ အကြမ်းဖက်တာတွေ၊ သတ်ဖြတ်တာတွေ ဖြစ်လာစရာအကြောင်း လုံးဝမရှိပါဘူး။ ဘယ်လောက်များ နေပျော်စရာကောင်းတဲ့ ကမ္ဘာလောကကြီး ဖြစ်လိုက်မလဲနော်။ အခုတော့ ဟိုနိုင်ငံမှာ ဗုံးကွဲလိုက်၊ ဒီနိုင်ငံမှာ စစ်ဖြစ်လိုက်၊ ဟိုသတင်းဂျာနယ်မှာ လူသတ်မှု၊ ဒီသတင်းဂျာနယ်မှာ လုယက်မှု စတဲ့သတင်းတွေ၊ အဖြစ်အပျက်တွေကိုပဲ မြင်နေကြားနေဖတ်နေရပါတယ်။
ကြမ်းမှ ကြိုက်ကြသတဲ့လား
ဒီနေ့ ကျွန်တော်တို့တွေ ကြည့်နေကြရတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကလည်း ကြည့်ပါဦးလေ။ တော်ကြာလာ စစ်ကား၊ တော်ကြာလာ လူသတ်သမားကားနဲ့ ပစ်လိုက်ခတ်လိုက်၊ သတ်လိုက်ဖြတ်လိုက်ကြတာကလည်း လက်နက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံပါပဲ။ ရုပ်ရှင်၊ ဗီဒီယိုဆိုပေမယ့်လည်း ကြည့်နေတဲ့သူအနေနဲ့ အဲဒီအချိန်ကလေးမှာ ဘယ်သူ့ကို ပစ်လိုက်ရမှာ၊ ဘယ်သူ့ကို အပြတ်ရှင်းပစ်ရမှာ စတဲ့ အတွေးတွေကို မနောနဲ့သော်လည်းကောင်း၊ ၀စီနဲ့သော်လည်းကောင်း တွေးမိပြောမိမှာပါပဲ။ ဘယ်ကလာပြီး နူးညံ့တဲ့စိတ် ဖြစ်ပါ့မလဲ။ အလကားနေရင်း သူများကို သေစေချင်တဲ့စိတ်၊ သူများကိုသတ်စေချင်တဲ့စိတ်တွေနဲ့ ပိတ်လှောင်နေတော့တာကိုး။ မြို့ကြီးတွေကို လေယာဉ်တွေနဲ့ ဗုံးတွေကြဲတာ၊ စက်သေနတ်နဲ့ ရမ်းလိုက်လို့ လူတွေအတန်းလိုက် လဲကျသေဆုံးသွားတာ၊ လက်ဖြောင့်စနိုက်ပါက နဖူးတည့်တည့်၊ ရင်ဘတ်တည့်တည့် မလွဲအောင်ပစ်ပြီး သတ်နိုင်တာကို ကျေနပ်သာယာနေတဲ့စိတ်ဟာ ဘယ်ကလာပြီး နူးညံ့သိမ်မွေ့တဲ့စိတ် ဖြစ်ပါ့မလဲ။ အဲဒါကြောင့်လည်း သူတို့နိုင်ငံတွေမှာ ထစ်ခနဲဆို ပစ်မယ်ခတ်မယ်၊ ထိုးမယ်ကြိတ်မယ်၊ သတ်မယ်ဖြတ်မယ် ဆိုတဲ့စိတ်တွေနဲ့ မကြာခဏဆိုသလို ကျော်မကောင်း၊ ကြားမကောင်းသတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ သေနတ်နဲ့ စာသင်ခန်းထဲဝင်ပစ်တာတွေ၊ ကိုယ့်သမီးကို ကိုယ်ပြန်ယူတာတွေ၊ ကိုယ်ကိုယ်တိုင်အပါအ၀င် မိသားစုတစ်ခုလုံးကို အဆိပ်တိုက်ပြီး သေကြောင်းကြံတာတွေဟာ သူတို့နိုင်ငံတွေမှာ မကြာခဏဆိုသလို ကြုံနေရတာတွေပါ။ ဒီလိုတွေဖြစ်ရတာဟာ အတုမြင်အတတ်သင် ရုပ်ရှင်တွေရဲ့စနက်တွေ မကင်းဘူးဆိုတာကိုတော့ စဉ်းစားသင့်ကြပါတယ်။
ကိုရီးယားကားတွေကိုတောင် သဘောကျမိသေး
မြန်မာတွေ သည်းသည်းလှုပ်ဖြစ်နေကြတဲ့ ကိုရီးယားဇာတ်ကားတွေဆိုရင် နာမည်ကြားတာနဲ့တင် စိတ်ထဲမှာ ဘယ်လိုဖြစ်မှန်းမသိပါဘူး။ ဇာတ်ကားအချို့ကို ကြည့်ဖူးပေမယ့် သူများတွေလို သည်းသည်းလှုပ်မဖြစ်တာကိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြမိပါတယ်။ ကိုယ့်ဘာသာကိုယ် သုံးသပ်တာကတော့ ကိုရီးယားဇာတ်လမ်းတွေက အတွဲရှည်၊ အပိုင်းရှည်ကြီးတွေမို့ အချိန်ပေးပြီး မကြည့်နိုင်တာကြောင့်ရယ်၊ တစ်ခါလာလည်း အချစ်၊ တစ်ခါလာလည်း သွေးကင်ဆာဆိုတာတွေကို စိတ်ကုန်နေတာလည်း ဖြစ်နိုင်ပါတယ်။ "တစ်ခါတုန်းက တက္ကသိုလ်" (Love Story in Harvard) ဆိုတဲ့ ဇာတ်လမ်းတွဲကိုတော့ ခဏခဏပြန်ကြည့်ဖြစ်ပါတယ်။ အနည်းဆုံးမရှိဘူးဆိုရင် အစအဆုံးပြန်ကြည့်တာ (၇)ခေါက်ထက် မနည်းပါဘူး။ အခုမှ သေသေချာချာ ပြန်စဉ်းစားကြည့်မိတော့ စောစောကပြောခဲ့တဲ့ သေနတ်ပစ်အက်ရှင်ဇာတ်ကြမ်းတွေ၊ စိတ္တဇလူသတ်ဇာတ်ကားတွေထက်စာရင် ကိုရီးယားကားတွေကမှ အများကြီးတော်ပါသေးတယ်။ ရှုခင်းလှလှလေးတွေ အများကြီးကြည့်ရတယ်၊ ကိုရီးယားမိန်းမချောလေးတွေကို တ၀ကြီးကြည့်ရတယ်လေ။ ရှုခင်းလေးတွေ၊ မင်းသမီးလေးတွေ လှပြီဆိုရင် "ဟယ်... လှလိုက်တာ" ဆိုတဲ့အသံက ကြည့်နေသူတွေဆီက သံပြိုင်ထွက်လာတတ်ပါတယ်။ ဘယ်လောက်များ နားထောင်လို့ ကောင်းလိုက်သလဲ။ ဇာတ်လမ်းကြည့်နေရင်းနဲ့ "အဲဒီကောင်ကို သတ်ပစ်လိုက်ရမှာ" ဆိုတဲ့ အားမလိုအားမရသံတွေထက်တော့ အများကြီးပိုကောင်းတယ်လို့ ထင်မိတာပါပဲ။
လှတာကိုမက်ပါ
ကျွန်တော်တို့မှာရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းပျက်စီးသွားပြီဆိုရင် တစ်နည်းနည်းနဲ့ အလှပျက်သွားတာပဲ ဖြစ်ပါတယ်။ သိသာတာ၊ မသိသာတာပဲ ကွာပါတယ်။ ဆိုလိုတာက ခြေသလုံးသားကို ခွေးကိုက်လို့ ပဲ့ပါသွားရာက သေရာပါအမာရွတ်ကြီး ကျန်ရစ်ခဲ့တာက သိပ်ပြီး မသိသာလှပါဘူး။ နှုတ်ခမ်းပဲ့နေတာ၊ မျက်လုံးတစ်လုံး မရှိတာ၊ လက်တစ်ဖက်ဖြတ်ထားရတာ၊ နဖူးမှာအမာရွတ်ကြီး ရှိနေတာမျိုးတွေကျတော့ သိသာထင်ရှားစွာ အလှပျက်သွားတာတွေပါ။ သဘာဝတရားက ပေးအပ်ထားတဲ့အတိုင်း ပြည့်ပြည့်စုံစုံရှိနေခြင်းကိုက လှနေပြီးသားလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဖြူတာမည်းတာ၊ ပိန်တာဝတာ၊ ရှည်တာပုတာတွေက တစ်ဦးအကြိုက်နဲ့တစ်ဦး မတူညီနိုင်ကြပါ။ လူတိုင်းက အရပ်ရှည်တာကို ကြိုက်မှာမဟုတ်ပါဘူး၊ လူတိုင်းက ပိန်တာကို နှစ်သက်မှာမဟုတ်ပါဘူး။ အဓိက,ကတော့ မွေးရာပါသဘာဝအတိုင်း အင်္ဂါအပြည့်အစုံ ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ကဲ... အဲဒါဆိုရင် သဘာဝတရားကြီးရဲ့ အလှအပတွေဖြစ်တဲ့ မြစ်ချောင်းတွေ၊ သစ်တောသစ်ပင်တွေ၊ ကျေးငှက်သာရကာတွေ၊ တောရိုင်းတိရစ္ဆာန်တွေ၊ ပင်လယ်သမုဒ္ဒရာတွေကို ဘာကြောင့်များ ကျွန်တော်တို့လူသားတွေက ဖျက်ဆီးနေကြတာပါလဲ။ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာလောကကြီးကို လှပအောင်လုပ်ဖို့ရာ ဘာမှခက်လှတာမဟုတ်ပါဘူး။ သဘာဝတရားကြီးက ပေးအပ်ထားတာတွေကို သူနေရာနဲ့သူရှိနေအောင် ထိန်းသိမ်းစောင့်ရှောက်ရုံနဲ့ ကမ္ဘာကြီးကို လှအောင်လုပ်ပြီးသား ဖြစ်ပါတယ်။ အဲဒီလိုထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတာကလည်း လှတာကိုမက်ဖို့ လိုပါတယ်။ အလှမမက်ရင်တော့ လူသားတွေရဲ့ဘ၀တွေ အခက်တွေ့တော့မယ်လို့ သတိပေးစကားဆိုလိုက်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၁၅ ရက်၊ တနင်္လာနေ့။
ည ၁၁ နာရီ ၀၃ မိနစ်တွင်ပြီး၏။
No comments:
Post a Comment