အဓိပ္ပါယ်
ဂျပန်ပြည်မှာပါ။
ဇင်ဘာသာ ဘုန်းကြီးတစ်ပါးက ငရဲနဲ့နိဗ္ဗာန်အကြောင်း ဟောပြတာ သိပ်ကောင်းတယ်လို့ နာမည်ကျော်ကြားတာနဲ့ ဆာမူရိုင်းတစ်ယောက် အဲဒီဘုန်းကြီးဆီ သွားပါတယ်။ ပြီးတော့ လူအများရဲ့ရှေ့မှာ...
[ဆာမူရိုင်း] - ဘုန်းကြီး၊ ငရဲနဲ့နိဗ္ဗာန် အဓိပ္ပါယ် ဖွင့်ပြစမ်းပါ။ (ခပ်တင်းတင်းပါပဲ...)
[ဘုန်းကြီး] - မင်းလို အသုံးမကျတဲ့ကောင်ကို ငါကဘာဖြစ်လို့ ပြောပြရမှာလဲကွ။
ဆာမူရိုင်း ဒေါသဒီဂရီ တက်သွားပါတယ်။ ဓားကို ဆွဲထုတ်ပြီး ဘုန်းကြီးအပေါ် မိုးထားလိုက်ပါတော့တယ်။
[ဆာမူရိုင်း] - ပြန်ပြောစမ်း ဘုန်းကြီး၊ ခုတ်ပစ်လိုက်မယ်။
[ဘုန်းကြီး] - မင်းစိတ်ထဲမှာ အခု ဒေါသကြောင့် ပူလောင်နေတယ် မဟုတ်လား။ အဲဒါ ငရဲ။ ငါ့စိတ်ထဲမှာ သေမှာမကြောက်ဘဲ ငြိမ်းချမ်းလို့ အဲဒါ နိဗ္ဗာန်။
ဘုန်းကြီးရဲ့ စကားသံအဆုံးမှာ သာဓုခေါ်သံတွေ ဆူညံလို့။ ဆာမူရိုင်းလည်း ဦးညွတ်လို့....။
နှင်းတွေ တဖွေးဖွေးအောက်မှာပေါ့။
ဖြစ်စဉ်
လူ့မလိုင် ဒေါက်တာတစ်ယောက်က ချဉ်းကပ်မှု အသစ်တစ်ခု ပို့ချနေတာပါ။
"အခုလက်ရှိ ပကတိအနေအထားမှာ လူလူချင်းအကြောင်း ဆွေးနွေးတာထက် ပြီးတော့ ဖြစ်ရပ်အကြောင်း အကြောင်းချင်း ဆွေးနွေးတာထက် ပိုကောင်းတဲ့အရာဟာ အိုင်ဒီယာချင်း ဆွေးနွေးတာပဲကွ...။ အဲဒီခေတ်ကို ပညာခေတ်လို့ ခေါ်တယ်"
သူ့စကားအဆုံးမှာ တပည့်သေးသေးလေးတစ်ယောက် ထမေးပါတယ်။
"လူတွေအကြောင်း မသိရင်၊ ဖြစ်ရပ်တွေအကြောင်း မသိရင် အိုင်ဒီယာအချင်းချင်းကော သိပါ့မလားဟင်"
သူ့မေးခွန်းအဆုံးမှာ ၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့........။
ပြီးမှ ဖိနပ်သံ တဖျတ်ဖျတ်နဲ့၊ ဖိနပ်သံတွေ ဦးတည်ရာက ထွက်ပေါက်တစ်ခုဆီသို့....
နောက်ပြန် မလှည့်တော့ပါဘူး..........။
Monday, May 31, 2010
ဝိရောဓိ အတွေးများ - သဲအောင်
Posted by Ko Nyan Posted Time 3:18 PM
Labels စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment