နိဒါန်း
အခြားတော့ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ ထိတွေ့ပေါင်းသင်း ဆက်ဆံဖူးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ပြောဖူးခဲ့တဲ့ စကားတွေထဲကမှ ရင်ထဲမှာ အမှတ်ထင်ထင်ဖြစ်ပြီး ကျန်နေရစ်ခဲ့တာလေးတွေကို ပြန်ပြီး ဖောက်သည်ချမလို့ပါ။ စကားဆိုတာ လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံပြောဆိုရာမှာ မသုံးမဖြစ် သုံးရတဲ့ အရာတစ်ခု မဟုတ်လား။ တစ်ဦးရဲ့ ရင်ထဲမှာ ဘာတွေပြောချင်နေတယ်၊ ဘာတွေအလိုရှိတယ်၊ ဘာတွေလုပ်ချင်နေတယ် စသည်ဖြင့် ကိုယ့်ရဲ့ဆန္ဒတွေကို စကားလုံးတွေကတစ်ဆင့် ဖော်ပြနိုင်တာကိုး။
အရာရာမှာ အကောင်းနဲ့အဆိုး ဒွန်တွဲရှိနေတတ်တာလည်း သဘာဝမို့ စကားဆိုတိုင်းလည်း အကောင်းချည်းပဲလို့တော့ မှတ်လို့လည်း မရနိုင်ပါဘူးလေ။ စကားလေးတစ်ခွန်းကြောင့် အသက်ဆုံးရှုံးရတာတွေ၊ ဘ၀ပျက်သွားရတာတွေ သမိုင်းထဲမှာရော၊ ဒီနေ့ခေတ်မှာပါ ကြားဖူး၊ ဖတ်ဖူးနေကြတာပါပဲ။ အဲဒီလိုပဲ အဓိပ္ပါယ်ရှိ၊ အားပါတဲ့ စကားကောင်းလေးတွေကြောင့်လည်း ဘ၀တွေ ပြောင်းလဲသွားရတာ၊ တိုးတက်သွားရတာတွေလည်း ဒုနဲ့ဒေးပါပဲ။ သေချာတာကတော့ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘ၀တွေမှာ စကားလုံးတွေနဲ့ ထိတွေ့လုံးပန်းနေရဦးမယ် ဆိုတာပါပဲ။ ဘယ်အချိန်အထိလဲဆိုတော့ စကားလုံးတွေကို မကြားနိုင်၊ မပြောနိုင်တော့တဲ့အထိပေါ့။
ဒီအသက်အရွယ် ရောက်တဲ့အထိ ကျွန်တော့်ဘ၀မှာလည်း စကားလုံးပေါင်း ဘယ်လောက်ကြားခဲ့ရပြီးပြီ၊ ဘယ်လောက်ပြောခဲ့ပြီးပြီဆိုတာ ရေတွက်လို့မရနိုင်ပါဘူး။ ကျွန်တော်ပြောခဲ့တာတွေကို ကျွန်တော်မှတ်မိတာက သိပ်မရှိလှပါဘူး။ ဘယ်နေရာမှာ ဘယ်သူ့ကို ဘာပြောခဲ့သလဲဆိုတာကို ကျွန်တော်မသိတော့တာလည်း သဘာဝကျမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း အခြားလူတွေ ပြောတဲ့စကားတွေထဲကမှ တကူးတကန့် မှတ်သားထားတာ မဟုတ်ပေမယ့် ကျွန်တော့်ရင်ထဲမှာ အမှတ်ထင်ထင်ဖြစ်နေတဲ့ စကားလေးတွေ ရှိခဲ့ပါတယ်။ အခြားလူတွေမှာလည်း အဲဒီလိုပဲ အမှတ်ထင်ထင် ဖြစ်နေတာလေးတွေ ရှိကြမှာပါပဲ။
အခုပြောပြမယ့် စကားလေးတွေဟာ လေးလေးနက်နက်ကြီးတွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ မှတ်သားစရာလည်း ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ အချို့ကလည်း ပေါ့ပေါ့ပါးပါး ပြုံးစရာ၊ ရယ်စရာလေးတွေပါ။ အချို့ကျပြန်တော့ စဉ်းစားစရာလေးတွေပါ။ အချို့စကားတွေကတော့ ရင်ထဲမှာ အမှတ်မထင် စွဲထင်နေရစ်နေတာမို့ပါ။ စာဖတ်သူအတွက် တစ်စုံတစ်ရာ အကျိုးမရှိဘူးဆိုသော်မှ အပျင်းပြေဖြစ်ဖြစ် ဖတ်လို့ရမယ်ဆိုရင် ရေးရကျိုးနပ်မှာပါ။ ကျွန်တော့်ရင်ထဲက စကားလုံးလေးတွေကို စာနဲ့မှတ်တမ်းတင် သိမ်းဆည်းထားလိုက်တဲ့ သဘောမှတစ်ပါး….။
ရုပ်ဆိုးတဲ့လူတွေက ရုပ်ချောတဲ့လူတွေနဲ့ ရတယ်။
(နေလွင်)
သူငယ်ချင်းနေလွင်ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို အရင်ဆုံးသတိရမိတယ်။ တက္ကသိုလ်တက်စဉ်တုန်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ တစ်ခန်းတည်း အတူနေခဲ့ရတာမို့ တစ်ယောက်အကြောင်းကိုတစ်ယောက် အကုန်မဟုတ်တောင်မှ အတော်များများသိကြတဲ့ သူငယ်ချင်းတွေပါ။ လူပုသလောက် နာမည်ရှည်ပြီး အင်မတန်လည်း စကားကြီးစကားကျယ် ပြောတတ်သူပါ။ တစ်ခါတလေတော့လည်း သူ့ဆီက စကားအထူးအဆန်းတွေ ကြားရတတ်ပါတယ်။ တစ်ခါတုန်းက ကျွန်တော်ရေးခဲ့ဖူးတဲ့ အသက်ပေးပြီး မွေးထားတဲ့အမေကိုတော့ သတိမရဘဲ ကိုယ့်အသက်နဲ့ရင်းပြီး မွေးထားတဲ့ သားသမီးတွေကိုပဲ သည်းသည်းလှုပ်နေတယ် ဆိုတာမျိုးပေါ့။ သူ့အမေရေးပေးလိုက်တဲ့ စာထဲက စကားတွေပေါ့။ အများအားဖြင့်တော့ သူ့အမေ၊ သူ့အဖေ၊ သူ့အဘွားက ပြောတဲ့စကားတွေကို ပြန်ပြီးဖောက်သည်ချတတ်ပါတယ်။ သူ့အိမ်ကလည်း သူ့ကို ကလေးလိုပဲ သဘောထားကြတယ်ထင်ပါရဲ့။
တစ်ရက်တော့ အခန်းထဲမှာ နှစ်ယောက်အတူထိုင်ပြီး စကားပြောနေရင်း အရင်းမရှိ အဖျားမရှိနဲ့ စကားတစ်ခွန်း ပြောလာပါတယ်။ "မင်းကတော့ ကံကောင်းပါတယ်ကွာ" တဲ့။ ကျွန်တော်လည်း အံ့သြသွားတာပေါ့။ ဘာဖြစ်လို့လဲပေါ့။ အဲဒီတော့ သူက ဘာပြန်ပြောသလဲဆိုတော့ "မင်းက ရုပ်ချောတဲ့ မိန်းမနဲ့ ရမှာ၊ ငါကတော့ ရုပ်ဆိုးတဲ့ မိန်းမနဲ့ ရမှာကွ" တဲ့။ ကျွန်တော့်မှာ ဘာတွေပြောနေမှန်းကို နားမလည်နိုင်တော့ဘူး။ ဘာတွေပြောနေတာလဲပေါ့။ အဲဒီမှာ ကိုယ်တော်ချောက သူ့ရဲ့ အဘိဓမ္မာကို ရှင်းလင်းချက်လုပ်ပါတော့တယ်။ သူပြောတာက ဒီလိုပါ။
ရုပ်ချောတဲ့လူတွေဟာ ရုပ်ဆိုးတဲ့လူတွေနဲ့ ညားတတ်တယ်တဲ့။ ရုပ်ချောတဲ့ မိန်းမတစ်ယောက်ဟာ ရုပ်ဆိုးတဲ့ ယောက်ျားတစ်ယောက်နဲ့ ညားမယ်တဲ့။ အဲဒီလိုပဲ ရုပ်ချောတဲ့ ယောက်ျားတစ်ယောက်ကလည်း မိန်းမချောချော မရနိုင်ဘူးတဲ့။
အဲဒီတော့မှ ကျွန်တော်လည်း ဒီကောင်ဘာပြောချင်မှန်း သေချာသိတော့တယ်။ ပါးစပ်ကလည်း "သူတောင်းစား" ဆိုပြီး ဆဲလည်းဆဲ၊ လက်သီးနဲ့လည်း လိုက်ထိုးရတော့တာပေါ့။
သူကတော့ ကြုံရင်ကြုံသလို ကျွန်တော့်ကို အဲဒီလိုပဲ စနောက်နေတာပါပဲ။ အခြားလူတွေကိုလည်း အဲဒီဒဿနကြီး လိုက်ပြောနေတာပါပဲ။ အဲဒီတုန်းကတော့ စနောက်တယ်လို့ပဲ ယူဆခဲ့ကြတာ၊ ပေါ့ပေါ့ပါးပါးပဲ ပြောခဲ့ကြတာပါ။ ဒါပေမယ့် အခုအသက်ကလေး ရလာတော့လည်း စဉ်းစားစရာ ဖြစ်လာရတာပါပဲ။ အသက်ကြီးလာတော့လည်း သိတဲ့အတိုင်းပဲလေ အိမ်မြောင်စုတ်ထိုးရင်တောင် ဘာဖြစ်လို့ပါလိမ့်ဆိုပြီး စဉ်းစားချင် စဉ်းစားနေတတ်တာမျိုးကိုး။ အခုလည်း အဲဒီလိုပါပဲ။ ပတ်ဝန်းကျင်ကို နည်းနည်းလေး သတိထားမိတော့လည်း ကျွန်တော့်သူငယ်ချင်းပြောတာ ဟုတ်သလိုလို ဖြစ်နေပါရောလား။ ကျီးကန်းဘဲဥချီထားတဲ့ စုံတွဲတွေ၊ မင်းကုသနဲ့ ပပ၀တီ စုံတွဲတွေ၊ ရွှေမင်းသားနဲ့ မယ်ကုဝဏ် စုံတွဲတွေကို မြင်ရတဲ့အခါ ဟိုကောင်သူတောင်းစားလေးပြောတာ ဟုတ်များဟုတ်နေသလားလို့ တွေးမိတော့တာပေါ့။ ကိုယ့်မှာမရှိတာကို လိုချင်တတ်တာကလည်း လူ့သဘာဝပဲ မဟုတ်လား။ ဟော… အဲဒီတော့ ကျွန်တော့်အတွေးတွေ ရှုပ်ထွေးရပြီပေါ့ဗျာ။
အဲဒါနဲ့ သူများတွေကို လိုက်မကြည့်တော့ဘဲ ကိုယ့်ဘာသာကိုယ်ပဲ မေးကြည့်လိုက်တယ်။ ရယ်စရာတော့ ကောင်းသားဗျ။ ချောမောလှပတဲ့ မိန်းကလေးတွေဆိုရင် အင်မတန်မှကို သဘောကျတယ်လို့ အဖြေထွက်တယ်ဗျ။ အဲဒီအဖြေအတွက် ဟိုကောင် နေလွင့်ကိုပဲ ကျိန်ဆဲနေမိတယ်။ "သူတောင်းစားလေး… မင်းစကားတစ်ခွန်းကြောင့် ငါတော့ထိနေပြီ" လို့လေ။
နှလုံးသား ကြီးနေတုန်းကတော့ ဦးနှောက်က သေးသေးလေး။
(ကေသုံးလုံး)
ကေသုံးလုံးဆိုတာ နာမည်အရင်းမဟုတ်ပါဘူး။ သူ့နာမည် ကျော်ကျော်ခိုင်ကို အင်္ဂလိပ်လို အတိုကောက်ရေးမယ်ဆိုရင် KKK လို့ ရေးလို့ရတာမို့ ကေသုံးလုံးလို့ ပြောလိုက်တာပါ။ သူကတော့ အလုပ်ခွင်ထဲရောက်တဲ့အချိန်ကျမှ ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ အင်မတန်ခင်ဖို့ကောင်းသလို ပွင့်လင်းဖော်ရွေတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ သူ့ရဲ့ ထူးခြားတဲ့ အရည်အသွေးကတော့ ဟင်းချက်ကောင်းတာပါပဲ။ ထမင်းဟင်းချက်တာကို အင်မတန်မှကို ၀ါသနာပါတဲ့သူပါ။ အမြဲတမ်း ဘာချက်စားရင်ကောင်းမလဲလို့ စဉ်းစားနေတတ်ပြီး မပျင်းမရိ ချက်ပြုတ်တတ်သူပေါ့။ ၀မ်းနည်းစရာ ကောင်းတာကတော့ အဲဒီသူငယ်ချင်းဟာ အချစ်ကံ မကောင်းတာပါပဲ။ အခုအချိန်အထိ လူပျိုကြီးဖြစ်နေသေးတဲ့ သူ့အတွက် ဘယ်အချိန်ကျမှ အချစ်ကံ ကောင်းမယ်ဆိုတာတော့ ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး။ ဗီဒီယိုကြည့်တဲ့အချိန်မှာ အမြဲတမ်းတွေ့နေရတဲ့ "ရုက္ခစိုးတောင် မနေနိုင်ပေါင်" ဆိုသလိုပဲ ကျွန်တော့်သူငယ်ချင်းခမြာလည်း "မြားနတ်မောင်တောင် မကယ်နိုင်ပေါင်" ဖြစ်နေပြီလား မသိပါဘူးဗျာ။
ကျွန်တော်က သူ့ကိုတွေ့တိုင်း မိန်းမ မယူသေးဘူးလားလို့ စတတ်ပါတယ်။ အဲဒီအခါတိုင်း သူပြန်ပြောတတ်တဲ့ စကားတွေက အပေါ်ဆုံးမှာ ရေးခဲ့သလိုပါပဲ။ "မယူသေးပါဘူး သူငယ်ချင်းရယ်…၊ အရင်တုန်းကတော့ အရမ်းချစ်တတ်ခဲ့တော့ နှလုံးသားနဲ့ပဲ အားလုံးကို ဆုံးဖြတ်ပြီး တခြားဘာကိုမှ မစဉ်းစားနိုင်ပါဘူး။ အခုတော့ အရာရာကို ဦးနှောက်နဲ့ စဉ်းစားနေရတော့ ဦးနှောက်ကြီးက ကြီးလာပြီး နှလုံးသားက သေးသေးလေး ဖြစ်သွားတယ်ကွ" တဲ့။
ကျွန်တော့်ရင်ထဲမှာ နင့်သွားပါတယ်။ စဉ်းစားစရာတွေလည်း အများကြီးဖြစ်ရတယ်။ ကျွန်တော်တို့ရဲ့ ဒီနေ့ကမ္ဘာကြီးဟာ ဦးနှောက်ကို ဗဟိုပြုရတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်လာနေတာ ငြင်းမရတဲ့ အချက်တစ်ခုပါ။ ဟိုးအရင်ကလိုမျိုး ခံစားချက်ကို ဦးစားပေးနိုင်တဲ့ခေတ် မဟုတ်တော့ဘူးလေ။ အရာရာကို ဦးနှောက်နဲ့စဉ်းစား၊ ဦးနှောက်နဲ့ ဆုံးဖြတ်ပြီး ပြုမူပြောဆို၊ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အခြေအနေ၊ အချိန်အခါတွေနဲ့ ကြုံနေကြရတယ်လေ။
ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်မိတယ်။ ဘာမှ ကွဲကွဲပြားပြား မသိရဘူး။ ဒွိဟဖြစ်ရတယ်။ သေချာတာကတော့ သူငယ်ချင်းပြောသလိုမျိုး တစ်ဖက်စွန်းတွေဆီ မရောက်သေးဘူးဆိုတာပါပဲ။ ဒါဆိုရင် ကျွန်တော့်ဦးနှောက်နဲ့ နှလုံးသားဟာ ဆတူများ ဖြစ်နေသေးသလားဆိုပြီး မရဲတရဲ တွေးနေမိပါသေးတယ်….။
(ဗိုလ်ကောင်း)
၁၂-၇-၂၀၀၂ ရက်နေ့က ရန်ကုန်တက္ကသိုလ်ရဲ့ စာသင်ခန်းတစ်ခုမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းပါ။ အဲဒီစကားသက်သက်ကို ပြောတာတော့ မဟုတ်ပါဘူး။ The Person Admire ဆိုတဲ့ခေါင်းစဉ်အတွက် စင်ပေါ်တက်ပြီး တစ်ယောက်ချင်းစီ အင်္ဂလိပ်လို ပြောကြရပါတယ်။ အဲဒီမှာ သူပြောခဲ့တဲ့ အက်ဆေးထဲကမှ စာသားအစိတ်အပိုင်း အချို့ပါ။ သူပြောပြတဲ့ အက်ဆေးထဲကပုဂ္ဂိုလ်ဟာ အခြားတစ်ယောက်အကြောင်းပါ။ အဲဒီလူအကြောင်း ပြောနေရင်းနဲ့မှ အပေါ်မှာရေးခဲ့တဲ့ စာသားလေးတွေကို ထည့်သုံးသွားတာပါ။ သူပြောပြတဲ့ ပုဂ္ဂိုလ်နဲ့ ဘာမှမဆိုင်တဲ့ အဲဒီစကား၊ အဲဒီဒဿနကို သူဘာကြောင့် ထည့်သုံးခဲ့ရသလဲဆိုတာကိုလည်း ကျွန်တော်အနေနဲ့ သေသေချာချာ သိနေတဲ့အတွက် ရင်ထဲမှာ ပိုခံစားရတာပါ။
ဟုတ်ပါတယ်။ အဲဒီစကားတွေဟာ သူမကြာခဏ ပြောတတ်တဲ့ စကားလုံးတွေပါ။ သူ့ရဲ့ခံစားချက်နဲ့ရင်းပြီး ပြောလေ့ရှိတဲ့ စကားတွေပါ။ သူပြောသလိုပါပဲ။ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘ၀တွေမှာ လူကောင်းရော၊ လူဆိုးရော၊ လူတော်ရော၊ လူညံ့ရော လူပေါင်းစုံနဲ့ ထိတွေ့ပေါင်းသင်း ဆက်ဆံပြောဆိုနေကြရတာပဲလေ။ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ဆိုတဲ့စကားဟာ ကျွန်တော်တို့ခေါင်းထဲမှာ ငယ်ငယ်လေးကတည်း စွဲထင်နေတဲ့ အရိပ်တစ်ခုပဲမဟုတ်လား။ လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မှားယွင်းနေတဲ့အတွက် ပညာရှင်အသီးသီးက အမျိုးမျိုးအဖုံဖုံ စာနဲ့ရှင်းပြရေးပြကြတာပါပဲ။ ဒါပေမယ့် အရိုးစွဲနေတဲ့ အစွဲတစ်ခုကို ဖျောက်ဖျက်နိုင်ကြသေးတာတော့ မဟုတ်ပါဘူး။ အဲဒီအတွက် ပတ်ဝန်းကျင်မှာ ဆိုးတယ်ဆိုတဲ့လူတွေကို ရှောင်ကြဉ်လိုက်ကြတာပါပဲ။
သူတို့ကို အဲဒီလိုရှောင်ကြဉ်လိုက်တဲ့အတွက် သူတို့ဟာ လူကောင်းတွေ ဖြစ်သွားတာမှ မဟုတ်တာပဲ။ ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ သူတို့တွေဟာ ပိုဆိုးသထက် ဆိုးသွားဖို့ပဲ ရှိပါတယ်။ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုးတောင် ဖြစ်သွားနိုင်တယ်မဟုတ်လား။ ကောင်းတဲ့လူတွေကသာ ဖေးမကူညီ ပြုပြင်ပေးနိုင်မှာပါလေ။ မီးကိုငြိမ်းသတ်နိုင်တာ မီးမဟုတ်ပါဘူး။ မီးကိုငြိမ်းစေနိုင်တာက ရေပါ။ လောင်ချင်ရင်လောင်ပါစေဆိုပြီး ဒီအတိုင်း ပစ်ထားရင်တော့ သူ့ဟာသူလောင်ကျွမ်းပြီး ဘာမှမရှိတော့တဲ့အချိန်မှာ ရပ်သွားနိုင်ပါတယ်။ အဲဒီလိုပါပဲ အခြားအရာတွေကိုလည်း ကူးစက်လောင်ကျွမ်းစေနိုင်တယ်လေ။ ဒါကြောင့် ရေနဲ့မငြိမ်းမဖြစ် ငြိမ်းသတ်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့တွေရဲ့ အသိုင်းအ၀ိုင်းအတွက်၊ ပတ်ဝန်းကျင်အတွက်၊ ကမ္ဘာကြီးအတွက် လူကောင်း၊ လူတော်တွေ လိုအပ်တာ အသေအချာပါပဲ။ ဒါပေမယ့် လူတိုင်းဟာ မွေးကတည်းက လူတော်တွေအဖြစ်၊ လူကောင်းတွေအဖြစ် မွေးဖွားကြီးပြင်းလာကြရတာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဘ၀ချင်း၊ အခြေအနေချင်း။ ဖြတ်သန်းပုံချင်း မတူညီကြတဲ့အတွက် ဖြစ်လာတဲ့ ရလဒ်တွေဟာလည်း မတူညီနိုင်ပါဘူး။ အဲဒီတော့ လူတိုင်းဟာ လူကောင်း၊ လူတော်တွေ မဖြစ်နိုင်ပါဘူး။ အဲဒီလို မဖြစ်နိုင်တာတွေကို ပစ်ပယ်မထားဘဲ၊ ရှောင်ဖယ်မထားဘဲ ကူညီလက်တွဲ ဖေးမပြုပြင်ကြမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘ၀ကို ပြုပြင်ပေးရုံတင်မဟုတ်ဘဲ လူ့လောကကြီးအကျိုးကိုပါ သယ်ပိုးဆောင်ရွက်ခြင်း ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့တွေ မြင်သင့်သိသင့်ကြပါပြီ။ နားလည်လုပ်ဆောင် သင့်ကြပါပြီ။
သူငယ်ချင်းရေ… အပြည့်အ၀ မဟုတ်သော်မှ ငါတတ်နိုင်သလောက်၊ စွမ်းသလောက်တော့ ကြိုးစားနေပါတယ်။ တစ်ခါတစ်ရံမှာ ငါကိုယ်တိုင်လည်း လူဆိုးတစ်ယောက် ဖြစ်နေတတ်တာမို့ အခြားလူတွေရဲ့ အကူအညီတွေ လိုအပ်တာ အမှန်ပါပဲ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း အဲဒီလို လိုအပ်နေတဲ့လူတွေ ဘယ်လောက်များ ရှိနေသလဲဆိုတာကတော့ …….။
သူငယ်ချင်းတွေကို လွမ်းဆွတ်သတိရ တမ်းတစွာဖြင့် ဆက်ရေးပါဦးမည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၀ ရက်၊ ကြာသပတေးနေ့။
ညနေ ၄ နာရီ ၃၆ မိနစ်တွင်ပြီး၏။
အရပ်ပုတဲ့သူတစ်ယောက်အနေနဲ့ အရပ်အရမ်းရှည်သူနဲ့ကြိုက်နေတဲ့အတွက် ဒီစာကိုဖတ်မိတဲ့အချိန်မှာ ဘာကိုပြန်ပြောရမှန်းတောင် မသိတော့ပါဘူး ... ဟီးဟီး
ReplyDelete