Friday, March 05, 2010

ပြောကို.... မပြောချင်တော့ပါဘူးဗျာ - ကိုဉာဏ် (ပန်းလောင်မြေ)


ပထမဆုံးပြောချင်တာက ပေးထားတဲ့ခေါင်းစဉ်ကို စာလိုမဖတ်ဘဲ အရပ်ထဲမှာ စကားပြောသလို အသံနေအသံထားနဲ့ ဖတ်စေချင်တာပါ။ ဒါမှလည်း အဲဒီခေါင်းစဉ်က ကြွတက်လာမှာပါ။ ကိုယ်တိုင်မကြုံဖူးရင်တောင်မှ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေထဲမှာ မြင်ဖူး၊ ကြားဖူးကြမယ် ထင်ပါတယ်လေ။ အတင်းပြောတတ်တဲ့ မိန်းမကြီးတွေ အတင်းပြောခါနီးရင် အရင်ဆုံးစပြီး ပြောတတ်ကြ၊ စကားပလ္လင်ခံတတ်ကြတာက အပေါ်က ခေါင်းစဉ်ဖြစ်တဲ့ "ပြောကို... မပြောချင်တော့ပါဘူး" ဆိုတဲ့စကားဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာစကားကလည်း နည်းနည်းတော့ ရှုပ်တယ်ဗျ။ စိတ်ဝင်စားစရာလည်းကောင်းတယ်။ အဲ... ချစ်ဖို့လည်းကောင်းတယ်ဗျ။ ဒီလိုပါဗျာ... စောစောကပြောသလို ပြောကိုမပြောချင်တော့ပါဘူး ဆိုတာက တကယ်မပြောချင်လို့ ပြောတဲ့စကားမဟုတ်မှန်း မြန်မာတိုင်းနီးနီး သိကြပါတယ်ခင်ဗျ။ အဲဒီစကားလုံးကို ပြောလိုက်ပြီဆိုကတည်းက အဲဒီလူဟာ တစ်ခုခုကို ပြောချင်နေပြီ၊ တစ်ခုခုကို ဖောက်သည်ချချင်နေပြီဆိုတာ အပြောခံရသူတွေက အလိုလိုနားလည်ကြပါတယ်။ အဲဒီမပြောချင်တော့ပါဘူးကို အတည်ပေါက်ယူပြီး မပြောချင်လည်း နေပါဗျာဆိုပြီး သွားလုပ်လို့ကတော့ အဲဒီလူသာ စိတ်ဆိုးလိုက်မယ့်အမျိုးဗျို့။ ပြောချင်လွန်းလို့မှ ပြောကိုမပြောချင်တော့ပါဘူးလို့ စကားခံထားပါတယ်ဆိုမှ မပြောနဲ့ဆိုတော့ စဉ်းစားသာကြည့်ပေါ့ဗျာ။ ကြုံလို့ တစ်ဆက်တည်းပြောရရင် နောက်ထပ် အလားတူ စကားလုံးတွေရှိသေးသဗျ။ ကြားဖူးကြမှာပါဗျာ... မသိပါဘူးအေ...ဆိုတာ သေချာပေါက် အဲဒီလူက သိနေလို့ပြောတာ။ ကြားကိုမကြားချင်တော့ပါဘူးဆိုတာက သေသေချာချာကို ကြားချင်လွန်းလို့ ပြောတဲ့စကားဗျ။ ထားပါတော့ဗျာ...။ အခုလိုဆိုရပေမယ့် အပေါ်မှာပြောခဲ့သလို အဲဒီစကားလုံးတွေကို ပြောတဲ့နေရာ၊ ပြောတဲ့အချိန်၊ ပြောတဲ့လေယူလေသိမ်းအပေါ်မှာလည်း မူတည်သေးသဗျ။ သူ့ဘာသာသူ စိတ်တိုနေတဲ့လူတစ်ယောက်က ကျုပ်ပြောကိုမပြောချင်ဘူး ဆိုတာကိုသွားပြီး ခင်ဗျားကလည်းဗျာ ပြောချင်နေတာများ ပြောစမ်းပါဆိုရင် နဂိုကမှ စိတ်တိုနေပါတယ်ဆိုမှ သူ့ကိုလာနောက်ရကောင်းလားဆိုပြီး ခင်ဗျားကို တစ်ခုခုတုံ့ပြန်လိုက်လိမ့်မယ်ဗျ။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုတဲ့ထုံး နှလုံးမူပြီး ပြေးပေါ့ဗျာ။

