ဝါးတားဂိတ် (Watergate)
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီရှိ အဆောက်အအုံကြီးတစ်ခု ဖြစ်သည်။ လူနေအိမ်ခန်းများ၊ ရုံးခန်းများနှင့် ဟိုတယ်များ ဖွင့်ထားသော စုပေါင်းအဆောက်အအုံကြီး ဖြစ်သည်။ ထိုအဆောက်အအုံတွင် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာကော်မတီက ရုံးခန်းများငှားရမ်းကာ ၁၉၇၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွက် ဌာနချုပ်ရုံး ဖွင့်လှစ်ခဲ့သည်။ ထိုရုံးခန်းများကို ရီပတ်ဗလီကင်ပါတီမှ သမ္မတနစ်ဆင်၏ အိမ်ဖြူတော်ရုံးမှ အဆင့်မြင့်အရာရှိကြီးအချို့၏ ညွှန်ကြားချက်ဖြင့် လူတစ်စုက ဖောက်ထွင်းဝင်ရောက်ခဲ့သည်။ ဒီမိုကရက်တစ်ပါတီ၏ သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို သိလို၍ ဖောက်ထွင်းရှာဖွေခဲ့ခြင်း ဖြစ်သည်။ ဖောက်ထွင်းသူများကို ကင်းလှည့်ရဲအဖွဲ့က ဖမ်းမိသည်။ ပထမတွင် သာမန်ဖောက်ထွင်းမှုတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း ၀ါရှင်တန်ပို့စ် သတင်းစာမှ ၀ုဒ်ဝပ်နှင့် ဘန်းစတိန်းဟူသော သတင်းထောက်နှစ်ယောက်က ဆက်လက်ထောက်လှမ်းစုံစမ်းရာမှ အိမ်ဖြူတော်မှ ပါဝင်ပတ်သက်နေသော ဧရာမအမှုကြီးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သြဂုတ် ၁၉၇၃ ၌ သမ္မတနစ်ဆင် ရာထူးမှ နုတ်ထွက်သွားရသည်အထိ ဖြစ်သည်။ သို့ဖြင့် "၀ါးတားဂိတ်" စကားလုံးသည် နိုင်ငံရေးမသမာမှုများကို ရည်ညွှန်းသုံးစွဲသော နိုင်ငံရေးဝေါဟာရ ဖြစ်လာသည်။
လူမှုထောက်ပံ့ရေးစနစ် (Welfare State)
ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံညွန့်ပေါင်းအစိုးရက ကျင့်သုံးခဲ့သော စနစ်ဖြစ်သည်။ အခက်အခဲ အကျပ်အတည်း ကြုံတွေ့နေရသော အလုပ်ရှင်များနှင့် အလုပ်သမားများအား အစိုးရက ငွေကြေးထောက်ပံ့ပေးခြင်း ဖြစ်သည်။ သက်ကြီးအငြိမ်းစား ပင်စင်လစာအပြင် အလုပ်လက်မဲ့လစာ၊ နာမကျန်းလစာ၊ ထိခိုက်မှုအကျိုးခံစားခွင့် စသည်တို့ကို အစိုးရက ထုတ်ပေးသည်။ ဒုတိယကမ္ဘာစစ်အပြီး လေဘာပါတီအစိုးရခေတ်တွင် လူမှုထောက်ပံ့ရေးစနစ်ကို ပို၍ တိုးချဲ့ခဲ့သော်လည်း ကွန်ဆာဗေးတစ်ပါတီ အစိုးရတက်လာလျှင် အရှိန်ပြန်လျော့သွားသည်။ နောက်ပိုင်းတွင် ဂျာမန်၊ ဆွီဒင် စသောနိုင်ငံများသည် ဗြိတိသျှစနစ်ထက် ပို၍ထိရောက်သော လူမှုထောက်ပံ့ရေးစနစ်များကို ကျင့်သုံးလာကြသည်။ အမေရိကန်နိုင်ငံတွင်လည်း အလုပ်လက်မဲ့ ထောက်ပံ့ကြေးနှင့် ကျန်းမာရေးအာမခံ စနစ်များကို ဆောင်ရွက်လျက်ရှိသည်။
အတွဲ (၆) အမှတ် (၁၉)
မေ ၂၀ - ၂၆ ၊ ၂၀၁၀
မောင်ဝံသ ၏ ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန် မှ
စာမျက်နှာ - ၁၂
No comments:
Post a Comment