Monday, March 01, 2010

အပေါ်ထပ်အဆောက်အဦအသစ်၊ ကုန်လုပ်ဆက်ဆံရေးအသစ် - အောင်ထွဋ်


ဈေးကွက်စီးပွားရေးစနစ်တွင် နိုင်ငံတော်များ၏ အခန်းကဏ္ဍဆိုသည်မှာ ကုန်လုပ်စွမ်းအားစုများကို ထိုက်သင့်သောဈေးနှုန်းဖြင့် ရှောရှောရှူရှူ ရယူသုံးစွဲနိုင်စေရန် နည်းအမျိုးမျိုးဖြင့် ပါဝင်ကူညီခြင်းကို ဆိုလိုပေသည်။ ထိုသို့ ကူညီခြင်းဖြင့် နိုင်ငံတော်များဘက်မှ ရရှိနိုင်သော အကျိုးကျေးဇူးမှာ Surplus Extraction ဟု ပြောရမည့် အခွန်အကောက်ပုံစံဖြင့် အမြတ်အစွန်းထုတ်ယူခွင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပုံသဏ္ဌာန်သည် ၁၉၈၉ ခုနှစ်မှစ၍ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသော်လည်း အဓိကကုန်လုပ်စွမ်းအားစု အများစုကို အစိုးရက ထောက်ပံ့နေခဲ့သည်ကို တွေ့ခဲ့ရသည်။ ယခုအခါ အဆိုပါ အစိတ်အပိုင်းများကို ပုဂ္ဂလိကလုပ်ပိုင်ခွင့်များပေးခြင်း၊ ပုဂ္ဂလိကများသို့ လွှဲပြောင်းရောင်းချခြင်းများ ပြုလုပ်နေခဲ့ရာ ကုန်လုပ်စွမ်းအားစုများ ရှောရှောရှူရှူ စရိတ်စကမကြီးဘဲ ရယူသုံးစွဲခွင့်ကို ပြဋ္ဌာန်းသူအဖြစ် ပြောင်းလဲရပ်တည်ရန် ပြင်ဆင်သည့်သဘော ဖြစ်ပေသည်။ ဤနေရာတွင် စရိတ်စကမကြီးဘဲဆိုသော စကားလုံးမှာ အရေးကြီးပါသည်။ ကုန်လုပ်စွမ်းအားစုများကို ရယူသုံးစွဲခွင့် ဈေးကြီးသည်ဆိုသောအချက်ကို အောက်ပါဥပမာတွင် မြင်နိုင်ပါသည်။

နယ်မြို့လေးတစ်မြို့မှ ဒီဇယ်ဆီ မှောင်ခိုရောင်းချသူတစ်ဦးသည် ထိုလုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့်ရှိပြီဟု ကောလာဟလသဖွယ် သိရှိရသောကြောင့် "ပန့်ဆိုင်" ထောင်၍ တရားဝင် တခမ်းတနားရောင်းချရန် အကြံရသည်။ လောင်စာဆီရောင်းချသော ဆိုင်သစ်ဖွင့်ခွင့်ရှိ၊ မရှိ မည်သို့ လျှောက်ထားရသည် စသည်များကို မသိရသောကြောင့် တလည်လည်ဖြစ်နေသည်။ လူပေါင်းများစွာ၊ စားပွဲပေါင်းများစွာ၊ အဆင့်ပေါင်းများစွာ၊ ကုန်ကျစရိတ်များစွာ ဖြတ်သန်းပြီးနောက် ထိုသို့ဖွင့်လှစ်ရန်  အသင့်ဖြစ်သွားသည်။

အထက်ဖော်ပြထားသော ဥပမာတွင်ပါရှိသည့် ကုန်ကျစရိတ်များသည် နိုင်ငံရေးဘောဂဗေဒတွင် Transaction Cost ဟု ခေါ်ပါသည်။ ထိုစရိတ်စကများအားလုံးသည် လက်လီဝယ်ယူသူများထံတွင် သွားပေါင်းခြင်းဖြစ်ပေသည်။ ထိုသို့မဟုတ်ပါက ထိုပန့်ဆိုင်ပိုင်ရှင်၏ အမြတ်အစွန်း မြတ်စွန်းခွင့်တွင် မလိုအပ်ဘဲ ဖဲ့ပေးလိုက်ရသည့် အပိုင်းဖြစ်သည်။

နိုင်ငံတော်များသည် ကုန်လုပ်စွမ်းအားစုများကို မထောက်ပံ့တော့ဘူးဟုဆိုလျှင် လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီဖြစ်ရာ အဓိကတာဝန်နှစ်ရပ်သာ ကျန်ပါတော့သည်။

၁။ ပိုင်ဆိုင်ခွင့်နှင့် အမြတ်အစွန်းရယူခွင့်၊ ထုတ်ယူခွင့်မက်လုံး (Property Rights)
၂။ မလိုအပ်သော စရိတ်စကများလျှော့ချပေးခြင်း (Transaction Cost) (စရိတ်စကများစွာ ကုန်ကျပြီးမှ လုပ်ကိုင်ရန် အဆင်ပြေခြင်းသည် မဆန်းပြားချေ၊ စရိတ်စကမကုန်ဘဲ လုပ်ကိုင်ရန် အဆင်ပြေအောင် စီစဉ်ပေးနိုင်ခြင်းသည်သာ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်၏ Efficiency ဖြစ်သည်။)

အဆိုပါ ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲခွင့်စီစဉ်ပေးသူ နိုင်ငံတော်နှင့် ရယူသုံးစွဲသူဈေးကွက်တို့၏ ဆက်ဆံရေးသည် "ကုန်လုပ်ဆက်ဆံရေး" ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးစနစ်ဖြစ်သည်။ တစ်နည်းအားဖြင့် အစိုးရက မည်မျှလုပ်ကိုင်ခွင့်ပြု၍ မည်သို့ အမြတ်အစွန်းထုတ်ယူသည် ဆိုသောအချက် ဖြစ်ပေသည်။ နိုင်ငံရေးစနစ် သို့မဟုတ် အပေါ်ထပ်အဆောက်အဦဆိုသည်မှာ ထိုသို့သော စီးပွားရေးပုံသဏ္ဌာန် အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းတည်ဆောက်လုပ်ကိုင်သော စီမံခန့်ခွဲမှုစနစ်ဖြစ်သည်။ ဆိုလိုသည်မှာ ကုန်လုပ်ဆက်ဆံရေး ပုံသဏ္ဌာန်ကြောင့် အပေါ်ထပ် အဆောက်အဦပုံစံ ဤသို့ ဖြစ်သည်ဆိုသော သဘောဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုအခါ ပုဂ္ဂလိကပိုင်ပြုခြင်း လုပ်ငန်းခွင် အရှိန်အဟုန်ရလာသည်နှင့်အမျှ ကုန်လုပ်ဆက်ဆံရေး ပုံသဏ္ဌာန် ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ကုန်လုပ်ဆက်ဆံရေးတွင် ဈေးကွက်အင်အားစုများ အားကြီးလာသည်ကို မြင်တွေ့ရတော့မည်ဖြစ်သည်။ ဈေးကွက်အင်အားစုများ အားကြီးလာသောအခါ State နှင့် ဈေးကွက်တို့၏ ကုန်လုပ်ဆက်ဆံရေးပုံသဏ္ဌာန် ဆက်လက်ပြောင်းလဲသွားဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေသည် ကုန်လုပ်ဆက်ဆံရေးရော အပေါ်ထပ် အဆောက်အဦပါ တစ်ပြိုင်နက်ပြောင်းနေခြင်း ဖြစ်ပါသည်။ ယခုတစ်ကြိမ် အပေါ်ထပ်အဆောက်အဦ ပြောင်းခြင်းသည် အသစ်ဖြစ်ပေါ်လာနေသော ကုန်လုပ်ဆက်ဆံရေးနှင့် တိုက်ရိုက်မပတ်သက်ပေ။ အသစ်ဖြစ်ပေါ်လာနေသော ကုန်လုပ်ဆက်ဆံရေးများ၏ အပေါ်ထပ်အဆောက်အဦအပေါ် အကျိုးသက်ရောက်မှုကို အသစ်ထပ်မံမြင်တွေ့ရလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

The Voice ဂျာနယ်
အတွဲ (၆) အမှတ် (၁၇)
March 1-7, 2010
စာမျက်နှာ-၁၄

No comments:

Post a Comment

 
Web Statistics