Last Modified: 26 May, 2010, 11:19 pm
နိဒါန်းလေးပျိုးပါရစေဦးနော်။ကွန်ပျူတာကို နေရာတိုင်းလိုလိုမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ဒီနေ့လို အချိန်မျိုးမှာ လက်ရေးလက်သားကိစ္စ ပြောရတာကတော့ နည်းနည်းများ ဂွကျကျ ဖြစ်နေမလားပါပဲ။ ရုံးမှာလည်း ကွန်ပျူတာလေးနဲ့ရိုက်၊ ပရင်တာလေးထုတ်လိုက်ရင် ပြီးသွားတာကိုး။ ကွန်ပျူတာမရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ လက်နှိပ်စက်လေးတစ်လုံးနဲ့ အလုပ်လုပ်ကြပါတယ်။ အဲဒီလိုဆိုတော့ လက်ရေးလက်သားကောင်းဖို့ဆိုတာ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်ပဲ အသုံးဝင်တော့မှာပေါ့လို့ ပြောကြမယ်ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ အမြင်မတူနိုင်ပါဘူးလေ။
ရုံးမှာ ကွန်ပျူတာနဲ့စာရိုက်၊ ပြီးရင် ပရင့်ထုတ်တယ်ပဲ ထားပါတော့။ အဲဒီလိုရိုက်ဖို့စာကို မန်နေဂျာက၊ ကိုယ့်ဘော့စ်က အကြမ်းရေးပြီး ပေးတတ်ကြမယ် ထင်ပါတယ်။ ပါးစပ်ပြောတာကို လိုက်ရေးရတာလို့တော့ အငေါ်မတူးကြနဲ့ပေါ့ဗျာ။ ဘော့စ်အကြမ်းရေးပေးတဲ့စာဟာ လက်ရေးလက်သားကောင်းကောင်းနဲ့ ရှင်းရှင်းလင်းလင်းဆိုရင်တော့ ဘာအရေးလဲ။ ပြောစရာမရှိပါဘူး။ တကယ်လို့များ ရေးထားတဲ့လက်ရေးက ပဲပင်ပေါက်အညှောင့်ပေါက်၊ အသော့ကလည်း ရေးထားသေးတယ်ဆိုရင်တော့ အဲဒီစာကိုရိုက်ပေးရမယ့် ကွန်ပျူတာစာရေးခမြာတော့ သေပြီဆရာပဲ။
ကျွန်တော်တို့နိုင်ငံမှာ မေးတတ်၊ ပြောတတ်ကြတာတစ်ခု ရှိပါတယ်။ လက်ရေးဝိုင်းဝိုင်း၊ လက်ရေးလှလှရေးထားတာများတွေ့ရင် မင်းက ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းသားလား ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အချို့ကတော့ အဲဒီစကားကို နှိမ်တယ်လို့ ယူဆကြပေမယ့် ကျွန်တော်ကတော့ ကျေနပ်ဝမ်းသာပါတယ်။ လက်ရေးလှတာကိုမြင်တိုင်း ဘုန်းကြီးကျောင်းထွက်လားလို့ တွေးမိတယ်ဆိုကတည်းက မြန်မာတွေရဲ့ ဘုန်းကြီးကျောင်းတွေဟာ ဘယ်လောက်တောင် စည်းစနစ်ကျသလဲ၊ အကျိုးရှိစေ၊ ကောင်းမွန်စေတဲ့အရာတွေကို ဘယ်လောက်သင်ကြားပေးတယ် ဆိုတဲ့စိတ်နဲ့ပါ။
လက်ရေးလှတာကို လူတိုင်းသဘောကျပါတယ်။ ကိုယ်တိုင်လက်ရေးမလှရင်တောင် သူများရေးတဲ့စာကို ဖတ်ရတဲ့အခါ လက်ရေးလှလှ၊ သပ်သပ်ရပ်ရပ်လေးများ ရေးထားတာကိုဖတ်ရရင် အားလုံးပဲ စိတ်ကျေနပ်ကြမယ် ထင်ပါတယ်။ ကျွန်တော်တို့လို ကျောင်းဆရာတွေအတွက်ဆိုရင် ပိုလို့တောင် လက်ရေးလက်သားကို တန်ဖိုးထားပါသေးတယ်။ တပည့်တွေရဲ့ လေ့ကျင့်ခန်းစာအုပ်တွေ၊ စာမေးပွဲအဖြေလွှာတွေကို စစ်ရတဲ့အခါ လက်ရေးလေးသပ်သပ်ရပ်ရပ်နဲ့ ရေးထားတာဆိုရင် ဖတ်ရ၊ စစ်ရ၊ အမှတ်ပေးရတာ သိပ်စိတ်ချမ်းသာတာပါပဲ။ အဲလိုမှ မဟုတ်ဘဲ လက်ရေးကို ပြီးစလွယ်ရေး၊ ဖျက်ရာခြစ်ရာ ဗရပွနဲ့ဆိုရင်တော့ စာစစ်နေရင်းနဲ့ကို အလိုလို စိတ်တိုလာမိတာပေါ့။ အဲဒီအခါ တော်ရုံတန်ရုံ အမှားလေးဆိုရင်တောင် အမှတ်ပေးဖို့ စဉ်းစားရတဲ့အထိ ဖြစ်လာတော့တာပေါ့။ ဒါက စာစစ်ဖူးတဲ့ ဆရာတိုင်းနီးပါး သိပြီးသားဖြစ်မယ့် အကြောင်းအရာတစ်ခုပါ။
နောက်တစ်ခု ပြောစရာရှိတာကတော့ လက်ရေးလက်သား မကောင်းဘူးဆိုလို့ရှိရင် ပြောတတ်ကြတဲ့ စကားတစ်ခွန်းပါ။ လက်ရေးကို ပြီးစလွယ်ရေးပြီး ဖတ်မရအောင် ဖြစ်နေတယ်ဆိုရင် ပြောတတ်ကြတာပါ။ အားလုံးလည်း သိပြီးသားပါ။ "မင်းဟာက ဆရာဝန်လက်ရေး ကျနေတာပဲ" တဲ့။ အဲဒီစကားကိုသာ အဓိပ္ပါယ်ကောက်ရမယ်ဆိုရင် ဆရာဝန်ဆိုတဲ့လူတွေဟာ လက်ရေးကို ပြီးစလွယ်ရေးတတ်တယ်၊ ဖတ်တဲ့လူ ဖတ်မရအောင် ရေးတတ်တယ်လို့ အဓိပ္ပါယ်သက်ရောက်နေတယ် ထင်ပါတယ်။ ဘယ်ကနေဘယ်လိုဖြစ်ပြီး အဲဒီစကားတွင်ကျယ်လာတယ် ဆိုတာကိုတော့ ကျွန်တော်မသိတာ အမှန်ပါ။ ကျွန်တော့်စိတ်ထဲမှာတော့ အဲဒီစကားမျိုး ကြားရတဲ့အခါတိုင်း ဆရာဝန်တွေကို စော်ကားနှိမ့်ချသလို ခံစားရပါတယ်။ "အဲဒီဆရာဝန်ဆိုတဲ့လူတွေကကွာ၊ စာတော်လို့သာ ဆရာဝန်ဖြစ်လာတာပါ၊ လက်ရေးကျတော့ နားလည်အောင်တောင် မရေးတတ်ဘူး" လို့ ပြောနေတယ်လို့တောင် ခံစားရတယ်။ သေချာတာကတော့ ဆရာဝန်ဆိုတဲ့ လူ့အသက်ကို ကယ်တင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတောင် လက်ရေးလေးတစ်ခုကိုကြည့်ပြီး ပြောတတ်ကြတယ်ဆိုတော့ လက်ရေးလက်သားဟာ ကျွန်တော်တို့အတွက် အနည်းနဲ့အများဆိုသလို အရေးပါတယ်လို့ ကောက်ချက်ချနိုင်မယ်ထင်ပါတယ်။
နောက်မကြာခဏဆိုသလို ကြားဖူးခဲ့တာတစ်ခုကတော့ စာရေးဆရာပေါက်စလေးတွေ စာတွေရေးပြီး စာမူပို့ကြတဲ့အခါ လက်ရေးလက်သား ညံ့လွန်းတဲ့စာမူဆိုရင် အယ်ဒီတာတွေက စိတ်ညစ်ခံပြီး မဖတ်ကြဘူးဆိုတာပါပဲ။ ကိုယ်တိုင်ကြုံဖူးတာ မဟုတ်ပေမယ့် စာအုပ်တွေထဲမှာ မကြာခဏ ဖတ်ဖူးနေတာပါ။ အခုခေတ်မှာတော့ ကွန်ပျူတာလေးစီပြီး ပို့လိုက်ရင် အဆင်ပြေသွားပါပြီ။ ဒါပေမယ့် လူတိုင်းက ကွန်ပျူတာကိုင်နိုင်တဲ့ လူတွေမှ မဟုတ်တာပဲလေ။ အဲဒီတော့ လက်ရေးနဲ့ စာမူရေးပေးတဲ့ခေတ်ဟာ တော်တော်နဲ့ တိမ်ကောမသွားနိုင်သေးဘူးလို့ မြင်မိပါတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ၊ အရေးအသားတွေ ကောင်းနေပါလျက်နဲ့ လက်ရေးလက်သားမကောင်းတဲ့အတွက် အယ်ဒီတာတွေ မဖတ်ဖြစ်တာကနေ စင်ပေါ်မရောက်လာတဲ့လူတွေ ဘယ်လောက်ရှိမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
အခြားသော ဘာသာစကားတွေမှာ လက်ရေးလက်သားလှတာကို ဘယ်လိုသတ်မှတ်ကြသလဲတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ မြန်မာစာကတော့ ၀ိုင်းစက်နေရင် လက်ရေးလှတယ်လို့ သတ်မှတ်ကြပါတယ်။ (အချို့လည်း လက်ရေးက ၀ိုင်းစက်မနေပေမယ့် ဖတ်လို့အင်မတန်လှတာတွေကို တွေ့ဖူးပါတယ်။ အမြင်ဆန်းလို့ ဖြစ်မယ်ထင်ပါတယ်။) ကျွန်တော်တို့ရဲ့ စာလုံးလေးတွေကိုက ၀လုံးလေးတွေကို အခြေခံတာကိုး။ အခြားနိုင်ငံတစ်ခုမှာ စာသင်ခဲ့စဉ်က ကျွန်တော့်ရဲ့ ဆရာမက ကျွန်တော်တို့မိခင်ဘာသာနဲ့ ရေးထားတဲ့စာတွေကို ကြည့်ချင်တယ်ဆိုလို့ မြန်မာစာအုပ်တစ်အုပ်ကို ပြဖူးပါတယ်။ အဲဒီတော့ ဆရာမက ဘာပြောသလဲဆိုတော့ "အို... မင်းတို့စာလုံးလေးတွေက စက်ဝိုင်းလေးတွေပဲ" တဲ့။ မြန်မာစာကို နားမလည်ပေမယ့် စာလုံးလေးတွေကိုကြည့်ပြီး လုံးလုံးဝိုင်းဝိုင်းလေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ပြီး ရေးထားတယ်လို့ သူခံစားမိပုံ ရပါတယ်။ အဲဒီတော့ ကျွန်တော်လည်း ပြောလိုက်ပါတယ်။ "ဟုတ်တယ်၊ ကျွန်တော်တို့ မြန်မာစာက နေလုံးလေးတွေ၊ လမင်းကြီးတွေ၊ ကမ္ဘာလုံးလေးတွေနဲ့ စုပေါင်းစပ်ပေါင်း ရေးရတဲ့စာ" လို့ပေါ့။ ဆရာမက အရမ်းသဘောကျသွားတယ်။ "ထူးဆန်းတယ်နော်" တဲ့။ အဲဒီလို စာလုံးလေးတွေကို သူမတွေ့ဖူးဘူးလို့လည်း ပြောပါတယ်။ ကျွန်တော်လည်း မတွေ့ဖူးသေးပါဘူး။ မြန်မာစာလုံးလေးတွေလို ၀ိုင်းဝိုင်းစက်စက်လေးတွေနဲ့ ရေးရတဲ့ စာမျိုး ကျွန်တော်မဖတ်ဖူးသေးပါဘူး။
ကဲ... လေရှည်တာလည်း အတော်များသွားတယ်။ တစ်နေ့က Buzz မှာ စာတွေလိုက်ဖတ်ရင်း လက်ရေးလက်သားနဲ့ ပတ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ကို တွေ့မိတဲ့အတွက် သဘောကျပြီး ကူးယူထားလိုက်ပါတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ရေးချင်စိတ်ဖြစ်လာတာလေးတွေကို ချရေးလိုက်တာပါ။ ကျွန်တော်တစ်ခါမှ မဖတ်ဖူးသေးတာမို့ တစ်ခါတည်း သိမ်းပြီးသားဖြစ်အောင် ဘလော့ဂ်မှာ တင်ပေးထားလိုက်ပါတယ်။ အခြားသောသူတွေအတွက်လည်း အသုံးဝင်ရင် ယူသုံးနိုင်ကြအောင်ပေါ့။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
လက်ရေးလက်သား၊ စသည်များလည်း၊ မလျားမထောင့်၊ မမျှောင့်မယွန်း၊ မချွန်းမရှည်၊ မလည်မယိမ်း၊ မတိမ်းမငဲ့၊ မရွဲ့မစောင်း၊ မပျောင်းမယွတ်၊ မပွတ်မတွန့်၊ မလွန့်မထွတ်၊ မယှက်မမြှေး၊ မထွေးမပူး၊ မလူးမနွဲ့၊ မကျဲမစိပ်၊ မလိပ်မခွေ၊ တင့်ကြောင်းဝေမှ၊ အနေရှုအီ၊ ရွဲလုံးစီသို့၊ တညီသေချာ၊ အက္ခရာနှင့်၊ ရှေ့လာအမြစ်၊ အရစ်အပင့်၊ အဆင့်အတင်၊ အငင်အဆွဲ၊ တံခွန်ဝှဲလည်း၊ မလွဲနှိုင်းညှိ၊ စက်ဖြင့်တိသို့၊ တရှိပုံတူ၊ တတ်ကြောင်းမူ၍၊ “မြင်သူနှလုံး ဆွတ်စေမင်း”။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*ဘယ်သူရေးခဲ့တဲ့စာလည်း ဆိုတာတော့ ကျွန်တော်မသိပါဘူး။ အောက်ဆုံးမှာရေးထားတဲ့ မြင်သူနှလုံး ညွှတ်စေမင်းဆိုတဲ့ အဖွဲ့ကိုကြည့်ခြင်းဖြင့်တော့ ဘယ်သူဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။ ရေးထားတဲ့အထဲမှာလည်း ကျွန်တော်နားမလည်တာတွေ အများကြီးပါနေပါတယ်။ မလျားမထောင့်၊ မမြှောင့်မယွန်း၊ မချွန်းမရှည် စတာမျိုးတွေကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် "မရှက်မမြှေးတို့၊ မလူးမနွှဲတို့၊ တန်ခွန်ဝှဲတို့" ဆိုတာတွေကိုတော့ ကျွန်တော်နားမလည်ပါဘူး။ လက်ရေးလက်သား ကောင်းကောင်းမွန်မွန် ရေးဖို့အတွက် လိုက်နာရမယ့် အချက်တွေဟာ နည်းမှမနည်းပဲလို့ သိရတဲ့အခါ အံ့သြမိတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့မြန်မာစာမှာ လက်ရေးလေးတစ်ခုအတွက်တောင် အဲဒီလို အချက်အလက်တွေ ရှိတယ်ဆိုတော့ ဂုဏ်ယူစိတ်လည်း ဖြစ်မိပါတယ်။ အခုအပေါ်က ရေးထားသမျှဟာ မူရင်းအတိုင်း ဟုတ်မဟုတ်ဆိုတာလည်း နည်းနည်းတော့ တစ်မျိုးဖြစ်မိပါတယ်။ အချို့နေရာတွေမှာ ဆက်စပ်လို့မရဘဲ ဖတ်ရတာ တစ်မျိုးဖြစ်နေလို့ပါ။ ဒီလိုပြောတဲ့အတွက် Buzz မှာ ဝေငှထားတဲ့လူကို စော်ကားသလိုလည်း ဖြစ်မှာစိုးရိမ်မိပါတယ်။ အဲဒီလို မရည်ရွယ်တာ အမှန်ပါ။ မူရင်းကဗျာကို ပြန်ရှာပြီးဖတ်နိုင်အောင် ကြိုးစားပါဦးမယ်။ အခုဖတ်နေသူတွေထဲကလည်း အဲဒီကဗျာမှာ အမှားတွေပါနေကြောင်း သိတဲ့လူများရှိခဲ့ရင် ထောက်ပြပြောဆိုကြပါဦးနော်။ အင်တာနက်ပေါ်မှာ ရှိနေခဲ့ရင်လည်း လင့်ခ်ပေးကြပါဦး။
ငယ်ငယ်တုန်းက အမေနဲ့ကျွန်တော် နေ့စဉ်တကျက်ကျက် ဖြစ်ခဲ့ရတဲ့အချိန်တွေကို ပြန်သတိရမိတယ်။ ညရောက်ပြီဆိုတာနဲ့ အမေက စာကြည့်စားပွဲမှာထိုင်ပြီး လေးကြောင်းမျဉ်းစာအုပ်မှာ လက်ရေးလှရေးခိုင်းတယ်။ တစ်ရက်ကို (၄)မျက်နှာနှုန်းနဲ့ နေ့တိုင်းရေးနေရတာဆိုတော့ ကလေးဘ၀က ဘယ်ပျော်မှာလဲ။ အတော်ကြီးကို စိတ်ညစ်တာပေါ့။ ပြီးစလွယ်လည်း ရေးလို့မရဘူး။ အမေက ဘေးမှာထိုင်ပြီး သစ်သားပေတံတစ်ချောင်းနဲ့ ထိုင်စောင့်နေတာ။ တစ်လုံးနဲ့တစ်လုံး မညီရင်၊ တွန့်သွားရင် လက်ဆစ်ကို ပေတံနဲ့ခေါက်တော့တာပဲ။ အဲဒီတုန်းကတော့ ငိုခဲ့ရတာပေါ့။ စိတ်လည်းညစ်တယ်။ သားသမီးချင်းအတူတူ ကျွန်တော့်ထက် တစ်နှစ်ပဲငယ်တဲ့ ညီအငယ်ကောင်ကိုကျတော့ လေးကြောင်းမျဉ်းစာအုပ် မရေးခိုင်းဘူး။ သူ့ကိုကျတော့ မရေးခိုင်းဘူးဆိုပြီး ကြေးတန်းညှိရင်လည်း အရိုက်ခံရသေးတယ်။ သူက ဘယ်လောက်သင်သင် မတတ်ဘူး၊ အဲဒီတော့ မသင်ဘူးလို့ ပြန်ဖြေတယ်။ ဟိုကောင်ကလည်း တကယ့်ကို လူကတ်၊ ကြိုက်သလောက်ရိုက်၊ လေးကြောင်းမျဉ်းစာအုပ်ကို လုံးဝကို မရေးဘူး။ ကျွန်တော့်မှာသာ တစ်ရက်တစ်ရက် လက်ဆစ်တွေ အခေါက်ခံရ၊ အရိုက်ခံရနဲ့ ငိုရင်းရေးခဲ့ရတာ။
အဲဒါတွေတော့ ကျောင်းတက်တဲ့အချိန်မှာတော့ အသုံးဝင်ပါတယ်။ လက်ရေးလှတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် အတော်လေးကို မျက်နှာပွင့်တယ်။ ဆရာမတွေကလည်း တစ်ခုခုရေးစရာရှိရင် ခေါ်ရေးခိုင်းတတ်တယ်။ အခန်းထဲက အတန်းတက်စာအုပ်မှာလည်း တစ်ခန်းလုံးရဲ့ နာမည်တွေကို ရေးပေးရတတ်တယ်။ အတန်းကြီးလာတော့ အခန်းထဲမှာ သင်ပုန်းပေါ်ထွက်ပြီး စာရေးခိုင်းရင်လည်း ဆရာ၊ ဆရာမတွေက ကိုယ့်နာမည်ပဲ ခေါ်တာပဲ။ တစ်ခုတော့ မကောင်းဘူး။ သင်ပုန်းပေါ်မှာ စာထွက်ရေးနေရတော့ အဲဒီစာတွေကို အိမ်ပြန်ရောက်ရင် ပြန်ပြန်ကူးရတယ်။ ကိုယ့်အချိန်ထဲကပါတော့ နည်းနည်းတော့ စိတ်ညစ်မိတာ အမှန်ပဲ။
စာရေးချင်စိတ်ပိုးကလည်း ဒီလက်ရေးကနေ စတာလို့ ဆိုနိုင်တယ်။ ကျောင်းမှာတုန်းက ကျွန်တော်ဝင်မရေးတဲ့၊ ၀င်မပြိုင်တဲ့ စာစီစာကုံးပြိုင်ပွဲဆိုတာ မရှိသလောက်ပဲ။ တစ်ခုခုဆိုတာနဲ့ အတန်းပိုင်ဆရာမကလည်း ကျွန်တော့်နာမည်ကို ပေးပြီးသားဖြစ်နေတတ်တယ်။ ဖတ်ရမယ့်စာအုပ်တွေ ရှာပေးတယ်။ ပြီးရင် အစမ်းရေးခိုင်းတယ်။ အဲဒီမှာတင် စာဖတ်တာ၊ စာရေးတာက အမြစ်တွယ်သွားတယ် ထင်ပါရဲ့။ အခုမှပဲ ကျေးဇူးတင်နေမိတော့တယ်။
အထက်တန်းကျောင်းသားဘ၀နဲ့ တက္ကသိုလ်ကျောင်းသားဘ၀မှာတော့ အဲဒီလက်ရေးလှတာဟာ တော်တော်လေးကို အကျိုးပြုခဲ့တယ်လို့ ဆိုရမယ်ထင်တယ်။ စာလေးတွေကလည်း အနည်းအကျဉ်းဖတ်၊ စာတွေကဗျာတွေကလည်း မတောက်တခေါက်ရေး၊ လက်ရေးကလည်းလှဆိုတော့ သိတဲ့အတိုင်းပဲ ရည်းစားစာရေးခိုင်းတဲ့လူတွေ တစ်ပုံကြီးပေါ့။ အကြီးရော၊ အငယ်ရော အစုံပါပဲ။ မုန့်ဖိုးတောင် သိပ်မကုန်ဘူး။ ဟိုလူက ၀ယ်ကျွေးလိုက်၊ ဒီလူက ၀ယ်ကျွေးလိုက်ပေါ့။ ကိုယ်က ကိုယ့်ဘာသာကိုယ် အရူးထပြီး တောင်ရေးမြောက်ရေး ရေးထားတဲ့ စာညွန့်လိုလို၊ ကဗျာလိုလိုတွေကို အခြားလူတွေက သဘောကျနေတာ၊ ရေးခိုင်းနေတာမြင်တော့ ကိုယ့်ကိုယ်ကိုယ်တောင် ဘ၀င်မြင့်ချင်သလိုလို ဖြစ်မိသေးတယ်။ အခုမှပဲ ပြန်တွေးပြီး လွမ်းမိ၊ သတိရမိပါတယ်။
ကဲပါလေ... စကားကြောတောင် အတော်ရှည်သွားတယ်။ လက်ရေးလက်သားမလှလို့လည်း ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမယ့် လှလှပပ၊ သပ်သပ်ရပ်ရပ်လေး ရေးနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ကိုယ်တိုင်အတွက်ရော၊ အခြားသော ကိုယ်ရေးတဲ့စာကို ဖတ်မယ့်လူတွေ အတွက်ရောပေါ့။ အခုအချိန်မှာ စာဖတ်သူက လက်ရေးလှချင်မှ လှပါလိမ့်မယ်။ ပြင်ချင်မှ ပြင်ပါလိမ့်မယ်။ ဒါပေမယ့် သားသမီးတွေ၊ ညီငယ်၊ ညီမငယ်တွေကိုတော့ လက်ရေးလေးတွေလှအောင် သင်ပေးစေချင်၊ ပြုပြင်ပေးစေချင်တယ်။ ကိုယ်တိုင်လည်းလှ၊ အခြားလူတွေကိုလည်း ပြုပြင်သင်ကြားပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။
တငိုငိုတရီရီနဲ့ ဂျီကျတတ်တဲ့ ကျွန်တော့်ကို ချော့တစ်ခါ၊ ရိုက်တစ်လှည့်နဲ့ လက်ရေးလှအောင်သင်ပေးခဲ့တဲ့ အမေ့ကိုလည်း ဒီနေရာကနေပဲ သတိတရ ရှိခိုးကျေးဇူးတင်လိုက်ပါတယ်။ အားလုံးပဲ လက်ရေးလက်သား ကောင်းကောင်းနဲ့ စာရေးကြသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၉ နာရီ ၄၈ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၉ နာရီ ၄၈ မိနစ်တွင်ပြီး၏။
ရေးသူက ရွှေကျောင်းဆရာတော် ဦးပညာ (မြန်မာသက္ကရာဇ် ၁၁၄၀-၁၂၀၀) ဖြစ်ပါတယ်။
မာတောဝါဒဆုံးမစာ ထဲမှ ကောက်နုတ်ချက် တစ်စိတ်တစ်ဒေသသာ ဖြစ်ပါတယ်။
မှားယွင်းနေတဲ့ စာသားတချို့ကို ပြန်လည်ပြင်ဆင်ရေးသားထားပါတယ်။
No comments:
Post a Comment