Monday, March 01, 2010

ဗြိတိသျှခေတ် (၆)


၁၂၉၈ ခုနှစ်နှင့် ၁၃၀၀ ပြည့်နှစ်များတွင် တက္ကသိုလ်ကျောင်းသားများသည် ပညာရေးစနစ်၏ ချွတ်ယွင်းချက်များကို အကြောင်းပြ၍ သပိတ်မှောက်ခဲ့ကြလေသည်။ ကျောင်းမှထွက်လျှင် အစိုးရကျွန်ခံရန် လမ်းပေါက်တစ်ခုသာပွင့်စေ၍ အဖက်ဖက်တွင် ပညာသင်ကြားလိုသူများ သင်ခွင့်မရနိုင်အောင် စရိတ်ကြီးလေးစေသဖြင့် ကျွန်ပညာဟုသမုတ်ကာ ကျောင်းသားများ မကျေမနပ် ဖြစ်နေခဲ့သည်မှာ ကြာရှည်ခဲ့ပေပြီ။ ကျောင်းသားသည် ပညာသင်ရုံနှင့် မပြီးသေးဘဲ မိမိအမျိုးသား လွတ်မြောက်ရေးအတွက်ပါ တာဝန်ရှိလာသည်ဟုလည်း ခံယူလာခဲ့ကြလေသည်။ ထို့ကြောင့် ပုသိမ်မြို့ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးတွင် ကျောင်းသားများ နိုင်ငံရေးကို ၀င်သင့်သည်ဟု ဆုံးဖြတ်ခဲ့ကြလေသည်။ ကျောင်းသားများသည် ရေနံမြေသပိတ်ကို ထောက်ခံလေသည်။ ကျောင်းသားခေါင်းဆောင်များ အဖမ်းခံရရာမှ သပိတ်မှောက်၍ ရန်ကုန်မြို့ အတွင်းဝန်ရုံးကို ၀ိုင်းဝန်းဆန္ဒပြကြရာတွင် ကျောင်းသားများသည် လုံးဝအကြမ်းဖက်မှုကို မသုံးစေကာမူ နိုင်ငံရေးသမားတို့က ပယောဂစွက်၍ မြင်းစီးပုလိပ်တို့အား လိမ္မော်သီး၊ ခဲတို့ဖြင့် ပစ်ခတ်လေသည်။ နိုင်ငံရေးသမားတို့၏ တိုက်ကွက်မှာ တစ်နည်းနည်းနှင့်ဆူပူ၍ လက်ရှိအစိုးရအဖွဲ့ ဖျက်သိမ်းလျှင် မိမိတို့က အစိုးရဖွဲ့နိုင်ရန်သာလျှင် မျှော်မှန်းထားကြပေသည်။ ထို့ကြောင့် မြင်းစီးပုလိပ်တို့က တုတ်နှင့်ရိုက်၍ လူစုခွဲရာ ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံး၍ ကျောင်းသူကျောင်းသားများ ဒဏ်ရာရရှိခဲ့လေသည်။

ထိုနှစ်ဆန်းပိုင်းအတွင်းကလည်း မော်လ၀ီနှင့် ယောဂီစာတမ်းကို အကြောင်းပြု၍ ကုလားမြန်မာ အဓိကရုဏ်း ဖြစ်ခဲ့လေရာ အင်္ဂလိပ်တို့က အဓိကရုဏ်း နှိမ်နင်းသလိုနှင့် မြန်မာများအား ပစ်ခတ်သတ်ဖြတ်ခြင်း ပြုခဲ့လေသေးသည်။ မြန်မာ ၅၂ ယောက် သေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့လေသည်။ တိုးတက်လာသော တို့ဗမာအစည်းအရုံး (သခင်ပါတီ)သည် အကြောင်းရင်းမှန်သော ရေနံမြေအလုပ်သမားနှင့် ကျောင်းသားများဘက်မှ ရပ်တည်ကာ အားပေးကူညီကြလေသည်။ ရန်ကုန်မြို့တွင် ဖြစ်ပျက်သော ကျောင်းသားအရေးအတွက် မန္တလေးမြို့တွင် လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတို့ အစည်းအဝေးကျင်းပ၍ စီတန်းလမ်းလျှောက်ကြရာ အင်္ဂလိပ်အစိုးရက သေနတ်နှင့်ပစ်ခတ်၍ ရဟန်း ၇ ပါးနှင့် လူ ၁၀ ဦးတို့ ကျဆုံးခဲ့ရလေသည်။ တစ်ပြည်လုံးသည် မျိုးချစ်စိတ် မီးဟုန်းဟုန်းတောက်၍ နေလေတော့သည်။ ကျောင်းသားအချို့လည်း တို့ဗမာအစည်းအရုံးသို့ဝင်ကာ နိုင်ငံရေးကို ခြေစုံပစ်ဝင်၍ ဆောင်ရွက်ကြလေတော့သည်။

ဒေါက်တာဘမော် အစိုးရအဖွဲ့လည်း အခြေမလှသဖြင့် နုတ်ထွက်လိုက်ရပြီး ဦးပု အစိုးရ ဆက်ခံပြန်လေသည်။ ထို့နောက်တွင်ကား ဦးစောအစိုးရ တက်လာပြန်လေသည်။ ထိုအစိုးရများသည် အင်္ဂလိပ်အစိုးရ၏ ၉၁ ဌာန အုပ်ချုပ်ရေး ယန္တရားကိုသာ မောင်းနှင်ရလေသည်။ ဦးစောအစိုးရ လက်ထက်တွင် အုပ်ချုပ်ရေးဌာနများတွင် မြန်မာစာ အသုံးပြုရေး၊ တက္ကသိုလ်တွင် မြန်မာဘာသာ သင်ကြားရေး၊ မူလတန်း မသင်မနေရ ပညာရေးတို့ကို စိုင်းပြင်းလျက်ရှိလေသည်။ လူဝင်လူထွက် ဥပဒေဖြင့် အိန္ဒိယတိုင်းသားများ ၀င်လာမှုကို တားဆီး၍ ဘုန်းတော်ကြီးကျောင်းများအတွက် သစ်များထုတ်၍ ပေးလေသည်။ အုပ်ချုပ်ရေးဘောင်အတွင်းမှ ရနိုင်သမျှကို ဆောင်ရွက်ပေးသော်လည်း လွတ်လပ်ရေးအတွက် အားသစ်ပျိုး၍နေသော သခင်လူငယ်များကိုမူ အားမပေး၊ မထောက်ခံနိုင်ရုံသာမက ဂဠုန်တပ်ဖြင့် အမျိုးမျိုး နှိမ်နင်းခဲ့လေည်။ နိုင်ငံအတွက် မိမိ လုပ်ဆောင်မှသာရမည်ဟူသော အမြင်နှင့် တစ်ကိုယ်တော်ဝါဒကို ထားရှိခဲ့သည်မှာ မဟာအမှားပင် ဖြစ်လေသည်။

မြန်မာတို့၏ လွတ်လပ်ရေးဆန္ဒကား ပြင်းထန်နေလေသည်။ တို့ဗမာအစည်းအရုံးသည် အင်အားကြီးပါတီများနှင့် အင်္ဂလိပ်အစိုးရတို့၏ ဖိနှိပ်မှုအကြားမှ ရုန်းကန်၍ ရည်တည်ရလေသည်။ အကြောင်းရင်းမှန်သောကြောင့် သခင်ကိုယ်တော်မှိုင်း စသော ပုဂ္ဂိုလ်ကြီးများမှအစ ပညာတတ် တက္ကသိုလ်ကျောင်းသားများ မျိုးချစ်စိတ်ထက်သန်၍ ကိုယ်ကျိုးရှာပါတီများကို ရွံ့မုန်းနေသူများ၊ သမာသမတ်ရှိသူများသည် တို့ဗမာအစည်းအရုံးသို့ ၀င်လာကြလေသည်။ တို့ဗမာအစည်းအရုံး၏ အင်အားမှာ တိုးတက်၍သာ လာလေသည်။ အရေအတွက်သာမက စိတ်ဓာတ်မှာလည်း ပြင်းထန်လာလေသည်။ တက်ကြွသော စွန့်စားရဲသူ၊ အနစ်နာခံရဲသူတို့၏ စုဝေးရာအဖွဲ့ ဖြစ်လာလေရာ အင်္ဂလိပ်အစိုးရသည် တို့ဗမာအစည်းအရုံးကို အကြောက်ရွံ့ဆုံး ဖြစ်လာလေသည်။ တို့ဗမာအစည်းအရုံးသည် လွှတ်တော်တွင် အမတ် ၃ ဦးသာ အရွေးခံရ၍ ထိုအမတ်များသည်လည်း လစာမယူကြချေ။ ပြည်သူတို့မှာ ပါတီနိုင်ငံရေးတွင်လည်းကောင်း၊ လူမှုပုဂ္ဂိုလ် နိုင်ငံရေးတွင်လည်းကောင်း နစ်မျောနေခဲ့ကြ၍ အသစ်အဆန်းဖြစ်သော လူငယ်သခင်များကို အထင်မကြီးမိခဲ့ကြပေ။ သို့ရာတွင် ၉၁ ဌာန ရွေးကောက်ပွဲ၏ နောက်ပိုင်းတွင်ကား သခင်များကို ယုံကြည်အားကိုး လာခဲ့ကြလေသည်။ အကယ်၍သာ ဒုတိယကမ္ဘာစစ်မဖြစ်၍ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့သော် သခင်တို့အင်အားမှာ အကြီးအကျယ် များပြားလာဖွယ်ရှိပေသည်။

၁၃၀၁ ခုနှစ်တွင် အင်္ဂလိပ်တို့သည် နာဇီဂျာမဏီကို စစ်ကြေညာခြင်းဖြင့် ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလျက်ရှိလေသည်။ ထိုအချိန်တွင် တို့ဗမာအစည်းအရုံးသည် လွတ်လပ်ရေးကို တောင်းယူ၍မရ၊ တိုက်ယူမှ ရတော့မည်ဟု သဘောထားခဲ့ပြီးဖြစ်လေရာ "အင်္ဂလိပ်အခက် ဗမာ့အချက်" ဟူသော ကြွေးကြော်သံဖြင့် လျှို့ဝှက်လှုပ်ရှားရုံသာမက လှုံ့ဆော်ခြင်း၊ ဟောပြောခြင်းများလည်း ပြုလုပ်လေသည်။ လက်နက်အကူအညီ ရရေးအတွက် အင်္ဂလိပ်နှင့်ဆန့်ကျင်သော နိုင်ငံသံရုံးများနှင့် လျှို့ဝှက်ဆက်သွယ်ကြလေသည်။ အင်္ဂလိပ်အစိုးရကလည်း လက်လှမ်းမီသမျှ သခင်များကို ထောင်ထဲသို့ ပို့လျက်ရှိလေသည်။

ထိုအချိန်၌ တို့ဗမာအစည်းအရုံးသည် ဂိုဏ်းဂဏပါတီမရွေး လွတ်လပ်ရေးကို မြတ်နိုးလိုလားသူတိုင်း ပါဝင်နိုင်သည့် ဗမာ့ထွက်ရပ်ဂိုဏ်းကို ထူထောင်ခဲ့ကြပြီး၍ အထွေထွေ အတွင်းရေးမှူးအဖြစ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမှ တို့ဗမာအစည်းအရုံးသို့ ၀င်လာသူ သခင်အောင်ဆန်းအား တာဝန်ပေးလေသည်။ သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးလည်း ဖြစ်လေသည်။ သခင်အောင်ဆန်းသည် ၁၃၀၂ ခုနှစ်တွင် ဇလွန်ညီလာခံမှအပြန် ဒေါင့်ကြီးရွာတွင် တရားဟောပြောရာ ဟင်္သာတ ရာဇ၀တ်ဝန်က ဖမ်းဆီးရန် ၀ရမ်းထုတ်သဖြင့် ရန်ကုန်သို့ ရှောင်တိမ်းလာခဲ့ပြီးနောက် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ရန်ကိစ္စများ အရေးမပြီးမီ အဖမ်းခံရပါက လုပ်ငန်းများ ထစ်ငေါ့မျက်ခြေပြတ်မည် စိုးသဖြင့် မြေလျှိုးလိုက်ရလေသည်။ ထို့နောက်တွင် နိုင်ငံခြားအကူအညီ ရရှိရေးအတွက် နော်ဝေပြည်ပိုင် ဟိုင်လီသင်္ဘောဖြင့် ပြည်ပသို့ ထွက်ခွါသွားခဲ့လေသည်။

သခင်အောင်ဆန်းသည် တရုတ်ပြည် အမွိုင်မြို့တွင် သောင်တင်နေပြီးမှ ဂျပန်နှင့် အဆက်ရ၍ အရပ်ရပ်စီစဉ်ပြီးနောက် မြန်မာနိုင်ငံသို့ လျှို့ဝှက်ပြန်လာကာ လူငယ်ရဲဘော် သုံးဆယ်ခန့်ကို စစ်ရေးလေ့ကျင့်ပေးရန် နိုင်ငံခြားသို့ ပို့ထုတ်ရေးအတွက် မြန်မာနိုင်ငံရှိ ရဲဘော်များနှင့် တိုင်ပင်စီစဉ်လေသည်။ ထိုနည်းဖြင့် ရဲဘော်သုံးကျိပ်မျှ ဟိုင်နန်ကျွန်းတွင် ဂျပန်ထံမှ စစ်ပညာ သင်ကြားနေလေသည်။

************************
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ကြောင်း ရှေ့ပိုင်းပို့စ်များတွင် ဖော်ပြထားသော်လည်း မကြာခဏဆိုသလို မေးမြန်းတတ်ကြသဖြင့် နောင်တင်ပေးသည့် ပို့စ်တိုင်းတွင် စာရေးသူအမည်နှင့် စာအုပ်အမည်ကို ဖော်ပြပေးသွားပါမည်။ ဗြိတိသျှခေတ်အကြောင်းက ဤနေရာတွင် ပြီးဆုံးသွားပြီဖြစ်ပါသည်။ နောက်ထပ် ခေတ် (၅)ခေတ် အကြောင်းပြီးလျှင် မြန်မာရာဇ၀င်အကျဉ်း ပြီးဆုံးတော့မည် ဖြစ်ပါသည်။ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာ့ရာဇ၀င်ကို အကျဉ်းမျှဖြစ်စေ သိရှိခွင့်ရခြင်း၊ သိရှိထားခြင်းငှာ မဖြစ်မနေ လိုအပ်သည်ဟု ထင်မြင်ယူဆသည့်အတွက် ကန့်ကွက်မှုအမျိုးမျိုးကြားမှ ဤစာအုပ်ကို မပြီးပြီးအောင် တင်ပေးလိုခြင်းဖြစ်ပါသည်။ ယခုချက်ချင်း စိတ်ဝင်စားချင်မှ ၀င်စားပါလိမ့်မည်၊ အသုံးဝင်ချင်မှ ၀င်ပါလိမ့်မည်။ သို့သော် တကယ်တမ်း မြန်မာအကြောင်းသိလိုသည့်အချိန်၊ သိလိုသူများအတွက်မူ အဖိုးတန်လိမ့်မည်ဟု ယုံကြည်ပါသည်။ မြန်မာရာဇ၀င်အကျဉ်းသည် အချစ်ဝတ္ထုတစ်ပုဒ်လောက် စိတ်ဝင်စားဖွယ်ရာ ကောင်းချင်မှ ကောင်းပါလိမ့်မည်။ သို့သော် မြန်မာလူမျိုးတစ်ဦးအနေဖြင့်တော့ တစ်ခေါက်ဖြစ်စေ ဖတ်ဖူး၊ သိဖူးဖြစ်သင့်သည်ဟုတော့ ယုံကြည်နေမိပါသည်။

(ကိုဉာဏ်)

No comments:

Post a Comment

 
Web Statistics