အခု.... ကျွန်တော်ကတော့ စိတ်တိုလို့လည်းမဟုတ်ပါဘူး၊ တကယ်မပြောချင်တော့လို့လည်း မဟုတ်ရပါဘူး။ ပြောချင်လွန်းတဲ့အတွက်ကို "ပြောကို... မပြောချင်တော့ပါဘူးဗျာ" လို့ ခေါင်းစဉ်တပ်ပြီးတော့ကို ပြောလိုက်ရတာဖြစ်ကြောင်းပါ။ ခေါင်းစဉ်ကိုက အလေးအနက်မဟုတ်တဲ့အတွက် ဒီနေရာမှာ အတင်းဆန်တာ၊ အဖျင်းဆန်တာတွေ ပါကောင်းပါနိုင်ပါတယ်။ အခြေအမြစ်မရှိတာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကိုယ်ထင်ရာကိုယ်ပြောတဲ့ အကိုးအကားမဲ့စကားတွေလည်း ပါသွားကောင်းပါသွားနိုင်ပါတယ်။ ကြုံရ၊ ကြားရ၊ ဖတ်ရ၊ မှတ်ရတာတွေထဲကနေ ပြောချင်လွန်းတာတွေကို ပြောလိုက်ရတာဖြစ်ကြောင်းပါ။ စာဖတ်သူနဲ့ အကြောင်းတိုက်ဆိုင်တာတွေများ ပါသွားခဲ့ရင် ထုံးစံအတိုင်း အပြစ်တော်မမြင်ဘဲ ခွင့်လွှတ်သည်းခံကြပါဦးလို့ ကြိုတင်တောင်းပန်လိုက်ပါကြောင်းနော်။

(၁)
ပြောကို.... မပြောချင်တော့ပါဘူးဗျာ
ကျွန်တော့်မှာ ဘလော့ဂ်ကို ရေးသာရေးနေရတယ်။ တစ်နေ့တစ်ခြား ကြောက်ကြောက်လာတာတော့ အမှန်ပါပဲ။ ကျွန်တော်က တစ်ခုခုရေးလိုက်လို့ အဲဒီစာထဲမှာ ဇာတ်ကောင်တစ်ခုခု၊ ပုဂ္ဂိုလ်တစ်ဦးဦး ပါသွားရင် မကြာခင်အချိန်အတွင်းမှာပဲ တစ်ယောက်မဟုတ်တစ်ယောက်က အဲဒါ ဘယ်သူလဲဟင်၊ အဲဒါ ဘယ်နားမှာလဲ၊ အဲဒါကို ငါတို့တောင် မသိလိုက်ရပါလား စသည်ဖြင့် မေးတတ်၊ ပြောတတ်ကြပါတယ်။ ကျွန်တော်က ရေးသမျှအကြောင်းအရာတွေအကုန်လုံးဟာ ကျွန်တော့်အကြောင်းတွေ၊ ကျွန်တော့်ပတ်ဝန်းကျင်တွေလို့ မမှတ်ယူပါနဲ့လို့ ဘယ်လောက်ပြောပြော မရကြပါဘူးဗျာ။ မယုံဘူးတဲ့။ မင်း... ဘယ်သူ့ကို ပြောချင်တာလဲဆိုပြီး မေးလာကြပါရောလား။ ခက်လိုက်သမှ တော်တော့်ကို ခက်လိုက်ပါဘိဗျာ။ ဘယ်သူ့ကိုမှ ထိခိုက်အောင် မရေးထားမှန်း သူတို့တွေ သိကြတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း သိတယ်၊ ယုံကြည်တယ်။ ဒါပေမယ့်ဗျာ လူဆိုတဲ့အမျိုးကလည်း သိတယ်မလား၊ တစ်ခုခုဆိုရင် စိတ်ဝင်စားမိတတ်ကြတာကိုး။ ကျွန်တော်တစ်ခုခုရေးလိုက်တိုင်း ကျွန်တော့်ပတ်ဝန်းကျင်က လူတွေထဲက ဘယ်သူများလဲဆိုပြီး လိုက်ပြီးစိတ်ဝင်စားကြတာ မကောင်းဘူးထင်တာပါပဲ။ ကျွန်တော့်အတွက် အရေးရခက်တာပေါ့ဗျာ။ အချို့ဟာလေးတွေက ကျွန်တော့်ကိုယ်တွေ့တွေပါ၊ အချို့ကတော့ ရင်းနှီးသူတွေက သူတို့အဖြစ်အပျက်လေးတွေကို ပြန်ပြောပြတာပါ။ သူတို့ကိုယ်တိုင်ကြုံရပေမယ့် စာစီဖို့ အခွင့်မသာလို့၊ စာမစီတတ်လို့ ကျွန်တော့်ကို ကလောင်ငှားကြတာဆိုပါတော့။ တော်သေးပါရဲ့ဗျာ... ကျွန်တော့်မှာ ထောင်တွင်းအတွေ့အကြုံဝတ္ထုတို့၊ အချစ်ဝတ္ထုနုနုလေးတွေတို့ မရေးမိပေလို့။ တော်ကြာနေ...။ အခုလည်း ရေးသာရေးလိုက်ရတယ်၊ မကြာပါဘူး တစ်ယောက်မဟုတ်တစ်ယောက်က လာပြော၊ လာမေးဦးတော့မယ်။ မင်းကလည်း ငါတို့တွေက ကိုယ့်အချင်းချင်း ရင်းနှီးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေမို့ မေးကြည့်တာကို ဘလော့ဂ်ပေါ်တင်ပြီး ဖွရသလားဆိုပြီး အပြစ်တင်သံလေးနှောပြီး ရန်တွေ့ကြဦးမှာကိုလည်း ကြိုတင်မြင်ယောင်နေပါသေးသဗျ။

(၂)
ပြောကို.... မပြောချင်တော့ပါဘူးဗျာ
တစ်ပတ်လုံး ရုပ်ရှင်သွားကြည့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည် မဖော်လိုက်နိုင်ဘူး။ ဒီနေ့တော့ ဇာတ်ကားသစ် ရုံတင်သွားပြီ။ မကြည့်လိုက်ရတဲ့ရုပ်ရှင်က နာမည်ကြီးနေတယ်ဆိုတဲ့ "အတိတ်၏ အရိပ်" ပါ။ အောင်သူရနဲ့ အိန္ဒြာကျော်ဇင်တို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီး ဆွစ်ဇာလန်မှာ ရိုက်ထားတယ်ဆိုတဲ့ ဇာတ်ကားပါ။ မန္တလေးအက်ဖ်အမ်မှာ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အောင်သူရနဲ့ တွေ့ဆုံမေးမြန်းခန်းကို နားထောင်ထားရတာရယ်၊ ဂျာနယ်တွေထက်မှာ ရန်ကုန်မှာ အောင်ပွဲခံနေကြောင်း ရေးထားတာတွေကို ဖတ်ရတဲ့အတွက် ကြည့်ဖို့အားခဲထားတဲ့ ဇာတ်ကားပါ။ သို့ပေသော်လည်းပေါ့ဗျာ... ကျွန်တော်တို့သွားနေကျ လ္ဘက်ရည်ဆိုင်က ဆိုင်ရှင်အစ်ကိုကြီး ပြန်ပြောပြတဲ့ ရုပ်ရှင်ကြည့်အတွေ့အကြုံကို နားထောင်ပြီး သွားကြည့်သင့်၊ မသင့် ချီတုံချတုံ ဖြစ်နေရာကနေ မကြည့်ဖြစ်လိုက်တဲ့အထိပါပဲ။ သူတို့သွားကြည့်ပြီးပြီဆိုတော့ ကျွန်တော်က မေးကြည့်မိတာပေါ့။ ဘာပြန်ပြောတယ်မှတ်တုန်း။ သွားကြည့်စမ်းပါတဲ့၊ အရမ်းရယ်ရတယ်တဲ့။ တစ်ရုံလုံးကို တ၀ါးဝါး တဟားဟားနဲ့တဲ့။ ကျွန်တော်အတော်လေးကို ကြောင်သွား၊ အံ့သြသွားတာ အမှန်ပါပဲ။ ကျွန်တော်ဖတ်ဖူး၊ နားထောင်ဖူးတာက အဲဒီဇာတ်ကားဟာ ဟာသကားမဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်လာတဲ့လူက အရမ်းရယ်ရတယ်ဆိုတော့ တစ်မျိုးဖြစ်မိတာပေါ့။ သေချာအောင် ထပ်မေးရပါတယ်။ ဟုတ်လို့လားဆိုတော့ ဟုတ်တယ်တဲ့။ ရုပ်ရှင်ရုံတစ်ခုလုံး တ၀ါးဝါးနဲ့ ပွဲကျနေကြတာတဲ့။ ဘယ်လိုများဖြစ်တာပါလိမ့်။ ဆိုင်ရှင်အမျိုးသမီးကြီးက ၀င်ပြီးပြောသေးတယ်။ ကျွန်မက မင်းသားကို မေတ္တာကြီးအောက်မေ့နေတာတဲ့။ အဲဒီတော့ သမီးကို အဲဒါမေတ္တာကြီးမလားလို့ မေးမိတော့ ဘေးနားက ၀ိုင်းရယ်လိုက်ကြတာများ ပတ်တုပ်လို့တောင် မရဘူးတဲ့။ မင်းသားစကားပြောပုံကို ဆိုင်ရှင်အစ်ကိုကြီးက အမူအရာနဲ့ ပြန်လုပ်ပြ၊ ပြန်ပြောပြတာကို နားထောင်ရင်း၊ ကြည့်ရင်းနဲ့ ကျွန်တော့်မှာ ရယ်လို့ကို မဆုံးနိုင်တော့ပါဘူး။ သူလုပ်ပြတာကို ပြန်ပုံဖော်ကြည့်မိတော့ ဆားပုလင်းနှင်းမောင် ဇာတ်ကားတွေထဲမှာ ဘိလပ်အရာရှိ ပုလိပ်လုပ်တဲ့လူတွေ စကားပြောတဲ့ပုံစံကြီးကိုပဲ မျက်စိထဲမှာ ပြေးမြင်မိတယ်။ စကားကိုမပီဘဲနဲ့ "မှောင်မှင်း.... လုခလေး.... ကျိုနုပ် အားချီး ဆိတ်စိုးဒယ်" ဆိုတဲ့ စကားပြောကို အတော်များများ ကြည့်ဖူး၊ နားထောင်ဖူးမယ် ထင်ပါတယ်။ ပြီးတော့ ခြေထောက်ကြီးခွဲရပ်၊ ခါးကြီးကိုင်းပြပြီး အောင်သူရစတိုင်လ်ဆိုပြီး လုပ်ပြတာကို ကြည့်ရတာလည်း အတောမသတ်အောင် ရယ်လိုက်ရပါဘိဗျာ။ မကြည့်လိုက်ရတာတောင် နာသေးထင်ပ။

(၃)
ပြောကို.... မပြောချင်တော့ပါဘူးဗျာ
ဒီမြို့က စာအုပ်ဆိုင်တွေကို စာအုပ်သွားရှာရ၊ သွားဝယ်ရတာ အတော်လေးကို စိတ်ညစ်စရာကောင်းတယ်။ မရှိဘူး၊ မတင်ဘူး၊ ကုန်နေတယ် ဆိုတဲ့စကားလုံးကို အလွတ်ကျက်ထားသလား အောက်မေ့ရတယ်။ သူတို့မသိတဲ့ စာရေးဆရာတစ်ယောက်နာမည် မေးမိရင် မရှိဘူး၊ မတင်ဘူးလို့ ချက်ချင်းပြောတယ်။ သူတို့ကြားဖူးပေမယ့် ဆိုင်မှာမတင်တဲ့ စာအုပ်တွေကို မေးမိရင် ကုန်နေတယ်လို့ ပြန်ဖြေတယ်။ ဘယ်တော့လောက် ရောက်မလဲလို့ မေးလိုက်မိရင် ဘာပြန်ဖြေရမှန်း မသိကြတော့ဘူး။ စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် သူတို့အတွက် ရောင်းကောင်းမယ့်ဟာ၊ သူတို့အတွက် အမြတ်ကျန်မယ့် စာအုပ်တွေကိုပဲ အဓိကထားပြီး ရောင်းမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ၀ယ်မယ့်လူကိုယ်တိုင်က ဘာစာအုပ်တွေ လိုချင်လို့ပါ၊ စာပေဖြန့်ချိရေးကို သူတို့တွေ အပတ်စဉ်သွားနေတာဖြစ်တဲ့အတွက် မှာပေးလို့ရမလား၊ တင်ပေးလို့ရမလားလို့ အကူအညီတောင်းမိရင် အားလုံးရဲ့ တစ်ညီတစ်ညွတ်တည်းအဖြေက မရဘူးဆိုတာပဲ။ အားနာပါးနာနဲ့ ရပါတယ်၊ မေးကြည့်ပေးပါ့မယ်၊ မှာပေးပါ့မယ်လို့ ပြောဖူးတဲ့ဆိုင်နှစ်ဆိုင်လောက်ကလည်း ပါးစပ်ကသာ မှာပေး၊ မေးပေးတာပါ ဘယ်တုန်းကမှလည်း ကျွန်တော်လိုချင်တဲ့စာအုပ်တွေကို ရအောင်လုပ်မပေးခဲ့ဖူးပါဘူး။ ကျွန်တော့်မှာ စာအုပ်တစ်ခုခုလိုချင်ရင် မန္တလေးကို တကူးတကန့် လှမ်းမှာနေရတာ အတော်ကို စိတ်အနှောက်အယှက်ဖြစ်ရတယ်။ တစ်ဖက်လူကိုလည်း အားနာရတယ်။ ( ဥပမာပြောရရင် Waves မဂ္ဂဇင်း(လစဉ်ထုတ်) နဲ့ ဒေါက်တာနေဇင်လတ်စာအုပ်တွေကို ဒီမြို့ကိုရောက်ကတည်းက တင်ပေးဖို့၊ မှာပေးဖို့ ကြုံတဲ့စာအုပ်ဆိုင်တိုင်းကိုပြောမိတာ အခုအချိန်အထိ တစ်အုပ်မှ မဖတ်ရသေးဘူး) တော်ပါသေးရဲ့ မန္တလေးကို လှမ်းမှာလို့ ရနေပေလို့။ ပြောထားမိပြီဆိုတော့ ညနေဖက်တော့ စာအုပ်ဆိုင်တွေကို တစ်ခေါက်လောက် သွားကြည့်ရဦးမယ်။ ရှိလိုရှိငြားပေါ့။

(၄)
ပြောကို.... မပြောချင်တော့ပါဘူးဗျာ
နွေရာသီရောက်တော့မှာဆိုတော့ မီဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုတွေ လုပ်ကြတယ်ခင်ဗျ။ ညီငယ်တစ်ယောက်က ဌာနတစ်ခုရဲ့ မီးလောင်ရင်လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ဇာတ်တိုက်လေ့ကျင့်မှုတစ်ခုကို ဗီဒီယိုအနေနဲ့ တည်းဖြတ်နေတာကို ကြည့်လိုက်မိပါတယ်။ အပ်ထားတဲ့အလုပ်မို့သာ သူက ဘာမှမပြောတယ်။ သူနဲ့ကျွန်တော် အမြင်ချင်းတူတာတစ်ခု သွားတွေ့ရတယ်။ ထုံးစံအတိုင်း မီးလောင်တာဆိုတော့ ရေပုံးဆွဲသူဆွဲ၊ မီးချိတ်မီးခက် ဆွဲသူဆွဲပေါ့။ ဇာတ်တိုက်တာဆိုတော့ သိတဲ့အတိုင်းပဲ အားလုံးက ညီညီညာညာ၊ စုစုဝေးဝေးနဲ့ မသိရင် တရုတ်စစ်ကား ကြည့်နေရသလား အောက်မေ့ရတယ်။ ရေပုံးကို လက်ဆင့်ကမ်းသယ်တဲ့အထိ၊ ဇာတ်တိုက်လေ့ကျင့်နေကြသူတွေက ပြောင်စပ်စပ်ပြုံးဖြီးဖြီးတွေ ဖြစ်နေတဲ့အထိ မျက်စိစပါးမွှေးစူးပေမယ့် ဘာမှမပြောသေးပါဘူး။ ဒါပေမယ့် မီးလောင်လို့ သူတို့ငြှိမ်းမယ်ဆိုတဲ့ အထပ်မြင့်အဆောက်အဦးကြီးဆီကို ပြေးလာတဲ့နေရာမှာ မီးချိတ်မီးခက်တွေက ဘာလုပ်လို့ရမလဲလို့ တွေးကြည့်လို့မရဘူးဖြစ်နေတယ်။ သူတို့မီးချိတ်မီးခတ်တွေက အောက်ဆုံးထပ်တစ်ထပ်ကိုတောင် မီတာမဟုတ်ဘူး။ ဒီလောက် အထပ်မြင့်ကြီးကို အဲဒီပစ္စည်းတွေနဲ့ ဘာလုပ်ကြမှာလဲ။ မီးလောင်တာကို ငြှိမ်းတဲ့လုပ်ငန်းစဉ်တွေသာ ပြီးသွားတယ်။ မီးသတ်ဆေးဘူးနဲ့တူတာ မတွေ့လိုက်ရဘူး။ ဘုရား... ဘုရား... တကယ်မီးလောင်ရင်ဆိုတဲ့ အတွေးကို ကျွန်တော်တွေးတောင် မတွေးရဲဘူး။

(၅)
ပြောကို.... မပြောချင်တော့ပါဘူးဗျာ
ကျွန်တော့်မှာလည်း ဘလော့ဂ်ရေးတာ၊ ဘလော့ဂ်အတွက် အချိန်ပေးလွန်းတာတွေကို လျှော့မယ်လျှော့မယ်နဲ့ အခုအချိန်အထိ ဒုံရင်းပါပဲ။ မရေးဘူးကွာဆိုပြီး စိတ်တင်းထားပေမယ့် အချိန်တန်တော့လည်း ငါ့ဘလော့ဂ်ကို လာဖတ်တဲ့လူတွေ ပို့စ်အသစ်မဖတ်ရရင် လာမောကြီး ဖြစ်နေကြဦးမယ်။ ဒီအချိန်ဆိုရင် ဘလော့ဂ်ဖတ်သူတွေ ရောက်နေလောက်ပြီဆိုတဲ့အသိက ကျွန်တော့်စိတ်ကို နှင်တံနဲ့ လာလာတို့နေသလိုပါပဲ။ အစကတော့ ကျွန်တော့်ဘလော့ဂ်လေးကို လာဖတ်တဲ့သူ များစေချင်လိုက်တာ။ အခုတော့လည်း ဖတ်တဲ့လူ တိုးလာတာနဲ့အမျှ ကျွန်တော့်မှာလည်း စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ အတော်ကြီးကို ဖိအားများနေမိတယ်။ အချိန်တန်လို့ လာဖတ်သူဘယ်နှယောက်ရှိသလဲဆိုတာလေးကို မြင်လိုက်ရတာနဲ့၊ ကွန်းမန့်တွေ၊ အီးမေးလ်တွေထဲမှာ မြှောက်ပင့်ပေးထားတဲ့ လက်ခုပ်သံလေးတွေကို ကြားလိုက်ရတာနဲ့ ကျွန်တော်ကိုဉာဏ်တစ်ယောက် အပြုံးပွင့်လေးတွေနဲ့အတူ ကျေနပ်သွားရစမြဲပါပဲ။ အဲဒီတော့လည်း သိတဲ့အတိုင်းပေါ့နော်... ပြောကို.... မပြောချင်တော့ပါဘူးဗျာ။း)

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၅ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၂၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics