Thursday, May 20, 2010

အားလုံးကချစ်တဲ့ ဒီကောင်မလေး (သို့မဟုတ်) အမေချို (သို့မဟုတ်) ချိုပြုံး


(x x ­x ခင်မင်သူတွေ ဒီလိုခေါ်တယ် x x x ကျွန်မကို မချို x x x ဘိုင်စကုပ်မင်းသမီး မချို x x x သီချင်းတွေဆိုတဲ့ မချို x x x မချို… x x x အားလုံးကချစ်တဲ့ ဒီကောင်မလေး x x x ကျေးဇူးအထူးတင် x x x ပျော်ရွှင်ပါတယ်ရှင် x x x ဘ၀တစ်ခု မခြားပါ x x x မချို လူသားပါ x x x)

အများစုကြားဖူးကြမယ့် သီချင်းစာသားလေးတွေပါ။ ပြည်သူချစ်တဲ့ အနုပညာရှင် (ဒေါ်)ချိုပြုံး သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ရဲ့ စာသားအချို့ပါနော်။ ဒီနေ့ခေတ် ကလေးတွေကတော့ သိချင်မှ သိကြမယ်ထင်ပါတယ်။ သူတို့တွေသိနေတဲ့ ဒီနေ့ခေတ် (ဒေါ်)ချိုပြုံးဆိုတာကိုလည်း အမေခန်းတွေကပါနေတဲ့ မင်းသမီးကြီး တစ်ယောက်လို့သာ သိကြမယ်ထင်ပါတယ်။ သူ့သီချင်းတွေ၊ သူ့ဇာတ်ကားတွေနဲ့ ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့အတွက်တော့ (ဒေါ်)ချိုပြုံးဆိုတာ အခန်းကဏ္ဍတစ်ခုအနေနဲ့ အရေးပါနေခဲ့သူပါ။ ထားပါတော့လေ။ ပြောချင်တာကိုပဲ ဆက်ပါတော့မယ်။

ဒီနေ့နေ့လည်ပိုင်း မန္တလေးအက်ဖ်အမ်ကနေ ထုတ်လွှင့်ခဲ့တဲ့ သျှီနှင့် ရောက်တတ်ရာရာ အစီအစဉ်လေးအကြောင်းကို ဖောက်သည်ချပါရစေဦး။ ဒီအပတ်အစီအစဉ်မှာ သျှီနဲ့ တွေ့ဆုံစကားပြောခဲ့သူကတော့ ပြည်သူ့အချစ်တော် မင်းသမီးကြီး (ဒေါ်)ချိုပြုံး ဖြစ်ပါတယ်။ (ဒေါ်)ချိုပြုံးဆိုတာနဲ့ ပါးချိုင့်လှလှလေးတွေနဲ့ အမြဲတမ်းပြုံးနေတတ်တဲ့ မင်းသမီးကြီးတစ်ဦးကို ပြေးမြင်မိကြမယ် ထင်ပါတယ်။

ပထမပိုင်းတော့ (ဒေါ်)ချိုပြုံးသေပြီဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ပြောကြပါတယ်။ ဘယ်ကနေဘယ်လို ထွက်လာမှန်းမသိတဲ့ အဲဒီသတင်းစကားကြောင့် (ဒေါ်)ချိုပြုံးနဲ့တကွ သူ့မိသားစုတွေ ဘယ်လောက်အထိ အလုပ်ရှုပ်ခဲ့ရတယ်ဆိုတာကို ကြားရတဲ့အခါ ငိုအားထက် ရယ်အားသန် ဆိုသလို ဖြစ်ခဲ့ရပါတယ်။ အဲဒီသတင်း ထွက်တဲ့အချိန်က (ဒေါ်)ချိုပြုံးတစ်ယောက် နေပြည်တော်သင်္ကြန်မှာ သီချင်းဆိုနေတဲ့အချိန် ဖြစ်ပါသတဲ့။ (ဒေါ်)ချိုပြုံးကတော့ ပျော်ပျော်ပါးပါးနဲ့ သီချင်းတွေဆိုလို့ကောင်းနေတုန်း နောက်မှာက (ဒေါ်)ချိုပြုံးက သေပြီဆိုပြီး ဖြစ်နေပါရောတဲ့။ ဘယ်လောက်အထိများ ဖြစ်သွားသလဲဆိုရင် အမြဲတမ်းအဆက်အသွယ်ရှိနေတဲ့ အိမ်ကသားသမီးတွေကတောင် သူတို့အမေ(ဒေါ်)ချိုပြုံးဆီကို ဖုန်းဆက်ပြီး နေကောင်းရဲ့လားလို့ လှမ်းမေးရတဲ့အထိပါပဲတဲ့။ မနက်ကပဲ အဲဒီသတင်းကြားလို့ ဖုန်းဆက်ပြီးတယ်။ ညနေကျတော့လည်း သူများတွေပြောတဲ့စကားက တကယ့်ကို အတည်ပေါက်ကြီး ဖြစ်နေပြန်တာကြောင့် သားသမီးတွေခမြာ (ဒေါ်)ချိုပြုံးဆီကို ဖုန်းဆက်ရပြန်ရောတဲ့။ ကဲ… ဘယ်လောက်များ တတ်နိုင်ကြသလဲနော်။ ဘယ်သူကများ ဘယ်လို စလိုက်ကြတယ် မသိပါဘူး။

(ဒေါ်)ချိုပြုံးကြီးပြောပြတာကလည်း ရယ်ရပါသေးတယ်။ သူ့ခမြာ သီချင်းဆိုနေရင်းနဲ့ ကိုယ့်ဘာသာကိုယ်တောင် ဇဝေဇ၀ါ ဖြစ်လာရပါသတဲ့။ ငါတကယ်ရော အသက်ရှင်နေသေးတာ ဟုတ်မှဟုတ်ရဲ့လားလို့တောင် တွေးမိတဲ့အထိပါတဲ့။ တချို့က ကိုယ့်ဘာသာကိုယ် သေတာကို မသိတာတွေဘာတွေ ဖြစ်တတ်တယ်လို့ ကြားဖူးထားတာကြောင့်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူလည်း ကိုယ့်ကိုယ်ကိုယ် သေလို့သေမှန်းမသိဘဲ မသိစိတ်နဲ့ သီချင်းဆိုနေ၊ ကနေသလားလို့ တွေးမိတာပါတဲ့။ (ဒေါ်)ချိုပြုံးဘ၀ကလည်း မလွယ်လိုက်တာဗျာ။

ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်တော့လည်း ဖုန်းတွေ၊ စာတွေ၊ ဧည့်သည်တွေနဲ့ မပြီးနိုင်ပါဘူးတဲ့။ အားလုံးက (ဒေါ်)ချိုပြုံးသေတယ်ဆိုပြီး စိတ်မကောင်းတွေဖြစ်ပြီး ဖုန်းတွေဆက်ကြ၊ အိမ်ကိုလာမေးကြနဲ့ ဖြစ်နေကြပါသတဲ့။ အဲဒီအထဲကမှ (ဒေါ်)ချိုပြုံးပြောပြတဲ့ အကြောင်းအရာအချို့ကို မှတ်မိသလောက် ပြန်ပြောပြရဦးမယ်။

တစ်ရက်တော့ အိမ်မှာရှိနေတုန်း ဧည့်သည်လင်မယား ရောက်လာပါသတဲ့။ သူ့သားအိမ်ကို အရင်သွားပြီးကာမှ အဲဒီက လမ်းညွှန်လိုက်လို့ (ဒေါ်)ချိုပြုံးနေတဲ့အိမ်ကို ရောက်လာတာပါတဲ့။ အမှန်ဆိုရင် သူ့သားတွေက အဲဒီလို လမ်းညွှန်လေ့ မရှိပါဘူးတဲ့။ အခုလို လမ်းညွှန်လိုက်တာ ဆိုတော့လည်း ထွက်တွေ့လိုက်ပါမယ်ဆိုပြီး ထွက်တွေ့လိုက်ပါသတဲ့။ (ဒေါ်)ချိုပြုံးသေတာ မဟုတ်ဘူးပေါ့နော်လို့ မေးကြပါသတဲ့။ မဟုတ်ပါဘူးလို့ (ဒေါ်)ချိုပြုံးကပြန်ဖြေတော့ ထိုင်ငိုပါသတဲ့။ (ဒေါ်)ချိုပြုံးလည်း ဘာဖြစ်လို့လည်းဆိုတော့ အစကတော့ (ဒေါ်)ချိုပြုံးသေတယ်ဆိုပြီး ၀မ်းနည်းပြီး အိမ်မှာငိုနေရတာတဲ့။ အခုတော့ မသေဘူးဆိုတဲ့အတွက် ၀မ်းသာပြီး ငိုတာပါတဲ့။ ကဲ… ဘယ်လောက်များ ဂွကျကျ နိုင်လိုက်သလဲဗျာ။ အဲဒါကိုကြည့်ပြီး (ဒေါ်)ချိုပြုံးခမြာ ပီတိလည်းဖြစ်၊ သူ့အပေါ်ကိုချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း သိရတဲ့အတွက် ၀မ်းသာကျေနပ်ရပါသတဲ့။ အဲဒါကြောင့်လည်း နောင်ဆိုရင် သူသေတဲ့သတင်းကြားလို့ လာမေးတဲ့လူတွေကို သူကိုယ်တိုင်တွေ့ပြီး သူ့အသံနဲ့ကိုယ်တိုင် ပြောပါသတဲ့။ သြော်… (ဒေါ်)ချိုပြုံးအပေါ်မှာ ချစ်ကြတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုက အံ့သြစရာပါပဲဗျာ။

ပရိသတ်တစ်ယောက်ဆိုရင် ဖုန်းနဲ့ဆက်ပြီး မေးတာပါတဲ့။ (ဒေါ်)ချိုပြုံးသေတယ်ဆိုတာ ဟုတ်သလားလို့မေးတော့ (ဒေါ်)ချိုပြုံးကလည်း မဟုတ်ပါဘူးလို့ ပြန်ဖြေရတာပေါ့။ အဲဒီတော့ ဟိုဖက်က ဖုန်းဆက်သူက ဘာပြောသလဲဆိုရင် "အခုလို (ဒေါ်)ချိုပြုံးမသေသေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" တဲ့။ ကဲ… ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။

ဆက်ပြီးတော့ သျှီက (ဒေါ်)ချိုပြုံးရဲ့ ပါးချိုင့်လေးတွေနဲ့ ပတ်သက်ပြီး ဗျူးပါတယ်။ အရမ်းလှတယ်ဆိုတော့ ငယ်ငယ်တုန်းက အတော်ကိုစွံမှာပဲလို့ မေးတာပါ။ အဲဒီတော့ (ဒေါ်)ချိုပြုံးက ဘာပြောသလဲဆိုတော့ အဲဒီပါးချိုင့်ကို သေသေချာချာတောင် အသုံးမချလိုက်ရပါဘူးတဲ့။ ဘာဖြစ်လို့လဲလို့မေးတော့ အစောကြီး အိမ်ထောင်ကျသွားလို့ပါတဲ့။ ပြောရမှာတောင် ရှက်တယ်လို့ ဆိုလိုက်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ (ဒေါ်)ချိုပြုံးကြီးက အသက် (၁၇)နှစ်ကတည်းက အိမ်ထောင်ကျသွားတာပါတဲ့။ အဲဒီတစ်ယောက်နဲ့ပဲတွေ့၊ အဲဒီတစ်ယောက်ကိုပဲယူဆိုတော့ လှပါတယ်ဆိုတဲ့ ပါးချိုင့်လေးကိုတောင် အသုံးမချလိုက်ရပါဘူးတဲ့။ နားထောင်နေရင်းနဲ့ ကျွန်တော့်မှာ ဘာကိုသဘောကျမိမှန်း မသိပါဘူး။ (ဒေါ်)ချိုပြုံးရဲ့ ပျော်ပျော်ရွှင်ရွှင်ပြောတဲ့ အပြောကြောင့်လည်း ဖြစ်မယ်ထင်ပါရဲ့။ သေချာတာကတော့ နားထောင်နေရတဲ့ ကျွန်တော့်ရင်ထဲမှာလည်း ရွှင်မြူးသွားတယ်ဆိုတာပါပဲ။

(ဒေါ်)ချိုပြုံးကို မင်းသမီးဖြစ်လာအောင် စင်တင်ပေးခဲ့သူက နိုင်ငံကျော် စွယ်စုံရအနုပညာရှင် (ဦး)၀င်းဦး ပါတဲ့။

အဆိုတော်အရင်ဖြစ်တာလား၊ မင်းသမီးအရင်ဖြစ်တာလားလို့ သျှီကမေးတာကို (ဒေါ်)ချိုပြုံးက ဘယ်လိုပြန်ဖြေသလဲဆိုတော့။ သူဟာ အသက် (၁၁) နှစ်ကတည်းက အဆိုတော်ဖြစ်တာပါတဲ့။ မေးခွန်းမေးတဲ့ သျှီနဲ့အတူ နားထောင်နေရတဲ့ ကျွန်တော့်မှာပါ အံ့သြရတာပေါ့လေ။ (ဒေါ်)ချိုပြုံး အသက် (၁၁)နှစ်မှာကတည်းက မြန်မာ့အသံမှာ အသံသွင်းခဲ့တာပါတဲ့။ အဲဒီတုန်းက ကလေးဆိုတော့ သီချင်းဆိုတဲ့ခွက်ကို အရပ်မမီတဲ့အတွက် ဂါဝန်လေးနဲ့ (ဒေါ်)ချိုပြုံးလေးကို နောက်ကနေပြီး အခြားတစ်ယောက်က ပွေ့ချီပေးထားရပါသတဲ့။ မှတ်သားစရာပါပဲ(ဒေါ်)ချိုပြုံးရယ်။

ရုပ်ရှင်ရိုက်တာကို ဒီနေ့အထိ ၀ါသနာမပါဘူးဆိုတဲ့ (ဒေါ်)ချိုပြုံးရဲ့ စကားတစ်ခွန်းကလည်း စိတ်ဝင်စားစရာကောင်းသလို တွေးစရာပါပဲ။ ရုပ်ရှင်မင်းသမီးကလည်း မရွယ်ဘဲ စော်ကဲမင်းဖြစ်ဆိုသလို ဖြစ်လာတာလို့ သိရတဲ့အတွက်လည်း သူ့ရဲ့ ကုသိုလ်ကံကို အံ့သြမိသေးတော့တယ်။ အဖြစ်ကဒီလိုပါတဲ့။ သီချင်းဆိုတဲ့ စတေ့ခ်ျရှိုးတစ်ခုမှာ (ဦး)၀င်းဦးနဲ့တွေ့တော့ သူကဘာပြောသလဲဆိုရင် ဟဲ့… ညည်းကလှတာပဲ။ မင်းသမီးလုပ်မလားဆိုပြီး မေးလိုက်ပါသတဲ့။ (ဒေါ်)ချိုပြုံးကလည်း ပြီးပြီးရောဆိုပြီး လုပ်မှာပေါ့လို့ ပြန်ဖြေလိုက်ပါသတဲ့။ အဲဒီတော့ ၀င်းဦးကလည်း အေး…ပြီးရော နင့်ကို မင်းသမီးတင်မယ်လို့ ပြောပါသတဲ့။ (ဒေါ်)ချိုပြုံးလည်း စတယ်နောက်တယ်ပဲထင်ပြီး ရိုက်မှာပေါ့လို့ ပြန်ပြောခဲ့ပါသတဲ့။

ဒါပေမယ့် (ဦး)၀င်းဦးက တကယ်ပဲ ရုပ်ရှင်ရိုက်ဖို့ အကြောင်းကြားတဲ့အခါမှာတော့ (ဒေါ်)ချိုပြုံးခမြာ အတော်လေးကို ကြောက်သွားပါသတဲ့။ ၀ါသနာလည်းမပါ၊ ပထမဆုံးရိုက်ဖူးခဲ့တဲ့ ဇာတ်ကားကလည်း ထွက်မလာနိုင်ခဲ့ဘူးဆိုတော့ မဖြစ်လောက်ဘူး၊ မအောင်မြင်နိုင်ဘူးလို့ စိတ်ထဲမှာစွဲနေပါသတဲ့။ ဒါပေမယ့်လည်း (ဦး)၀င်းဦးကိုလည်း ကြောက်ရပါသေးသတဲ့။ အဲဒါနဲ့ ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်ပြီး ရုပ်ရှင်မရိုက်ရအောင်ဆိုပြီး ကလေးယူလိုက်ကြပါသတဲ့။ စတုတ္ထမြောက် ကိုယ်ဝန်ပေါ့လေ။ တတ်လည်းတတ်နိုင်တဲ့ (ဒေါ်)ချိုပြုံးပါပဲနော်။ ကျွန်တော့်မှာလေ နားထောင်ရင်းနဲ့ သဘောကျလို့ ရယ်လိုက်ရတာဗျာ။ ထားပါတော့။

အဲဒီလိုနဲ့ ၀င်းဦးကိုပြန်ပြီး အကြောင်းကြားပါသတဲ့။ သူ့မှာ ကိုယ်ဝန်ရှိနေတာကြောင့် ရုပ်ရှင်ရိုက်လို့မရဘူးပေါ့လေ။ (ဦး)၀င်းဦးက ဘာပြန်ပြောသလဲဆိုတော့ ကိုယ်ဝန်ရှိနေရင်လည်း ဘေးတစောင်းရိုက်မှာပေါ့လို့ ပြန်ပြောပြီး မရိုက်လို့မရဘူးလို့ ပြောပါသတဲ့။ အဲဒါနဲ့ပဲ ကိုယ်ဝန်(၂)လကြီးနဲ့ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ "တစ်ကျော့နှစ်ကျော့တေးကိုသီ"ကို ရိုက်ခဲ့ရပါသတဲ့။ တွဲဘက်သရုပ်ဆောင်ခဲ့ရတာက အားလုံးသိတဲ့ အဆိုတော်ကြီး (ဒေါ်)တင်တင်မြနဲ့ပေါ့။ အင်မတန်ကောင်းတဲ့ ဇာတ်ကားပါ။ ရုပ်ရှင်ရိုက်ရမှာစိုးလို့ ကိုယ်ဝန်လည်းယူထား၊ လူကလည်းဝိတ်တက်နေတာဆိုတော့ အဲဒီဇာတ်ကား ရိုက်တဲ့အချိန်မှာ လူက အတော်ကြီးကို ၀နေပါသတဲ့။ သူနဲ့တွဲတဲ့ (ဒေါ်)တင်တင်မြက ပိန်ပိန်သေးသေးလေးလေ။ ဇာတ်ဝင်ခန်းတစ်ခုမှာ တင်တင်မြက ဆိုဖာတစ်ဖက်ခြမ်းမှာ ထိုင်နေပါတယ်။ (ဒေါ်)ချိုပြုံးကလည်း စကားပြောရင်း ကျန်တဲ့ဆိုဖာတစ်ဖက်ခြမ်းကို ၀င်ထိုင်တဲ့အခန်း ပါ,ပါတယ်။ အဲဒီလို စကားပြောပြီး (ဒေါ်)ချိုပြုံး ၀င်ထိုင်လိုက်တဲ့အခါ တစ်ဖက်မှာထိုင်နေတဲ့ တင်တင်မြခမြာ မြောက်တက်သွားပါသတဲ့။ (ဒေါ်)ချိုပြုံးက၀ပြီး (ဒေါ်)တင်တင်မြက ပိန်ပိန်သေးသေးလေးကိုး။ အဲဒီအခန်းကို ပြန်ရိုက်ရပါသတဲ့။ ကျွန်တော့်မှာလေ… မျက်စိထဲမှာ မြင်ယောင်ပြီး သဘောကျပြီး ရယ်လိုက်ပြုံးလိုက်ရတာဗျာ။ (ဒေါ်)ချိုပြုံးကလည်း ပြောလည်းပြောတတ်ပါပေ့ဗျာ။

အံ့သြစရာအကောင်းဆုံးကတော့ (ဒေါ်)ချိုပြုံးဆိုပြီး နာမည်ကြီးမင်းသမီး ဖြစ်လာတဲ့အချိန်က ကလေး(၄)ယောက် မွေးပြီးတဲ့အချိန် ဖြစ်နေတာပါပဲ။ မင်းသမီးအဖြစ် (ဦး)၀င်းဦး စင်တင်ပြီးရိုက်တဲ့ ပထမဆုံးဇာတ်ကားမှာတောင် ကလေး(၃)ယောက်မွေးပြီး စတုတ္ထကိုယ်ဝန်ကို လွယ်ထားရတာကိုသာ ကြည့်ပေါ့လေ။ ဖြစ်ချင်တဲ့လူကျတော့လည်း သူ့အလိုလိုကို ဖြစ်ရတော့တာပါပဲ။

တစ်ကျော့နှစ်ကျော့တေးကိုသီ ရိုက်ပြီးတဲ့အချိန်မှာ ဖလင်ဆက်ထားတာတွေကို ပြန်ကြည့်ကြပါသတဲ့။ (ဒေါ်)ချိုပြုံးကလည်း အိမ်ပြန်ချင်နေပြီတဲ့။ အဲဒါကြည့်ပြီးရင်တော့ အိမ်ပြန်မယ်လို့ (ဦး)၀င်းဦးကို ပြောထားပါသတဲ့။ ဟိုကလည်း ပြန်ပေါ့လေ။ ဒါပေမယ့် အဲဒီလိုဖလင်ဆက်ထားတာကို ကြည့်တဲ့နေ့မှာပဲ (ဦး)၀င်းဦးက ဘယ်သူတွေကို ဖိတ်ထားသလဲဆိုတော့ ရုပ်ရှင်ကုမ္ပဏီတွေနဲ့ ထုတ်လုပ်သူတွေပါတဲ့။ တစ်ကျော့နှစ်ကျော့တေးကိုသီ ဇာတ်ကားရဲ့ ဖလင်ဆက်ထားတာတွေကို ကြည့်ပြီးတဲ့အချိန်မှာပဲ ရုပ်ရှင်ကုမ္ပဏီတွေက (ဒေါ်)ချိုပြုံးကို ရုပ်ရှင်ဇာတ်ကား (၁၆)ကား စာချုပ်,ချုပ်ပါသတဲ့။ အဲဒီလိုနဲ့ ၀ါသနာမပါဘဲ မရိုက်ချင်ပါဘဲ ရုပ်ရှင်တွေ ဆက်ရိုက်ဖြစ်တော့တာပါပဲလို့ (ဒေါ်)ချိုပြုံးက ဆိုသွားတာကို နားထောင်ရင်းနဲ့ ဘာကိုမှန်းမသိဘဲ ပြုံးလိုက်မိပါသေးတယ်။

(ဒေါ်)ချိုပြုံးကြီးက သူတို့ခေတ်က ကြုံခဲ့ရတဲ့ ဒါရိုက်တာကြီးတွေ၊ ပညာရှင်တွေအကြောင်း ပြောပြသွားတာ မှတ်သားစရာပါ။ ဒီနေ့ခေတ်မှာ အင်မတန်မှကို ကြားရခဲတဲ့၊ ထူးဆန်းစရာဖြစ်ရတဲ့ အချက်အလက်တွေပါပဲ။ (ဦး)၀င်းဦးကြီး ဘယ်လိုတော်ကြောင်း၊ ဘယ်လိုထူးချွန်ကြောင်း၊ ဘယ်လိုကြိုးစားကြောင်း စသည်တွေပေါ့လေ။

အဲဒီထဲကတစ်ခုကတော့ ဒါရိုက်တာ ဦးသုခအကြောင်းပါ။ "သြော်…မိန်းမ" ဆိုတဲ့ ဇာတ်ကားကို ညွန့်ဝင်းနဲ့ (ဒေါ်)ချိုပြုံးတို့နဲ့ ရိုက်ခဲ့ပါတယ်။ အဲဒီဇာတ်ကား ရိုက်တဲ့အချိန်တုန်းက ညွန့်ဝင်းရော၊ (ဒေါ်)ချိုပြုံးရောဟာ အရမ်းကို အောင်မြင်ကျော်ကြားနေတဲ့ အချိန်လို့လည်း ဆိုထားပါတယ်။ ရုပ်ရှင်ရိုက်ရက်ရဖို့အတွက် အင်မတန်မှကို ခက်ခဲတဲ့သရုပ်ဆောင်တွေလို့ သိရပါတယ်။ ဒါပေမယ့် အဲဒီလို မင်းသားနဲ့ မင်းသမီးခမြာ အိမ်ဖော်အဖြစ်သရုပ်ဆောင်မယ့် မတင်ကြည် (နာမည်မှားနေရင် ကျွန်တော့်အမှားပါ) ကို လေးရက်တောင် စောင့်လိုက်ရပါသတဲ့။ ဇာတ်ဝင်ခန်းတစ်ခုမှာ အဲဒီအိမ်ဖော်အဖြစ် သရုပ်ဆောင်မယ့် မတင်ကြည်ဆိုတာ တစ်ခန်းထဲပဲ ပါတာပါတဲ့။ ဒါပေမယ့် ဦးသုခက အဲဒီအခန်းကို မတင်ကြည်မှမရရင် လုံးဝကို မရိုက်ပါဘူးတဲ့။ အဲဒီမတင်ကြည် ပါဝင်သရုပ်ဆောင်ရတဲ့ အခန်းကလည်း ဘာမှတောင် စကားပြောခန်း မပါပါဘူးတဲ့။ (ဒေါ်)ချိုပြုံးက အိမ်မှာခိုင်းတဲ့ ကောင်မလေးကို ဆူငေါက်ပြီး လွှတ်လိုက်တဲ့အချိန်မှာ မတင်ကြည်က မျက်လုံးကလေး၊ လက်ကလေးနဲ့ ဟန်ပြပြီး အဲဒီအငေါက်ခံရတဲ့ ကောင်မလေးကို အပြင်ပြန်ထွက်သွားဖို့ အမူအရာနဲ့ ပြတဲ့အခန်းလေးတစ်ခန်းပါပဲတဲ့။ သြော်… အဲဒီခေတ်က ဒါရိုက်တာတွေ ပြတ်သားလိုက်ပုံ၊ ဂရုစိုက်လိုက်ပုံ ပြောပါတယ်။ အဲဒါကြောင့်လည်း အဲဒီခေတ်ကတည်းက ဇာတ်ကားတွေကို ဒီနေ့ခေတ် နည်းပညာသုံးဆိုတဲ့ ရုပ်ရှင်တွေ လိုက်မမီသေးတာ ဖြစ်မှာပါ။

ဒါရိုက်တာကြီး ဦးသုခအကြောင်း ပြောပြသွားတဲ့ နောက်ထပ်အကြောင်းအရာ တစ်ခုကလည်း မှတ်သားစရာပါ။ ရဟန်းမစားရသော ဆွမ်းတစ်နပ်ဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာ ဦးသုခဟာ မျက်စိမမြင်တော့ပါဘူးတဲ့။ သရုပ်ဆောင်တွေရဲ့ အသံကိုနားထောင်ပြီး အဲဒီဇာတ်ကားကို ရိုက်ကူးခဲ့တာပါတဲ့။ သူပြောတဲ့အတိုင်း မလုပ်နိုင်ဘူးဆိုရင် အသံကိုနားထောင်နေရင်းနဲ့ ဆဲပါသေးသတဲ့။ သြော်… ချီးကျူးလောက်ပါပေတယ်။ မျက်လုံးမမြင်ရတော့တာတောင် အသံနဲ့နားထောင်ပြီး သူလိုချင်တဲ့ပုံစံ ဟုတ်မဟုတ်ဆိုတာကို အကဲဖြတ်နိုင်တယ်ဆိုတဲ့ သမ္ဘာနဲ့ပညာဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ အဲဒီဇာတ်ကားကို ကြည့်ဖူးတဲ့သူတိုင်း သိနိုင်တာပါပဲ။ ဘယ်အချိန်ပြန်ကြည့်ကြည့် ကြည့်လို့မရိုးတဲ့ အဲဒီဇာတ်ကားကို ဖန်တီးခဲ့ပုံ တစ်စိတ်တစ်ပိုင်းကို ပြန်သိရတော့ ပိုလို့တောင် အံ့သြချီးကျူးရပါသေးတယ်။

အဲဒီဇာတ်ကားမှာပါတဲ့ (ဒေါ်)ချိုပြုံးနဲ့ ကြိုးကြာငှက်ကလေး အခန်းကိုရိုက်ဖို့အတွက် (ဒေါ်)ချိုပြုံးတစ်ယောက် အဲဒီကြိုးကြာငှက်လေးနဲ့အတူ တစ်လလောက် ယဉ်ပါးအောင် သွားနေရတယ်ဆိုတာကို သိရတဲ့အခါမှာ ကျွန်တော်ကိုဉာဏ်တစ်ယောက် အံ့သြမိတာ မဆန်းပါဘူးနော်။ အဲဒီမှာတင် မပြီးသေးဘူး။ (ဒေါ်)ချိုပြုံးခမြာ ကြိုးကြာငှက်နဲ့ ယဉ်ပါးအောင် သွားသွားပြီးနေရတဲ့အခါ အဲဒီငှက်ရဲ့ အထိုးအဆိတ်တွေ ခံရတဲ့အတွက် ၀မ်းဗိုက်တွေ၊ လက်တွေ၊ ပေါင်တွေဆိုတာလည်း ပေါက်နေတာပဲတဲ့။ ဒါပေမယ့် ဦးသုခကို ကြောက်တဲ့အတွက် အဲဒီလိုဖြစ်နေတာကို မပြောရဲပါဘူးတဲ့။ မှတ်သားစရာပါပဲ။ ဒီလိုနဲ့ ကြိုးကြာငှက်နဲ့ (ဒေါ်)ချိုပြုံး ယဉ်ပါးလာပြီဆိုတော့ ရိုက်တော့မယ်ဆိုကာမှ အခက်အခဲ ထပ်ဖြစ်ရပြန်ပါသတဲ့။ အခြားတော့မဟုတ်ပါဘူး။ (ဒေါ်)ချိုပြုံးခမြာ ကြိုးကြာငှက်နဲ့ ယဉ်ပါးအောင် သွားနေတဲ့အခါတုန်းက နားကပ်တွေဘာတွေကို ချွတ်ထားပြီးမှ သွားနေတာဖြစ်တဲ့အတွက် ဇာတ်ကားရိုက်တဲ့အခါ ဇာတ်ဝင်ခန်းအရ စိန်နားကပ်ကြီး ပန်ထားရတာပေါ့လေ။ အဲဒီတော့ ကြိုးကြာငှက်အတွက် စိန်နားကပ်ရောင် ပြောင်ပြောင်ရောင်ရောင်နဲ့ တလက်လက်ဖြစ်နေတာဟာ အထူးအဆန်းဖြစ်နေတာပေါ့လေ။ အဲဒီမှာတင် ဇာတ်လမ်းကို ရိုက်လို့မရဘူးတဲ့။ ကြိုးကြာငှက်က အဲဒီစိန်နားကပ်ကိုပဲ လိုက်ဆိတ်နေတဲ့အတွက် အခြားကြိုးကြာငှက်တစ်ကောင်နဲ့အတူ (ဒေါ်)ချိုပြုံးခမြာ နောက်ထပ် တစ်လခွဲလောက် ယဉ်ပါးအောင်နေခဲ့ရပါသေးသတဲ့။ ကဲ… အဲဒီလိုရိုက်ခဲ့တဲ့အတွက် ရဟန်းမစားရသော ဆွမ်းတစ်နပ်ဟာ ဒီနေ့အထိ တသသနဲ့ ကျွန်တော်တို့တွေ ကြည့်လို့မ၀တာ ဖြစ်မှာပါနော်။

ဒီနေ့ဒါရိုက်တာတွေများကြားရင် ဦးသုခနှယ်နော်… ကြိုးကြာငှက်လေးနဲ့ ယဉ်ပါးအောင်လုပ်တာတောင် တစ်လခွဲနှစ်လလောက် အချိန်ကုန်ခံနေသေးတယ်။ ငါတို့သာဆိုရင် အဲဒီကာလမှာ ဇာတ်ကား (၁၀)ကားလောက် ရိုက်နိုင်တယ်လို့များ သနားနေကြမလားမသိပါဘူး။

အဲဒီနောက်တော့ တွေ့ဆုံမေးမြန်းသူ သျှီက နားထောင်နေတဲ့ ပရိသတ်တွေအတွက် (ဒေါ်)ချိုပြုံးကြီး လှလှပပနဲ့ ကျန်းကျန်းမာမာ ရှိနေတဲ့အကြောင်း သတင်းကောင်းပါးပါတယ်။ သူက မျက်စိရှေ့မှာ မြင်နေရတာဆိုတော့ ပရိသတ်တွေအတွက် ပြန်လည်ဝေငှတာလို့ ဆိုပါတယ်။ ဒါပေမယ့် (ဒေါ်)ချိုပြုံးနဲ့ ရောက်တတ်ရာရာ အစီအစဉ်က မပြီးသေးပါဘူးတဲ့။ ဒုတိယပိုင်းကို နောက်အစီအစဉ်မှာ ဆက်လက်တင်ဆက်ပေးမယ်လို့ နှုတ်ဆက်စကားဆိုသွားကြောင်းပါ။

မန္တလေးအက်ဖ်အမ်ကနေ လွှင့်နေတဲ့အစီအစဉ်တွေကို ပြန်ပြန်ပြီး ရေးပြနေတော့ တစ်မျိုးတော့ မထင်ကြပါနဲ့ဦး။ ကျွန်တော်သဘောကျခဲ့ရ၊ ကြည်နူးပျော်ရွှင်ခဲ့ရ၊ သိမှတ်ခဲ့ရသလို အခြားသော နားမထောင်လိုက်ရသူတွေအတွက် ပြန်လည်ဝေငှပေးစေချင်တဲ့ စိတ်သက်သက်နဲ့ပါ။ ဘယ်သူ့ကိုမှ အခမဲ့ ကြော်ငြာပေးနေတာ မဟုတ်ပါဘူး။ မကောင်းတဲ့အကြောင်းတွေကိုပဲ ကြားနေရ၊ ပြောနေရ၊ လက်ဆင့်ကမ်းနေရ၊ ကြည့်နေရ၊ မြင်နေရတဲ့ ဒီနေ့ခေတ်အခါမျိုးမှာ ကျွန်တော်တို့အတွက် ကျေနပ်ပျော်ရွှင်စရာ၊ ကြည်နူးစရာကောင်းတဲ့ အကြောင်းအရာလေးတွေလည်း ရှိနေသေးတဲ့အတွက် အဲဒီလို ဖန်တီးတင်ဆက်ပေးနေတဲ့သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ရော၊ အခုဒီစာကို ဖတ်နေတဲ့သူတွေအတွက် အပျင်းပြေပဲဖြစ်ဖြစ်၊ အလွမ်းပြေပဲဖြစ်ဖြစ် ဖတ်စေချင်၊ သိစေချင်တဲ့အတွက် ကျွန်တော်သိထားသမျှ၊ ကြားထားသမျှကို ပြန်လည်ဝေငှနေခြင်းပါ။ ကျွန်တော့်စေတနာကို ကျွန်တော်ယုံပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၀ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၃ နာရီ ၀၇ မိနစ်တွင်ပြီး၏။
ရေဒီယိုမှာ (ဒေါ်)ချိုပြုံးအကြောင်း အစီအစဉ်လာနေတာမို့ အမေ့ကို နားထောင်စေချင်တဲ့အတွက် ဖုန်းဆက်တာ ဘယ်လိုမှကို ခေါ်လို့မရဘူး။ လူကြီးမင်းဆိုတဲ့ စကားလုံးဟာ တော်တော်ကြီးကို နားကြားပြင်းကတ်ဖို့ ကောင်းတာပဲဗျ၊ နော်။ အမေက (ဒေါ်)ချိုပြုံးဆိုရင် သိပ်ကြိုက်တာလေ။ သူ့ရဲ့ အသည်းစွဲပဲ။ အမေ့ကြောင့်လည်း (ဒေါ်)ချိုပြုံးကို ကျွန်တော်အချစ်ပိုနေတာ ဖြစ်မယ်ထင်ပါတယ်။ ဒုတိယပိုင်းအစီအစဉ်လာရင်တော့ အမေ့ဆီကို ရအောင်ပြောရမယ်လို့ တေးထားလိုက်တယ်။ သြော်… ဒါနဲ့စကားမစပ် (ဒေါ်)ချိုပြုံးကလည်း အင်မတန် စကားပြောကောင်းတာကိုးဗျ။ (ဦး)သုမောင်ကြီးရေးခဲ့တဲ့ (ဒေါ်)ချိုပြုံးအကြောင်း စာတစ်ပုဒ်ကို သွားသတိရမိတော့လည်း ပြုံးမိလိုက်ပါတယ်။ (ဒေါ်)ချိုပြုံးအိမ်မှာ သူခိုး အခိုးခံရတဲ့အကြောင်း ရေးထားတဲ့ စာလေးတစ်ပုဒ်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကျစရာကောင်းလို့ပါ။ အလျဉ်းသင့်ရင်တော့ ပြန်ရှာပြီး တင်ပေးပါဦးမယ်။

No comments:

Post a Comment

 
Web Statistics