Monday, May 17, 2010

အာလာပသလာပ ပြောကြရအောင်


(၁)
ပူလိုက်တာဗျာ....
အခုအချိန်မှာ အားလုံးသော မြန်မာတွေ ရေရွတ်နေတဲ့ စကားလုံးဖြစ်မယ်ဆိုတာ လွဲနိုင်မယ်မထင်ပါဘူး။ ဟုတ်ပါရဲ့ဗျာ။ ကျွန်တော်တို့မြန်မာပြည်မှာ အဲဒီလောက်ပူတာမျိုး ကျွန်တော်ကတော့ မကြုံဖူးသေးဘူးဗျ။ ကျွန်တော်လည်း အပူပိုင်းဒေသမှာ မွေးဖွားကြီးပြင်းလာတဲ့ အညာသားပါပဲ။ ဒါပေမယ့် အခုလိုမျိုး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပူတာကြီးကတော့ အခုမှပဲ ကြုံဖူးတော့တာပါ။ တစ်နေ့က သတင်းစာဖတ်တော့ မြင်းမူဆိုတဲ့မြို့မှာ အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ် ရှိတယ်ဆိုတော့ မျက်လုံးပြူးသွားတယ်။ အဲဒီဒေသကလူတွေ ဘယ်လိုများ နေကြပါလိမ့်လို့လည်း တွေးမိတယ်။ ယပ်တောင်လေးတွေ တဖျပ်ဖျပ်နဲ့ ချွဲတရွှဲရွှဲ ရှိနေကြမှာပါပဲ။ မီးလာရင်တော့လည်း ပန်ကာလေးတွေ တ၀ီဝီနဲ့ပေါ့လေ။ တကယ်ဆိုရင်တော့ ပန်ကာမသုံးသင့်ပါဘူး။ ပန်ကာကြောင့် အေးတာတော့ ဟုတ်ပါရဲ့။ ဒါပေမယ့် အဲဒီပန်ကာဖွင့်ဖို့အတွက် သုံးရမယ့် လျှပ်စစ်ဓာတ်အားတွေ၊ သူတို့ကိုသုံးလို့ ထွက်လာမယ့် အပူငွေ့တွေနဲ့စာရင်တော့ ယပ်တောင်လေးတွေကပဲ အန္တရာယ်ကင်းမယ်ထင်ပါရဲ့နော်။ သေချာတာကတော့ အပေါ်ကပူတာကို ယပ်တောင်လေးတွေ၊ ပန်ကာလေးတွေ၊ လေအေးပေးစက်လေးတွေနဲ့ ဖြေဖျောက်နိုင်ကြပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရင်ထဲမှာ တောက်လောင်နေတဲ့ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ဗျာပါဒမီးတွေကို ဘယ်လိုများငြိမ်းသတ်ကြမလဲ၊ ဘယ်တော့များမှ ငြိမ်းသတ်ကြမလဲလို့ တွေးနေမိတယ်။

(၂)
သတင်းစာထဲမှာ ထူးထူးဆန်းဆန်း၊ ရှားရှားပါးပါး ဖတ်ရတဲ့သတင်းကတော့ မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ သောက်သုံးရေရှားပါးမှုကြောင့် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အလှူရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပြီး ကူညီဆောင်ရွက်လှူဒါန်း နေကြတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ တော်တော်ကြီးကို စိတ်မကောင်းဖြစ်မိပါတယ်။ ကြောက်လည်းကြောက်မိပါတယ်။ မြန်မာနိုင်ငံလိုနေရာမျိုးမှာ နေထိုင်ရှင်သန်နေရပါလျက်နဲ့ အခုလိုမျိုး သောက်စရာရေ ရှားပါးတယ်ဆိုတဲ့ အဖြစ်မျိုးဟာ ဘယ်လောက်များ အံ့သြထိတ်လန့်ဖို့ ကောင်းလိုက်ပါသလဲ။ ရေနစ်တဲ့လူကို ၀ါးကူထိုးတာတော့ မဟုတ်ပါဘူး။ ရှေးလူကြီးသူမတွေ အမြဲပြောလေ့ရှိတဲ့ "လူတွေက သီလပျက်လာကြပြီ၊ အဲဒီတော့ ဘေးအန္တရာယ်တွေ ကျတတ်တယ်၊ အစာရေစာတွေ ရှားပါးတတ်တယ်"ဆိုတာ တကယ်ဖြစ်လာပါတယ်။ အခုစာကို ဖတ်ရတဲ့အခါ ဒေါသထွက်တဲ့လူကတော့ ထွက်ဦးမှာပါပဲ။ အလကားနေရင်း လျှောက်ရေးနေတယ်လို့ ထင်ကြမှာပါပဲ။ ပြောစရာရှိတာတော့ ပြောရဦးမှာပါပဲ။ ဆဲရင်လည်း မတတ်နိုင်ပါဘူး။ ရေးမိမှတော့ အဆဲခံရုံပဲပေါ့လေ။ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ လက်ညှိုးထိုးစရာလူ ရှာတတ်တာဟာ ကျွန်တော်တို့တွေရဲ့ အကျင့်တစ်ခုများ ဖြစ်နေပြီလားလို့တောင် တွေးနေရပြီ။ ကိုယ်တွေကိုယ်တိုင်ကရော ကိုယ့်ကျင့်သီလကောင်းရဲ့လား၊ အခြားလူတွေအပေါ်မှာရော မေတ္တာထားရဲ့လားဆိုတာကို ဆန်းစစ်ကြည့်သင့်တယ်။ ကိုယ့်အိမ်အတွက် ထင်းစိုက်ရရင်ပြီးရော တွေ့တဲ့အပင်ကို ခုတ်တာဟာ အပြစ်ကင်းရဲ့လားဆိုတာ ဘယ်သူမှ စိတ်မ၀င်စားဘူး။ ပြောပြရင်လည်း ဘယ်သူမှ လက်ခံကြမှာ မဟုတ်ဘူး။ အိမ်တစ်အိမ်အတွက် တစ်နေ့ကို သစ်ပင်ခပ်သေးသေးတစ်ပင် ခုတ်တယ်ဆိုရင်တောင် အိမ်ခြေ ၄၀ လောက်ရှိတဲ့ ရွာတစ်ရွာအတွက် တစ်နေ့ကို သစ်ပင်လေးဆယ်၊ တစ်လကို သစ်ပင် ၁၂၀၀ ပင်ဟာ အလကား ပြုန်းတီးသွားပြီ။ ဘယ်သူကများ တစ်လကို အပင်တစ်ပင်ရယ်လို့ မမေ့မလျော့၊ အားထည့်ပြီးစိုက်တာ တွေ့ဖူးလို့လဲ။ အပင်တွေက တစ်စထက်တစ်စ နည်းပါးလား၊ တောတွေက ပြောင်သလင်းခါ၊ တောင်တွေက ကတုန်းတွေဖြစ်၊ မိုးကလည်းမရွာတော့ဘူး၊ မိုးမရွာတော့ တောင်တွေပေါ်ကနေ ရေမစီးတော့ဘူး၊ တောင်တွေပေါ်က ရေမကျတော့ ချောင်းတွေ၊ မြစ်တွေထဲကိုလည်း ရေမ၀င်တော့ဘူး၊ ချောင်းတွေမြစ်တွေထဲမှာ ရေမရှိတော့ မြေအောက်က ရေကြောတွေကလည်း ဘယ်မှာလာပြီး ရေပြည့်နိုင်ပါတော့မလဲ။ အဲဒီတော့ ရေချိုရှားပြီပေါ့။ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ဟာ တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိနေတယ်ဆိုပေမယ့် ဟိုးအချိန်ကာလတွေတုန်းကတော့ မြန်မာနိုင်ငံအတွက် အဲဒီလို အဖြစ်တွေဟာ သတင်းတွေမှာကြည့်၊ စာစောင်တွေမှာဖတ်ပြီး ဖြစ်နေတဲ့နိုင်ငံတွေအတွက် အံ့သြမိ၊ သနားကရုဏာသက်မိ ဖြစ်ခဲ့ကြတာပါ။ အခုတော့ ကိုယ်တိုင်ကိုယ်ကျ ခံစားနေကြရပြီလေ။ သတင်းစာထဲမှာ နေ့စဉ်နေ့တိုင်း မြင်နေရတဲ့ သောက်သုံးရေရှားပါးတဲ့ အကြောင်းတွေကို မြင်ရ၊ ဖတ်ရတိုင်း ရင်ထဲမှာ မချိမိတာတော့ အမှန်ပါပဲ။ နည်းလမ်းမျိုးစုံနဲ့ ရေကုသိုလ်လုပ်နေကြသူတွေကိုလည်း ဒီနေရာကနေပဲ သာဓုခေါ်လိုက်ပါတယ်။

(၃)
ကျွန်တော် ခဏခဏပြောပါတယ်။ တစ်ခုခုကိုမြင်တာနဲ့ နာမည်တပ်ဖို့ မစဉ်းစားပါနဲ့လို့။ ပြောရင်လည်း ပြောတာသာ အဖတ်တင်ပါတယ်ဗျာ။ ဟိုတစ်နေ့က အမေရိကန်အမတ် လာတဲ့အချိန်မှာ မြန်မာအစိုးရရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်းကို သတင်းစာမှာ အကျယ်တ၀င့်ပါလာတဲ့အတွက် မြန်မာ့အရေးကို စိတ်ဝင်စားသူတိုင်း၊ နိုင်ငံရေးကို လေ့လာနေသူတိုင်း သိသင့်တယ်ထင်လို့ တင်ပေးလိုက်မိပါတယ်။ အစက သတင်းစာကိုပဲ ဒီအတိုင်းညွှန်းပြီး ဖတ်ခိုင်းမလို့ပါ။ ဒါပေမယ့် တကူးတက အဲဒီလို ဖတ်နေရတာထက် တစ်ခါတည်းရိုက်တင်ပေးလိုက်တော့ အဆင်သင့် ဖတ်ရတာပေါ့ဆိုပြီး သေသေချာချာကို အချိန်ပေးပြီး ရိုက်တင်ပေးလိုက်တာပါ။ သဘောကျတဲ့လူ များပါတယ်။ သဘောမကျတဲ့လူတွေလည်း ရှိမယ်ဆိုတာ အစကတည်းက သိပြီးသားပဲ။ လူဆိုတာ ကိုယ့်စိတ်နဲ့ကိုယ်တောင် ရန်ဖြစ်နေတတ်တဲ့ အမျိုးအစားဆိုတော့ ဆန်းတော့မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် မကြိုက်ရင်လည်း မဖတ်ဘဲနေပေါ့ဗျာ။ အခုတော့ ကျွန်တော့်ဘလော့ဂ်ကို နာမည်တပ်လိုက်ပုံများ အံ့သြလို့ကိုမဆုံးဘူး။ ဘာတွေရေးထားတယ်ဆိုတာတောင် ဖတ်မကြည့်ဘဲနဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောတာမျိုးကတော့ နည်းနည်းများ မျက်ကန်းဆန်နေသလားလို့ပါ။ ထိုင်ရာကမထဘဲ "လက်ဖမိုးကွ"လို့ မျက်စိမှိတ် အော်နေတဲ့လူမျိုးကို ကျွန်တော်လုံးဝ အထင်မကြီးပါဘူး။ ကျွန်တော့်ယုံကြည်ချက်နဲ့ကျွန်တော် လုပ်နေတာဖြစ်တဲ့အတွက် ဘယ်လောက်အထိပြောပြော ဘာမှမဖြစ်တာကို ကြိုတင်ပြောလိုက်ပါရစေနော်။

(၄)
မနေ့ညနေပိုင်းက မိုးရွာတယ်။ သာမန်ရွာတာမဟုတ်ဘူး။ မိုးကြီးလေကြီးလို့ ပြောရလောက်တဲ့အထိရွာတာ။ မိုးရွာတာက ဘယ်လောက်ရွာရွာပေါ့။ လေတွေတရကြမ်း တိုက်တာကတော့ ကြောက်ဖို့တောင်ကောင်းတယ်။ သစ်ပင်တွေကို လေတိုက်တဲ့အသံတွေ တ၀ီဝီမြည်နေတာ တကယ့်ကို ခြောက်ခြားစရာပါပဲ။ မှောင်စပျိုးအချိန်မှာ လေကတ၀ုန်းဝုန်း၊ မိုးကတချုန်းချုန်း၊ လျှပ်စီးက တလက်လက်၊ မိုးကြိုးက တဂျိမ်းဂျိမ်းနဲ့ တကယ့်ကို ဆိုးဝါးတာပါပဲ။ မိုးသံကြားရကတည်းက ပျက်သွားတဲ့မီးက အခုထိ မလာသေးဘူး။ ဓာတ်ကြိုးတွေပြတ်သွားလို့ ပြင်နေတယ်တဲ့။ အဲဒီတော့ တစ်ညလုံးလည်း အခန်းက မှောင်မှောင်မည်းမည်း၊ မနက်ကျတော့လည်း ရေကမလာတော့ဘူး။ ကောင်းတဲ့အချက်ကတော့ အခုအချိန်အထိ အေးနေတာပါပဲ။ ပူအိုက်နေတဲ့အချိန်မျိုးမှာ မိုးရွာလိုက်တဲ့အတွက် အေးအေးမြမြ ဖြစ်သွားရတာကိုတော့ မဆီမဆိုင် မိုးနတ်မင်းကြီးကို ကျေးဇူးတင်လိုက်မိတယ်။ ရွာလိုက်စမ်းပါမိုးရယ်။ ဒါပေမယ့် နေရာကွက်ပြီးတော့တော့ မရွာပါနဲ့နော်။ တစ်နိုင်ငံလုံးကို ရွာသွန်းလိုက်ပါ။ အထူးသဖြင့် ရေချိုရှားနေတဲ့ ဒေသတွေအပေါ် သဲသဲမဲမဲ ရွာချလိုက်စမ်းပါ။

(၅)
မနေ့ညက လနဲ့ သောကြာကြယ် ထိလုနီးနီးဖြစ်သွားတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောလာတယ်။ သူ့ကိုလည်း မနေ့က သူ့အိမ်က ဖုန်းဆက်ပြောလို့ ကြည့်လိုက်ရတယ်တဲ့။ အဲဒီတော့ ဘာဖြစ်လဲလို့ ကျွန်တော်က ပြန်မေးမိတော့ သူက သိထားသမျှကို ဆက်ပြောပါတယ်။ အထူးသဖြင့် ဘာသာရေးနဲ့ ဆက်နွယ်တဲ့သမိုင်းပေါ့လေ။ အခြားတစ်ယောက်ကတော့ ကမ္ဘာပျက်မယ်ဘာညာနဲ့ သူသိသမျှကို ၀င်ပြောတယ်။ မင်းအနေနဲ့ ကမ္ဘာပျက်မှာကို ယုံသလားဆိုတော့ အင်းမလုပ်၊ အဲမလုပ်။ ကျွန်တော်ကပဲ ဆက်ပြောမိတယ်။ ကမ္ဘာပျက်မယ်မှန်း မင်းသိနေတာပဲ ဘာဖြစ်လို့ အေးအေးဆေးဆေးထိုင်ပြီး ထမင်းစားနေရသလဲလို့ မေးမိတော့ မျက်စောင်းထိုးပြီး ထွက်သွားတယ်။ ကျန်ခဲ့တဲ့ သူငယ်ချင်းကိုပဲ ကျွန်တော့်မှာ အဆင်သင့်ရှိနေတဲ့ ပိုက်ဆံအိတ်နဲ့ မှတ်စုစာအုပ်ကို ထောင်ပြမိတယ်။ ဘယ်ဘက်လက်မှာ ပိုက်ဆံအိတ်ကိုကိုင်၊ ညာဘက်လက်က မှတ်စုစာအုပ်ပေါ့လေ။ ပြီးတော့ သူ့မျက်စိနဲ့တစ်တန်းတည်းဖြစ်အောင် လက်နှစ်ဖက်ကို ထောင်ပြလိုက်တယ်။ မင်းဘယ်လိုမြင်သလဲဆိုတော့ တစ်တန်းတည်း မြင်ရတဲ့အကြောင်း ဖြေတယ်။ အဲဒါနဲ့ ကျွန်တော့်လက်နှစ်ဖက်ကို လှုပ်ရှားခြင်းမရှိဘဲ သူ့ကို ဘေးကနေတစ်ခေါက် ကြည့်စေတယ်။ ဘယ်လိုမြင်သလဲဆိုတော့ သူပြန်မဖြေဘူး။ ဘာတွေတွေးနေမှန်းလည်း ကျွန်တော်မသိဘူး။ လနဲ့ ကြယ်တွေဟာ ဘယ်လောက်ဝေးသလဲ မင်းသိသလားဆိုတော့လည်း ပြန်မဖြေတော့ဘူး။ သေချာတာကတော့ သူတွေးနေတာ ကျွန်တော့်ကို ဆဲဖို့ မဟုတ်နိုင်ဘူးထင်တာပါပဲ။ လူတွေများနော်... ခက်ပါတယ်။ ကိုယ့်ဘာသာကိုယ်တောင် နောက်တစ်နာရီနေရင် ဘာဖြစ်မလဲ မသိနိုင်တဲ့ဟာကို ဘာကိစ္စ ကောင်းကင်မှာမြင်နေရတဲ့ လနဲ့ကြယ်ကို ရေးကြီးခွင်ကျယ် လုပ်နေကြတယ် မသိပါဘူး။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၇ ရက်၊ တနင်္လာနေ့။
နေ့လည် ၁၂ နာရီ ၃၉ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics