အမှန်တော့ ကိုယ့်သားဖြစ်နေတဲ့ရောဂါကို ကိုယ်ကမသိတာပါ။ သူ့အမေကတော့ ခဏခဏပြောပါတယ်။ ရှင့်သားမျက်စိလည်း ရှင်ကြည့်ဦး။ ရှင့်သားက မျက်စိကို ခဏခဏပွတ်နေရတယ်။ မျက်စိတွေလည်း နီနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပြောဖန်များတော့ ရိုးသွားပြီး ကျွန်တော်လည်း တကူးတက မကြည့်ဖြစ်တော့ပါဘူး။ တစ်အိမ်တည်းနေတယ် ဆိုပေမယ့် သူ့ကျောင်းသူသွား ကိုယ့်အလုပ်ကိုယ်လုပ်နေရတာကိုး။
ဒါပေမယ့် သားမျက်စိကို မကြည့်ရင်မဖြစ်တော့ဘူးဆိုတဲ့ အဖြစ်နဲ့ကြုံဖို့ အကြောင်းဖန်လာပါတယ်။ ဒါကတော့ သားနဲ့ နှစ်ယောက်ခရီးအတူတူ သွားမယ့်ကိစ္စ ပေါ်လာလို့ပါပဲ။ သားဟာ ကျွန်တော်နဲ့အတူ ခရီးသွားဖို့ လေယာဉ်ကွင်းကို ထွက်လာခဲ့ပါတယ်။ လေယာဉ်ဟာ သတ်မှတ်ထားတဲ့အချိန်ထက် အနည်းငယ်နောက်ကျပြီး ထွက်မှာမို့ ကျွန်တော်တို့ဟာ တခြားခရီးသည်တွေနဲ့အတူ လေယာဉ်ကွင်းဧည့်ခန်းမှာ တစ်နာရီကျော်လောက် ထိုင်စောင့်နေခဲ့ရပါတယ်။ ဒီတော့မှ ကျွန်တော်ဟာ သားရဲ့အခြေအနေကို ပြက်ပြက်ထင်ထင် မြင်ရပါတော့တယ်။
သားဟာ ကွန်ပျူတာ၊ ကွန်ပျူတာဂိမ်း အဆော့လွန်သူပါ။ သူ့တယ်လီဖုန်းဟန်းဆက်ဟာ ကျပ်ရှစ်သိန်းကျော်လောက် တန်ဖိုးကြီးပြီး အမျိုးမျိုး အသုံးပြုလို့ ရပါတယ်။ သူပူဆာလို့ ၀ယ်ပေးရပေမယ့် ဘာတွေဘယ်လို ဆော့နိုင်တယ်၊ အသုံးပြုနိုင်တယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ သူတို့လူငယ်တွေသာ သိတာပါ။ ကျွန်တော်ဟာ စာအုပ်တစ်အုပ်ဖတ်နေရာက သူ့ကို လှမ်းကြည့်လိုက်ပါတယ်။ သူ့မျက်နှာဟာ တယ်လီဖုန်းဟန်းဆက်ပေါ်က ကွန်ပျူတာ Screen ကို စိုက်ကြည့်နေတာ မြင်လိုက်ရပါတယ်။ သူ့မျက်လုံးတွေဟာ နည်းနည်းပြူးထွက်သလို ဖြစ်နေပြီး မလှုပ်မယှက် စိုက်ကြည့်နေပုံဟာ ကျွန်တော့်အသိစိတ်ကို အကြီးအကျယ် နှိုးဆွလိုက်ပါတော့တယ်။ ကျွန်တော်ဟာ သူ့မျက်နှာက မခွါဘဲ သူ့ကိုပဲ စိုက်ကြည့်နေတော့မှ သူဟာ ၁၅မိနစ် မိနစ် ၂၀အထိ မျက်တောင်မခတ်ဘဲ ကွန်ပျူတာ Screen ကိုသာ ကြည့်နေတာကို တွေ့ရပါတော့တယ်။ ဒီလို အာရုံပြုစိုက်ကြည့်နေနိုင်ဖို့ သူ့ရဲ့အတွင်းအာရုံတွေမှာ ဘယ်လိုအားပြုထားရမယ်ဆိုတာ မျက်စိဆရာဝန်တစ်ဦးအနေနဲ့ ကျွန်တော် သိနားလည်ပါတော့တယ်။
သားရယ် ဘယ်လိုလုပ် မင်းနေနိုင်ပါ့မလဲ။ နေ့စဉ်ရက်ဆက် ဒီလိုကြည့်ပြီး နေလာခဲ့တာ ဘယ်လောက်များ ကြာခဲ့ပြီလဲ။ မင်းအမေပြောသလို မင်းမျက်စိ ခဏခဏပွတ်ပြီး မင်းမျက်စိတွေ နီနေတာကို အရေးမထားသလို အဖေနေခဲ့မိတာ အခုတော့ Computer Vision Syndrome ဆိုပြီး ကွန်ပျူတာတွေ နာရီနဲ့အမျှ ဆက်တိုက်ကြည့်နေကြ၊ ဂိမ်းတွေဆက်တိုက်ဆော့နေကြလို့ မျက်စိနဲ့ပတ်သက်ပြီး ခံစားရတဲ့ ကွန်ပျူတာကြောင့် ဖြစ်ရတဲ့ မျက်စိရောဂါစုလေးက မင်းမှာ ဖြစ်နေတော့မှာပါလား။
ကျွန်တော်ဟာ ကျွန်တော့်သားကို သေချာစမ်းသပ်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မျက်စိကို အာရုံစူးစိုက်ဖို့ အားပြုရတဲ့အခါ မျက်စိမှာ အပြင်ကြွက်သား၊ အတွင်းကြွက်သားဆိုပြီး ရှိပါတယ်။ အပြင်ကြွက်သားခြောက်ခုက မျက်စိလှုပ်ရှားမှုကို ထိန်းထားပြီး မျက်စိကစားတိုင်း ညီညီညာညာ လှုပ်ရှားပေးနေရတာ ဖြစ်ပါတယ်။ အဲဒီကြွက်သားတစ်ခု အားနည်းခြင်း၊ ချို့ယွင်းခြင်း ရှိနေပါက မျက်စိလိုရာကို တည့်မတ်စွာ မကြည့်နိုင်တော့ဘဲ မျက်စိစွေစောင်းခြင်း ဖြစ်လာရပါတော့တယ်။
နောက်အတွင်းကြွက်သားတစ်ခုကတော့ Ciliary Muscle လို့ခေါ်တဲ့ မျက်စိအတွင်းမှန်ဘီလူးရဲ့ အခုံးကို လိုရင်လိုသလို ပြုပြင်နိုင်စွမ်းရှိတဲ့ ကြွက်သားပါပဲ။ အနီးကြည့်ရာက အဝေးကို လှမ်းကြည့်ခြင်း၊ အဝေးကြည့်ရာက အနီးကို ပြန်ကြည့်ခြင်းဆိုတဲ့ (Accomodation) လို့ခေါ်တဲ့ မှန်ဘီလူးအခုံးကို ပြောင်းလဲရတဲ့အလုပ်ကို လုပ်ပေးတဲ့ Muscle ပါ။ ကွန်ပျူတာ Screen က စာလုံးသေးသေးတွေကို ပြတ်သားစွာမြင်ရအောင် အားပြုရတဲ့ ကြွက်သားပါ။ မျက်မှန်ပါဝါတပ်ဆင်ဖို့ လိုအပ်သူတွေဆိုရင် ဒီကြွက်သားအားပြုရတာ ပိုဆိုးပြီး မျက်စိကိုက်တာတို့၊ ဇက်ကြောတက်တာတို့ ဖြစ်လာတတ်ပါတယ်။ ဒီလိုမျက်မှန်တပ်ဖို့လိုတဲ့ လူတစ်ဦးက ကွန်ပျူတာ Screen ကို စာလုံးတွေ စိုက်ကြည့်မယ်ဆိုရင် ဒီဇက်ကြောတက်တာ၊ မျက်စိညောင်းတာ၊ မျက်စိကိုက်တာတွေဟာ မျက်မှန်တပ်ဖို့ မလိုသူတစ်ဦးထက် ပိုဆိုးစွာ ခံစားရတတ်ပါတယ်။
နောက်တစ်ခုကတော့ မျက်တောင်ခတ်ခြင်းပါပဲ။ ကွန်ပျူတာကြည့်နေတဲ့ ကလေးတိုင်းဟာ အာရုံစိုက်ပြီး ကြည့်နေချိန်မှာ မျက်တောင်မခတ်ဘဲ ကြာနေတတ်ပါတယ်။ မျက်တောင်ခတ်တယ်ဆိုတာလည်း အရေးမကြီးလှဘူးထင်ပေမယ့် ကြာကြာမခတ်ဘဲနေရင် အရေးကြီးလာပါတော့တယ်။ လူတစ်ဦးဟာ သာမန်အားဖြင့် တစ်မိနစ်မှာ ၁၆ ကြိမ်ကနေ အကြိမ် ၂၀ အထိ ခတ်ပေးရပါတယ်။ အခုတော့ ကွန်ပျူတာကြည့်နေတဲ့ ကလေးဟာ တစ်မိနစ်မှာ ခြောက်ကြိမ်လောက်တောင် မခတ်ကြတော့ မျက်စိရဲ့မျက်နှာပြင်ရဲ့ လိုအပ်တာတွေ ကြည်လင်အောင် မလုပ်ပေးနိုင်တော့ပါဘူး။ မျက်စိရဲ့ မျက်နှာပြင် အထူးသဖြင့် မျက်ကြည်လွှာဟာ (Pre-Corneal Film) လို့ခေါ်တဲ့ မျက်ရည်လွှာလေးနဲ့ အမြဲစိုစွတ်နေရပါတယ်။ အဲဒီမျက်ရည်လွှာလေး ပုံမှန်ရှိနေဖို့ လူတစ်ဦးဟာ မျက်တောင်ခတ်ပေးရပါတယ်။ နောက်မျက်စိမျက်နှာပြင်ပေါ်က မြူမှုန်လောက်သေးတဲ့ အမှိုက်သရိုက်ကလေးတွေကိုလည်း ဖယ်ခွါပေးဖို့ မျက်တောင်ခတ်ပေးရတာပါ။ ဒီထက် အရေးကြီးတာကတော့ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း မျက်စိအာရုံဟာ တစ်ချက်နားလိုက်ရပြီး မျက်အမြင်အာရုံလွှာ System တစ်ခုလုံးကို ခေတ္တအနားပေးလိုက်ရသလို ဖြစ်လို့ပါပဲ။ ကွန်ပျူတာ Screen နဲ့ နိစ္စဓူဝအလုပ်လုပ်နေရသူတွေ သတိထားဖို့ လိုပါတယ်။ အများအားဖြင့် လေ့လာကြည့်တဲ့အခါ ကွန်ပျူတာနဲ့ ဆက်တိုက်အလုပ်လုပ်နေသူတွေမှာ မျက်တောင်ခတ်နှုန်းဟာ တစ်မိနစ်မှာ ခြောက်ကြိမ်မှ ရှစ်ကြိမ်ခန့်သာ ရှိတဲ့အတွက် မျက်စိစိုစွတ်မှု အားနည်းပြီး မျက်စိကျိန်းစပ်ခြင်း၊ မျက်စိညောင်းညာခြင်း ဖြစ်ရတာပါ။
အားလုံးခြုံပြီးပြောရရင်တော့ CVS ခေါ်တဲ့ Computer Vision Syndrome ဆိုတာ ကွန်ပျူတာကြည့်သူတွေမှာ မျက်စိရဲ့ အပြင်ကြွက်သား၊ အတွင်းကြွက်သား အာရုံစိုက်ရမှုများပြီး မျက်တောင်ခတ်နည်းတာကြောင့် ပေါ်လာရတဲ့ မျက်စိဝေဒနာလက္ခဏာစုလို့ အမည်တပ်ချင်ပါတယ်။ Asthenopia လို့လည်း ခေါ်နိုင်ပါတယ်။
ဒါကြောင့် ကွန်ပျူတာသုံးရတဲ့ လူကြီးလူငယ်တိုင်းကို အောက်ပါအတိုင်း ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ်-
- ကွန်ပျူတာကြည့်သူတိုင်း မျက်စိညောင်းညာခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိနီခြင်းရှိပါက မျက်မှန်တပ်ဆင်ဖို့ လိုမလို မျက်စိစမ်းသပ်ပါ။
- မျက်မှန်တပ်ဆင်ရန်လိုသူများ မျက်မှန်တပ်၍သာ ကွန်ပျူတာကို အသုံးပြုကြပါ (အသက် ၄၀ ကျော်သူတိုင်း စာကြည့်မျက်မှန် အသုံးပြုပါ။ အသက် ၃၈-၄၀ အောက် လူငယ်များ အဝေးမျက်မှန် တပ်ဆင်အသုံးပြုရန်၊ အဝေးမျက်မှန် ပါဝါမရှိပါက တပ်ဆင်ရန်မလိုပါ။)
- ကွန်ပျူတာအသုံးပြုတိုင်း ကွန်ပျူတာကို ဆက်တိုက်အသုံးမပြုဘဲ နာရီဝက်ကြည့်ပြီးတိုင်း မျက်စိကို နှစ်မိနစ်ခန့် ခေတ္တပိတ်၍ နားပါ။ ကလေးများကိုလည်း ကွန်ပျူတာဂိမ်းကစားပြီးတိုင်း ပြေးလွှားဆော့ကစားစေပါ။
- အသက်အရွယ်ကြီး၍ ကွန်ပျူတာသုံးရသူတိုင်း မျက်စိပူစပ်ပူလောင်ဖြစ်ပါက မျက်ရည်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန် မျက်ရည်တုမျက်စဉ်းကို အသုံးပြုပါ။
- ကလေးလူကြီး မည်သူမဆို ကွန်ပျူတာကြည့်၍ မျက်စိပူစပ်ပူလောင်ဖြစ်ခြင်း၊ ခိုးလို့ခုလုဖြစ်ခြင်း၊ မျက်စိနီခြင်းတို့ဖြစ်ပါက မျက်စိကို ပွတ်တိုက်ခြင်းမပြုဘဲ မျက်ရည်တုမျက်စဉ်းကို လေးကြိမ်မှ ခြောက်ကြိမ်အထိ ခတ်ကြည့်ပါ။ မသက်သာပါက နီးစပ်ရာ မျက်စိဆရာဝန်များနှင့် ပြသပါ။
အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါမှ ကွန်ပျူတာသုံး၍ မျက်စိဝေဒနာ ခံစားရမှုမှ သက်သာရာရနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
၁၄-၃-၂၀၁၀ (တနင်္ဂနွေနေ့)
အတွဲ (၄၉) အမှတ် (၁၆၅)
စာမျက်နှာ - ၁၀
No comments:
Post a Comment