တစ်နေ့က အစ်မကြီးတစ်ယောက် Forward လုပ်ပေးလိုက်တဲ့ အီးမေးလ်တစ်ခုပါ။ အဲဒီအီးမေးလ်ကိုဖတ်ပြီး အကြာကြီးပဲ ထိုင်ရယ်နေမိတယ်။ စိတ်ကူးကောင်းတဲ့လူတွေများ ကြံကြံဖန်ဖန် တတ်လည်း တတ်နိုင်ပါပေတယ်လို့လည်း ချီးကျူးမိတယ်။ ကျွန်တော်တို့ဖြင့် တစ်ခါမှ အဲဒီလိုလုပ်ဖို့ မစဉ်းစားမိဘူး။ အစကတော့ ဂူးဂဲလ်ဂရု(ပ)ကိုပဲ အဲဒီဓာတ်ပုံလေးတွေ ပို့လိုက်တာပါ။ ဒါပေမယ့် ဘလော့ဂ်မှာလည်း စာတွေချည်းပဲ တင်ပေးတာများနေပြီဆိုတော့ ဘလော့ဂ်ဖတ်တဲ့လူတွေ လေးနေလောက်ပြီလို့ ယူဆမိတာကြောင့် ပေါ့ပေါ့ပါးပါးလေး ပြုံးလို့ဟားလို့ရအောင် အောက်ကဓာတ်ပုံလေးတွေကို တင်ပေးလိုက်တာပါ။ ဓာတ်ပုံချည်းပဲ ကြည့်ရတာထက်စာရင် စာညွှန်းလေးတွေဖတ်ပြီး ကြည့်ရတာက ပိုပြီးအသက်ဝင်မယ် ပိုပြီးစိတ်ဝင်စားစရာ ကောင်းမယ်ထင်တဲ့အတွက် စိတ်ကူးထဲပေါ်သမျှကို လက်ဆော့ထားပါသေးတယ်။ စာလေးတွေဖတ်ရင်း ပုံလေးတွေကြည့်ရင်းနဲ့ သဘောကျမိတယ်၊ စိတ်ကြည်နူးရတယ်ဆိုရင်တော့ အဲဒီဓာတ်ပုံတွေကို ဖန်တီးခဲ့တဲ့လူတွေကိုပဲ ချီးကျူးလိုက်ပါ။ ကျွန်တော်က စာလေးတွေပဲရေးပြီးတော့ နှမ်းဖြူးလိုက်တာကိုး။ ခံစားကြည့်ကြပါဦး။ ပေါ့ပေါ့ပါးပါးပေါ့နော်။
Monday, March 08, 2010
Funny World's Leaders
(၁)
လှချင်တိုင်းလှနေတဲ့ အမေရိကန်သမ္မတကြီး ဘားရက်အိုဘားမားကို ရုတ်တရက်များ မမှတ်မိခဲ့ရင် အံ့သြစရာတော့ ရှိမယ်မထင်ပါဘူး။ ဟုတ်တော့လည်း ဟုတ်ပါရဲ့နော်။ အိုဘားမားခမြာလည်း မိတ်ကပ်တွေဘာတွေနဲ့ဆိုတော့ ဂျီုလီတို့တောင် လက်မှိုင်ချရလောက်ပါရဲ့။(၂)
ဒါကတော့ အမေရိကန်တို့ရဲ့ အချစ်တော်ကြီး ကျူးဘားခေါင်းဆောင်ဟောင်း ကက်စထရိုပါ။ နှုတ်ခမ်းနီ၊ ပါးနီ၊ လက်သည်းနီတွေနဲ့ ဒီလိုပုံစံဆိုတော့လည်း ဒီကျူးဘားကြီးက ကြောက်စရာမကောင်းပါဘူးနော်။ ချစ်စရာကောင်းသလားဆိုတော့လည်း ပြောရခက်ကြီးဗျို့။ ကျွန်တော်တို့ဆီက နတ်ကတော်အဘွားကြီးတွေကိုတောင် မျက်စိထဲ ပြေးမြင်လိုက်မိပါသေးရဲ့။(၃)
ရုရှားအရုပ်ကလေးတွေလိုမျိုး လှချင်တိုင်းလှနေတာကတော့ အောက်မှာမြင်ရတဲ့ ၀န်ကြီးချုပ်ကြီး ပူတင်ပါ။ သူ့ပုံစံကိုမြင်တော့ အပေါ်ကနေ ကြက်တောင်စည်းလေး စည်းပေးလိုက်ရရင်ဆိုတဲ့ အတွေးလေးတောင် ၀င်လိုက်မိပါသေးရဲ့။ အခုကြည့်ကြရမယ့် ပုံတွေအားလုံးထဲမှာတော့ ပူတင်က အလှဆုံးဖြစ်မယ်ထင်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ ညှို့အားပြင်းပြင်း၊ စူးရှရှ သူ့မျက်လုံးတွေက အသက်ဝင်လာတယ်လို့တောင် ထင်မိတယ်ဆိုရင်လည်း အံ့သြစရာတော့ မရှိပါဘူးလေ။(၄)
စိတ်ထင်ရာကို ပြောချင်တိုင်းပြောတတ်တဲ့ လစ်ဗျားခေါင်းဆောင်ကြီး ကဒါဖီပါ။ မိတ်ကပ်တွေလိမ်းပေးထားပေမယ့် လည်းပင်းက ဇလုတ်ကြီးရယ်၊ နှုတ်ခမ်းမွှေးတွေရယ်ကြောင့် ကြည့်ရတာ သိပ်တော့ လမိုင်းမကပ်လှပါဘူး။ အမယ်... သူ့အကြည့်တွေနဲ့ အပြုံးလေးကတော့ အသက်ဝင်လှသဗျို့။ သေသေချာချာ သတိထားကြည့်စမ်းပါဦး။ ဒီလိုဆိုတော့လည်း ကြောက်စရာ မကောင်းလှပါဘူးနော်။(၅)
အီရန်သမ္မတ အမာနီဒီဂျက်ကို အဲဒီပုံစံအတိုင်း အပြင်မှာ တကယ်ပဲ မိတ်ကပ်လိမ်းပေးလိုက်ချင်ပါတယ်။ အခုလည်း ကြည့်စမ်းပါဦး။ သူ့ရဲ့ မျက်နှာအမူအရာ အနေအထားနဲ့ ဖန်တီးပေးထားတဲ့ မိတ်ကပ်တွေက သဟဇာတဖြစ်မှဖြစ်ပါပဲ။ ကျွန်တော် သဘောအကျဆုံး ပုံတစ်ပုံပါ။(၆)
ဆပ်ကပ်ထဲက လူရွှင်တော်ကြီးလားလို့ မထင်မှတ်လိုက်ပါနဲ့ဦးနော်။ အီတလီဝန်ကြီးချုပ် ဘာလူစကိုနီကို မိတ်ကပ်တွေနဲ့ လှလှပပ ဖန်တီးပေးထားတာပါ။ အသက်အ၀င်ဆုံးကတော့ သူ့ရဲ့ သွားပေါ်နေတဲ့ အပြုံးပွင့်ကြီးပဲ ဖြစ်မယ်ထင်ပါရဲ့နော်။(၇)
ကဲ... နောက်ဆုံးတစ်ပုံအနေနဲ့ နန်းစံတဲ့အလှတွေနဲ့ လှချင်တိုင်းလှနေတဲ့ တရုတ်မကြီးကို ခံစားကြည့်ရှုလိုက်ပါဦး။ တအားကြီးတော့ စိုက်မကြည့်ကြပါနဲ့ဗျာ။ သူ့ခမြာ နဂိုကမှ ရှက်သလိုလို၊ စိတ်ရှုပ်သလိုလို ဖြစ်နေပုံကြီးဗျ။ ရွှေကိုင်းမျက်မှန်လေးနဲ့ ဟူဂျင်တောင်ဆီမှာ အရှေ့တိုင်းဆန်တဲ့ အလှတချို့ကို တွေ့လိုက်မိသလိုပါပဲ။အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်၊ တနင်္လာနေ့။
ည ၉ နာရီ ၂၆ မိနစ်တွင်ပြီး၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment