ကျွန်မအနေနဲ့ စီးကရက်မီးခိုးငွေ့တွေကို လေထုမှ တစ်ဆင့်ဖြတ်ကာ ညင်သာစွာ ရှူရှိုက်နေရပြီး အဲဒီမီးခိုးငွေ့တွေကို ညအမှောင်လမ်းပေါ်က လူတစ်ယောက်ရဲ့ သေနတ်က မီးခိုးငွေ့တွေလိုပဲ ကျွန်မကြောက်ရွံ့နေမိတယ်။ ကျွန်မ နောက်ဘက်ကိုသွားခဲ့တယ်။ စီးကရက်သောက်တဲ့လူကတော့ ကျွန်မဆီကို လာနေပါပြီ။ ကျွန်မယဉ်ကျေးစွာနဲ့ ပရိယာယ်ပြုနေလိုက်ပါတယ်။
ခင်ဗျားရဲ့ ယောက်ျားအကြောင်းကြားရတာ စိတ်မကောင်းပါဘူးဗျာလို့ သူက မီးခိုးငွေ့ကို စုပ်ယူလိုက်ပြီး ပြောပါတယ်။ မီးခိုးငွေ့တွေကို သူ့ရဲ့ အဆုတ်ထဲ ရှိုက်သွင်းလိုက်ပြီးတဲ့နောက် ကျွန်မရဲ့ခေါင်းပေါ်မှာလည်း မီးခိုးငွေ့တွေ ပျံ့နေပါတယ်။
ကျွန်မယောက်ျားကို စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ အဆုတ်ကင်ဆာ ဖြစ်ပွားနေပြီလို့ သိရပါတယ်။ သူစီးကရက်ကို ပြင်းပြင်းထန်ထန် သောက်ပါတယ်။ ဒါပေမယ့် အဲဒါဟာ လွန်ခဲ့တဲ့ ငါးနှစ်ကပါ။ ကျွန်မကတော့ သူ့ကို ဒီရောဂါကနေ လွတ်မြောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းကတော့ ကျွန်မရဲ့ အဘိုးဖြစ်သူဟာ ဒီရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။ စီးကရက်ကို မုန်းတီးရွံရှာခြင်းရဲ့ အစကတော့ ကျွန်မရဲ့အဘိုးကို ကျွန်မစောင့်ကြည့်နေတာ တစ်နှစ်အတွင်း ပေါင်ချိန် ၂၅၀ ကနေ ၁၃၆ ပေါင်အထိ လျော့ကျသွားချိန်မှာပါပဲ။
ကျွန်မတက္ကသိုလ်တက်တော့ နှစ်လည်ကျောင်းပိတ်ရက် ပထမနွေရာသီ နှစ်ကြိမ်အတွင်း ချီကာဂိုဆေးရုံက အကျိတ်အခဲနဲ့ ပတ်သက်တဲ့ မှတ်ပုံတင်ရုံးမှာ စာရေးအဖြစ် အလုပ်လုပ်ပါတယ်။ အဲဒီမှာ ကျွန်မဟာ ကင်ဆာလူနာတွေရဲ့ စစ်ဆေးချက်တွေကိုဖတ်ပြီး မှတ်တမ်းတင်ရပါတယ်။ ဆရာဝန်တွေရဲ့ မှတ်ချက်မှာ အမြဲတမ်းတွေ့ရတာကတော့ စီးကရက်သောက်သည် ဆိုတာပါပဲ။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ဆေးစစ်ပြီးကတည်းက ကျွန်မယောက်ျားဟာ ရောင်ခြည်ဖြင့်ကုသခြင်း၊ ဆေးဝါးဖြင့် ကုသခြင်းတို့ကို ခံယူခဲ့ရပါတယ်။ ဒီ့အပြင် ခွဲစိတ်ကုသမှုတွေကိုလည်း ခံယူခဲ့ရပါသေးတယ်။ ဆေးဝါးတွေစားရလေ ဆံပင်တွေ ပါးသွားလေဖြစ်ပြီး ခွဲစိတ်မှုပြုပြင်ပြီးတဲ့အခါ ၄၉ ပေါင်ခန့် လျော့ကျသွားပါတယ်။ သူခံစားနေရတာကိုတွေးပြီး ကျွန်မငိုမိတယ်။
ဆေးဝါးနဲ့ကုသတာဟာ ကျွန်မတို့မျှော်လင့်တာနဲ့ နှိုင်းစာရင် အကျိုးသက်ရောက်မှုနည်းပါးပါတယ်။ ဆေးကုသမှု ခံယူပြီးတိုင်း ရက်အနည်းငယ်ကြာ ပင်ပန်းနွမ်းနယ်နေပါတယ်။ သီတင်းပတ်တွေ ကျော်လွန်လာပြီးတဲ့အခါ အဆိပ်ဖြစ်မှုက တိုးပွားလာခဲ့တယ်။ သူလည်း ပိုပြီး အားနည်းလာတယ်။ သူ့အနေနဲ့ စားသောက်ချင်စိတ်လည်း မရှိတော့ သူ့ရဲ့ ကိုယ်အလေးချိန်ဟာ ကျဆင်းလာခဲ့တယ်။ သူချောင်းဆိုးရင်လည်း သွေးတွေ ပါလာပါတယ်။
ကျွန်မတို့မိတ်ဆွေတွေရဲ့ မိသားစုတွေ၊ ကျန်းမာရေး ကောင်းတဲ့သူတွေ၊ သန်မာကြံ့ခိုင်သူတွေ၊ အလုပ်လုပ်နေတဲ့သူတွေက ကျွန်မတို့ဆီကို တယ်လီဖုန်းဆက်တယ်။ လာရောက်လည်ပတ်တယ်။ ပြီးတော့ ကျွန်မတို့ရဲ့ နေထိုင်မှုပုံစံတွေကို ပြောင်းပစ်ဖို့ သတိပေးကြတယ်။ ကျွန်မတို့ရဲ့ ဘ၀ရှင်သန်မှုတွေကို ပြန်ပြီးတော့ ဖော်ဆောင်ပေးကြပါတယ်။
"ရှင် မနက်မိုးလင်းလို့ အိပ်ရာကထတဲ့အခါ ရှင့်ရဲ့ခေါင်းအုံးမှာ ဆံပင်တွေ ကျနေလိမ့်မယ်" လို့ သူနာပြု ဆရာမတစ်ဦးက ကျွန်မယောက်ျားကို သတိပေးပါတယ်။ သူ့ရဲ့ အဖြူအမည်းဆံပင်တွေဟာ အများကြီးကျခဲ့ပါတယ်။ သူကလည်း ဆံပင်တုဆောင်းဖို့ ဒါမှမဟုတ် ဘေ့စ်ဘော ဦးထုပ် သုံးဖို့ကိုလည်း ငြင်းပယ်ပါသေးတယ်။
တစ်ညမှာတော့ ညစာစားဖို့ ပျော်ပွဲစားရုံသွားနိုင်အောင် သန်မာနေပါတယ်။ သူက "လူတွေကတော့ ငါသေခါနီးပြီဆိုပြီး မျက်လုံးပြူး ကြည့်ကြမှာပဲ" လို့ ပြောတယ်။ ကျွန်မက ကာကွယ်ပြောဆိုတော့ သူကဆက်ပြီး "ဖျားနာတဲ့လူတွေကို ငါကြည့်သလို လူတွေကလည်း ငါ့ကို ကြည့်မှာပါ။ သူများတွေဖြစ်သလို ငါမဖြစ်တော့ ပျော်ခဲ့မိတယ်။ အခုတော့ ငါလည်း လူမမာဖြစ်ပြီ။ လူတွေက ငါစီးကရက်သောက်လို့လားလို့ မေးမှာပဲ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ့ဘ၀မှာ ရူးသွပ်စွာ လုပ်မိခဲ့တဲ့ အလုပ်ပေါ့။" လို့ ပြောပါတယ်။ "ဒါပေမယ့် ရှင်ကောင်းနေသားပဲ" လို့ ကျွန်မက သူ့ရဲ့အဆိုးမြင်အတွေးတွေ ပျောက်သွားအောင် ကြိုးစားပြီးပြောလိုက်ပါတယ်။
"မလုံလောက်သေးပါဘူး"
ကျွန်မတို့တစ်တွေဟာ ၁၀ စက္ကန့်မှာ လူတစ်ယောက်ကျ ဆေးရွက်ကြီးကြောင့် ရောဂါဖြစ်ပြီး သေဆုံးရကြောင်း ပြောမိတယ်။ ဒီ့အပြင် ဓားစာခံရတဲ့သူတွေလဲ ရှိသေးတယ်။ ဆေးလိပ်သောက်သူတစ်ယောက် သေဆုံးသွားတဲ့အတွက် မမွေးဖွားနိုင်တဲ့ ကလေးတွေ ဘယ်လောက်တောင်များ ရှိနေသလဲ။ စီးကရက်ကြောင့် ကင်ဆာဖြစ်ပြီး မိသားစုငွေကြေးဆုံးရှုံးကာ တက္ကသိုလ်မတက်နိုင်တဲ့သူ ဘယ်လောက်တောင်များ ရှိနေသလဲ။ တစ်ဦးတည်းဖြစ်ပြီး အထီးကျန်ခဲ့ရတဲ့ မုဆိုးဖို၊ မုဆိုးမတွေ ဘယ်လောက်တောင်များ ရှိနေသလဲ။
မျက်လုံးတစ်ဝက်ဖွင့်ပြီး ရမ္မက်ကြွစေတဲ့၊ နှုတ်ခမ်းမှာ စီးကရက်တပ်ကာ သရုပ်ဆောင်ကြတဲ့ ဟောလီးဝုဒ်က စူပါစတားတွေကြောင့် လူငယ်ဘယ်လောက်များများ စီးကရက် စတင်သောက်တတ်ကြပြီလဲ။ စီးကရက်သောက်ပြီး ကင်ဆာရောဂါဖြစ်ကာ သေဆုံးသွားခဲ့ကြတဲ့ ဟမ်ဖရေး ဘိုဂတ်ဂရေကူးပါးတို့ဆီက သင်ယူစရာတွေ ကျွန်မတို့ ရှိပါသေးတယ်။
ရှစ်လကြာ ဆေးကုသမှုခံယူပြီးတဲ့အခါ ကျွန်မယောက်ျားဟာ စမ်းသပ်ချက်တွေ ပိုပြီးပြုလုပ်ခဲ့တယ်။ ကျွန်မတို့ ဆေးရုံကို ကားမောင်းသွားတော့ ၀န်ထမ်းသုံးဦးဟာ ဆေးရုံအပေါက်ဝ အပြင်ဘက်မှာရပ်ပြီး စီးကရက်ကိုယ်စီသောက်ကာ ရယ်မောပြောဆိုနေကြတာကို တွေ့ရပါတယ်။ သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုကို စီးကရက်စက်ရုံတွေက တောင်းဆိုနေတာ ဆိုးရွားလွန်းလှပါတယ်။ သူတို့တစ်တွေဟာ အေးလွန်းတဲ့ မိုးထဲလေထဲမှာရပ်ပြီး စီးကရက် သောက်နေကြတယ်လေ။
သူတို့တစ်တွေ သေဆုံးရင် သူတို့ရဲ့ မိသားစုတွေအတွက် ဘာလုပ်မလဲ။ သူတို့တစ်တွေရဲ့ အဆုတ်ထဲကို စီးကရက်မီးခိုးငွေ့တွေ ရှိုက်သွင်းခြင်းဟာ သူတို့ကို အိုမင်းရင့်ရော်တဲ့ အချိန်မတိုင်မီ သေဆုံးနိုင်တာကို သူတို့သိကြရင် အံ့သြကြမှာလား။ သူတို့ဟာ ကျွန်မယောက်ျားလိုပဲ သက်တမ်းတစ်ဝက်တိုင်အောင် စီးကရက် သောက်နေကြပါလိမ့်မယ်။
Friday, March 05, 2010
စီးကရက်သောက်သူများ - သူရထိုက်
အညွှန်း - A Smoker's Wife by Susan Gilbert Mcgure, Reader's Digest, March 1996
Posted by Ko Nyan Posted Time 1:06 PM
Labels ကျန်းမာရေး-Health
Subscribe to:
Post Comments (Atom)
No comments:
Post a Comment