Sunday, May 16, 2010

စာတန်းစိတ္တဇ - ကျော်ရင်မြင့်


လူတိုင်းမှာ စိတ်ရောဂါရှိကြတယ်။ နည်းတာ များတာပဲ ကွာတယ်။

စံရ ငယ်ငယ်က အိမ်သာထဲမှာ စာရေးရတာကို ၀ါသနာပါတယ်။ ပထမဦးဆုံးရေးခဲ့တဲ့ စာက ရယ်စရာတော့ ကောင်းတယ်။

"သန်းဖေ + ခင်ကြွေ" တဲ့။

ခင်ကြွေက စံရတို့ အတန်းထဲမှာ အလှဆုံး။ ကြွေသားအရုပ်ကလေး ဖြူဖြူစင်စင်လေး။ သူ့မိဘများကလည်း တတ်နိုင်တော့ လှလှပပဆင်နိုင်တယ်။ ကလေးဆိုတော့ ချစ်တာကြိုက်တာကို နားမလည်သေးပါဘူး။ ဒါပေမယ့် လူကြီးတွေက စကြတာနဲ့ ယောက်ျားကလေးနဲ့ မိန်းကလေး ဘာဘာညာညာတော့ သိကြပြီပေါ့။ ဒီတော့ ငါက ခင်ကြွေကို စိတ်ဝင်စားတယ်။ ငါချည်းမှတော့ မဟုတ်ဘူး။ ယောက်ျားလေး တော်တော်များများက စိတ်ဝင်စားကြတာ။ ဒီတော့ သူငယ်ချင်း အချင်းချင်း ခင်ကြွေနဲ့ စကြတယ်။ ကိုယ့်ကို အစခံရရင်လည်း ကျေနပ်ကြတဲ့လူချည်းပဲ။

သန်းဖေက စံရတို့ စတုတ္ထတန်းမှာ စာအတော်ဆုံး။ ဒီတော့ အကောင်းဆုံး အချောဆုံးနှစ်ယောက်ကို စံရက အားပေးလိုက်တယ်။

ကလေးဘ၀ကို ပြန်စဉ်းစားကြည့်ရင် ရယ်စရာ ပြုံးစရာတွေက အများကြီးပါပဲ။ စံရက အိမ်သာထဲမှာ မြေဖြူနဲ့ "သန်းဖေ+ခင်ကြွေ" လို့ ရေးထားတာကို ဖေဖေက တွေ့သွားပြီး အတန်းပိုင်ဆရာ ဦးမောင်ညိုကို တိုင်ပါလေရော။ ဆရာဦးမောင်ညိုက အိမ်သာထဲအထိ လိုက်ကြည့်ပြီး လက်ရေးကို မှတ်တယ်။ လေးတန်း ကျောင်းသားတွေရဲ့ မြန်မာစာလေ့ကျင့်ခန်း စာအုပ်တွေကို အကုန်သိမ်းပြီး လက်ရေးချင်း တိုက်ကြည့်တော့တာ။ ဆရာ့ပါးစပ်ကလည်း "ကလေးတွေက ကလေးအလုပ် မလုပ်ဘူး။ ရေးတဲ့ကောင် မိရင်တော့ ဖင်အသားနီအောင် ရိုက်ပစ်မယ်" လို့ ကြိမ်းတယ်။ ရေးမိတဲ့ စံရမှာတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။

မြေဖြူနဲ့ ရေးတဲ့လက်ရေးနဲ့ ခဲတံနဲ့ရေးတဲ့ လက်ရေးက ကွဲနေတော့ ဆရာ ဖမ်းမမိလိုက်ဘူး။

အိမ်သာထဲမှာ စာရေးရတာ ရင်ထိတ်ရတာကို စံရက သဘောကျနေပုံရတယ်။

ဆရာက စာသင်ရင်း မြေဖြူခဲလက်တစ်ဆစ်လောက် ကျိုးပဲ့သွားတာမြင်ရင် အဲဒီနေ့မှာ သင်တဲ့စာကို စံရက စိတ်မ၀င်စားနိုင်တော့ဘူး။ မြေဖြူကျိုးကို ကောက်ယူဖို့ကိုပဲ စိတ်က စောနေတော့တာ။

ကျောင်းဆင်းလို့ သူများတွေ ပြန်သွားလည်း စံရက မပြန်နိုင်ဘူး။ လူရှင်းအောင်စောင့်ပြီး မြေဖြူခဲကောက်တယ်။ အီးမပါချင်ဘဲ အိမ်သာတက်ရတယ်။ အိမ်သာထဲမှာ စိတ်ကူးတည့်ရာ လျှောက်ရေးတော့တာပဲ။

အိမ်သာတံခါးရွက်မှာ "သတိ၊ လူရှိသည်" တို့၊ "တံခါးခေါက်ပါ" တို့။ အိမ်သာအတွင်းထဲမှာလည်း "ထရံမချိုးရ" တို့၊ "သန့်ရှင်းပါ" တို့ စတဲ့ အကျိုးပြုတွေလည်း ပါရဲ့။ ပေါက်တတ်ကရတွေလည်း ပါတာပါပဲ။

စံရကိုယ်တိုင် တီထွင်ပြီး ရေးနိုင်တာမျိုးတော့ မရှိသေးပါဘူး။ သူများတွေ ရေးနှင့်တာကို အတုယူပြီး ရေးတာက များပါတယ်။

ဒီရောဂါက ကြီးလေရင့်လေပဲ။

အထက်တန်းကျောင်းသား ဖြစ်လာတော့ ရေးတာသာမက ဖတ်တာပါ ၀ါသနာပါလာတယ်။

တက္ကသိုလ်ရောက်တော့ စံရ အိမ်သာစာကို ဘယ်လောက်အထိ ၀ါသနာကြီးလာသလဲဆိုရင် သူတို့တက္ကသိုလ်မှာရှိတဲ့ အိမ်သာခန်းအားလုံးကို ၀င်ဖူးတယ်။ ဘယ်အခန်းမှာ ဘယ်လိုစာရှိတယ်ဆိုတာကို အလွတ်သိတယ်။ စာတို့၊ ရုပ်ပုံတို့ကို ကြိုက်တဲ့ အိမ်သာခန်းကိုဆိုရင် ခဏခဏ ၀င်ဖြစ်တယ်။ အိမ်သာခန်းမအားရင်တောင် ယောင်လည်လည်နဲ့ စောင့်ပြီးမှ ၀င်တယ်။

အိမ်သာခန်းထဲမှာ စာအသစ်ရေးသွားလျှင်လည်း စံရက ချက်ချင်းတန်းသိတယ်။ သူကြိုက်တဲ့ စာမျိုးတွေ့ရင်လည်း တခြားအခန်းမှာ ကူးရေးတယ်။ သူတို့ရော ဘာတွေရေးတတ်သလဲလို့ စံရ လေ့လာရေး လုပ်တယ်။

စံရသာ ဘွဲ့ယူဖို့ စာတမ်းတင်ရာမှာ "အိမ်သာထဲက စာတွေအကြောင်း" စာတမ်းတင်ရရင် တက္ကသိုလ်က ဂုဏ်ထူးနဲ့တောင် ဘွဲ့ရနိုင်တယ်။ ဈေးအိမ်သာ၊ ကျောင်းအိမ်သာ၊ ရုံးအိမ်သာ၊ ရုပ်ရှင်ရုံအိမ်သာ စတဲ့ အိမ်သာအမျိုးမျိုးရဲ့ ကွဲပြားခြားနားချက်၊ "ကာမရောဂါ၊ ထိုအနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိ"၊ "စားခဲ့သမျှ၊ အာဟာရတို့၊ တွင်းဝမှာဆုံ" စတဲ့ တရားသဘောလိုလို စာတန်းတွေရော၊ အိမ်သာနံရံအနှံ့ ရေးတတ်တဲ့ "ဘေးကြည့်"၊ "အပေါ်ကြည့်"၊ "နောက်ကြည့်ပါဦး"၊ "သူများခိုင်းတိုင်း လိုက်လုပ်နေရင် အရူးဖြစ်မှာပေါ့" ဆိုတဲ့ အူကြောင်ကြောင် စာမျိုးတွေရော၊ ညစ်ညစ်ပတ်ပတ် စုတ်စုတ်ပဲ့ပဲ့တွေကိုရော အိမ်သာနံရံနဲ့ မထိုက်တန်တာတွေရော၊ ၀တ္ထုစာသားတွေရော၊ ဒေါသပေါက်ကွဲသံတွေရော အားလုံးကို စံရက ကျွမ်းကျွမ်းကျင်ကျင် သိတာ။

စံရ ဘွဲ့ရပြီး တော်တော်ကြာတော့ မူလတန်းပြဆရာ ၀င်လုပ်တယ်။ ဆရာဖြစ်ကာစ ကျောင်း ကျန်းမာရေးအဖွဲ့နဲ့အတူ ကလေးတွေရဲ့ အိမ်သာတွေကို လိုက်စစ်တဲ့အခါ နံရံက စာတွေကိုတွေ့တော့ ဆရာဦးစံရက သူ့ငယ်ဘ၀ကို အမှတ်ရတယ်။ အစစ အရာရာ ပြောင်းလဲလာနေပေမယ့် အိမ်သာထဲက စာကတော့ အပြောင်းအလဲ သိပ်မရှိလှပါဘူး။ သူလည်း မသိလိုက် မသိသာ နေလိုက်တော့တာပဲ။

ဆေးလိပ်ကြိုက်နေတဲ့ လူတစ်ယောက်ဟာ ဆေးလိပ်က ကျန်းမာရေးကို ထိခိုက်သလား၊ မထိခိုက်ဘူးလား ဆိုတာကို သိပ်စဉ်းစားမနေသလိုပေါ့။

ဆရာ ဦးစံရမှာ သမီးတစ်ယောက်ရှိတယ်။ နှင်းဇာဖြူခိုင်က ဒုတိယတန်း ရောက်ပြီ။ ကလေးက စာတော်တယ်။ ဖအေ ဦးစံရလည်း ကလေးကို ပြင်ပစာတွေ ဖတ်အောင် အားပေးတယ်။ လိမ္မာရေးခြားရှိအောင်ဆိုပြီး မင်္ဂလာမောင်မယ်နဲ့ မြတ်ဆုမွန် စာအုပ်မျိုးတွေကို လစဉ်ဝယ်ပေးတယ်။ ကလေးကလည်း စာဆိုရင် အငမ်းမရ ဖတ်ပစ်လိုက်တာချည့်ပဲ။

တစ်နေ့တော့ ကျောင်းကို စစ်ဆေးရေးတွေ လာမယ်ဆိုလို့ ကျောင်းအုပ်ကြီးက ဦးစံရကို ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေး လုပ်ထားတာတွေကို ကြိုပြီး စစ်ခိုင်းတယ်။

ဒီလိုနဲ့ ကလေးတွေရဲ့ အိမ်သာတွေကို ဦးစံရ ရောက်ရပြန်တယ်။

ကလေးတွေရဲ့ အိမ်သာတစ်ခုက နံရံမှာ "…………." လို့ ရေးထားတာတာကို သူ မြင်လိုက်ရတော့ ဦးစံရ တော်တော်ထိတ်လန့်သွားတယ်။ တက္ကသိုလ် အိမ်သာအဆင့်လောက်မှာ ရေးတတ်တဲ့ စာမျိုးက မူလတန်းကျောင်းသားလေးတွေရဲ့ အိမ်သာထဲမှာ လာရေးထားတယ်။ ဦးစံရတို့ ကလေးအရွယ်က ဒီကိစ္စမျိုးတွေကို မသိနားမလည်ကြသေးတာ အမှန်ပဲ။ ခုခေတ်ကလေးတွေက ဒါမျိုးတွေအထိတောင် နားလည်နေကြပြီလား။

သမီး နှင်းဇာဖြူခိုင်ကို ဦးစံရ သတိ တန်းရတယ်။ ဒီကလေး ဒီစာတန်းကို မြင်ခဲ့ပြီလား။ စာတန်းရဲ့အဓိပ္ပါယ်ကို ကလေး နားလည်သလား။ နားမလည်တာကို သိထားတဲ့ ကလေးတစ်ယောက်ယောက်က ရှင်းပြရင်…..

ဒီစာတန်းကို ကလေးဘယ်နှယောက် ဖတ်မိသွားပြီလဲ။ ကလေး ဘယ်နှယောက်ရဲ့ ခေါင်းထဲမှာ စွဲထင်သွားပြီလဲ။ သမီး နှင်းဇာဖြူခိုင်ရဲ့ ခေါင်းထဲမှာရော……

အိမ်သာထဲက စာတန်းကို ချက်ချင်း ရေးနဲ့နာနာပက်ပြီး ဆရာဦးစံရက ဖျက်ပစ်လိုက်တယ်။ ဒီစာကို ရေးထားတဲ့ကလေးကိုလည်း ဖင်အသားနီလန်အောင် ကြက်ဥကြိမ်နဲ့ စိတ်ရှိလက်ရှိ ရိုက်ပစ်ချင်နေတယ်။

ဦးစံရက သူ့သမီးလေးကို သိပ်မျှော်လင့်ထားတယ်။ စာတွေ သိပ်တော်စေချင်တယ်။ ဘွဲ့တွေ တစ်သီတစ်တန်းကြီး ရစေချင်တယ်။ ဒါကြောင့် ကျောင်းစာကို အနှောင့်အယှက် ဖြစ်မယ့်ဟာတွေကို လုံးဝ စိတ်မ၀င်စားစေချင်ဘူး။

ကျန်တဲ့ အိမ်သာခန်းတွေမှာတော့ ဒီစာတန်းမျိုးတွေ မရှိလို့ ဦးစံရ ရင်အေးသွားတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာတော့ နှင်းဇာဖြူခိုင်တို့ စာသင်ခန်းရဲ့ နောက်ဘက်က နံရံမှာ "…………." လို့ ရေးထားတာကို ဦးစံရ တွေ့ရပြန်တယ်။

သူ တော်တော်ကြီး စိတ်ဆင်းရဲသွားတယ်။

နှင်းဇာဖြူခိုင်က ဒီစာတန်းကို မမြင်ပါစေနဲ့။ စိတ်မ၀င်စားပါစေနဲ့လို့သာ ရင်တမမနဲ့ ဆုတောင်းနေရတော့တယ်။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဆိုတာလိုပဲ ကျောင်းမှာ စာတန်းတွေကို ဦးစံရက ရှာပြီး ဖျက်ပစ်တယ်။ အိမ်သာခန်းတွေကိုလည်း ခဏခဏ ၀င်ကြည့်တယ်။ "တံခါးခေါက်ပါ"ရော၊ "သန့်ရှင်းပါစေ"ပါ အားလုံးကို ဦးစံရက ဖျက်ပစ်တော့တာပဲ။ ကျောင်းဆင်းခေါင်းလောင်း ထိုးပြီးလို့ ကျောင်းသူကျောင်းသားတွေ အိမ်ကို ပြန်သွားကြတဲ့အချိန်…….

ဆရာဦးစံရက ရုံးခန်းထဲမှာ တစ်နေ့တာ အလုပ်စခန်းသိမ်းပြီး အိမ်ကိုပြန်ဖို့ ပြင်ဆင်နေတဲ့အချိန်….

အဲဒီအချိန်မှာ…..

နှင်းဇာဖြူခိုင်က ခုံအကြို ခုံအကြားမှာ ကျကျန်နေရစ်ခဲ့တဲ့ မြေဖြူခဲအကျိုးလေးကို မရအရ လိုက်ကောက်ယူနေတယ်။

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၂၀၊ ဇွန်လ၊ ၁၉၉၁။

2 comments:

  1. သိပ်ကောင်းတယ်။ အစက ပြုံးပြုံးနဲ့ဖတ်ရင်း ဘယ်လို ဇာတ်သိမ်းမလဲစဉ်းစားနေတာ... အဲလိုဖြစ်မယ် ထင်မထားဘူး..

    ReplyDelete

 
Web Statistics