Tuesday, May 04, 2010

သြော်… ဒါနဲ့ စကားမစပ်


ပထမဆုံး ပို့စ်ခေါင်းစဉ်ကို ရှင်းပြပါရစေဦး။ မန္တလေးအက်ဖ်အမ်မှာ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဦးသုမောင် တင်ဆက်နေတဲ့ အစီအစဉ်တစ်ခုရဲ့ အမည်ကိုပဲ တိုက်ရိုက်ယူသုံးလိုက်တာပါ။ မန္တလေးအက်ဖ်အမ်မှာ ကျွန်တော်အကြိုက်ဆုံး အစီအစဉ်တွေထဲက တစ်ခုဆိုပါတော့။ ဦးသုမောင်ဟာ စာရေးကောင်းတာလည်း မပြောနဲ့၊ စကားပြောလည်း အလွန်ကောင်းတာကိုးဗျ။ ကျွန်တော်ဖတ်ဖူးတာကတော့ ကိုယ်ပြောချင်တာကို တစ်ဖက်သား နားလည်အောင် ပြောပြနိုင်တဲ့လူတွေဟာ စာရေးကောင်းကြတယ်တဲ့။ ဟုတ်မှာပါပဲလို့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ စာရေးတယ်ဆိုတာကလည်း ကိုယ်ပြောချင်တဲ့အကြောင်းအရာကို စကားလုံးတွေနဲ့ တစ်ဖက်လူ နားလည်အောင် ပြောပြခြင်းပဲ မဟုတ်လား။ ကျွန်တော်တို့က သုမောင်ရဲ့ စာတွေကိုပဲ အရင်ဆုံးဖတ်ခဲ့ရတာဆိုတော့ စာရေးကောင်းတာကိုသာ သိတာကလား။ စကားပြောကောင်း၊ မကောင်းဆိုတာက မသိနိုင်ခဲ့ကြဘူးလေ။ အခုတော့ အက်ဖ်အမ်တွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပေါ်လာခဲ့ပြီဆိုတော့ နာမည်ကြီး စာရေးဆရာတွေ၊ အဆိုတော်တွေ၊ မင်းသားတွေရဲ့ စကားသံတွေ၊ ရင်တွင်းခံစားချက်တွေကို မကြာခဏဆိုသလို နားထောင်နေကြရပြီလေ။ အဲဒါကြောင့်လည်း မန္တလေးအက်ဖ်အမ်ရဲ့ သြော်… ဒါနဲ့ စကားမစပ် အစီအစဉ်ကြောင့် ဦးသုမောင်ကြီး စကားပြော အင်မတန်ကောင်းပါလားလို့ သေသေချာချာကို သိခွင့်ရလိုက်တာကိုး။

ဒီနေ့နေ့လည်ခင်း အခန်းမှာပဲ စာအုပ်ဖတ်နေရင်း ရေဒီယိုကို ဖွင့်ထားမိတုန်း မန္တလေးအက်ဖ်အမ်က ဦးသုမောင်ရဲ့ သြော်.. ဒါနဲ့ စကားမစပ် ဆိုတဲ့ အစီအစဉ်လွှင့်မယ်ဆိုတဲ့ ကြေညာသံလည်းကြားရော ဖတ်လက်စစာအုပ်ကို လက်ကချလိုက်ရတာပေါ့။ သေသေချာချာ နားထောင်ရမှာကိုး။

နားထောင်နေရင်းနဲ့ ကျွန်တော်သဘောကျမိတာလေးတွေကို မှတ်စုစာအုပ်မှာ အတိုကောက်လေးတွေ လိုက်မှတ်ထားလိုက်မိပါတယ်။ အစကတော့ ပို့စ်ပြန်ရေးဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့်လည်း ဦးသုမောင်ကြီး ပြောခဲ့သလို တချို့အကြောင်းအရာလေးတွေက သိသလိုလိုနဲ့ မသိကြတာတွေ၊ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတာမို့ အချို့လူတွေအတွက် အသုံးဝင်နိုင်ကောင်းရဲ့လို့ တွေးမိပြီး ပြန်ရေးပေးလိုက်ရခြင်းပါ။ ကြိုက်သော်ယူပါ၊ မကြိုက်ရင်လည်း အပျင်းပြေဖတ်ရတယ်လို့ပဲ မှတ်ယူလိုက်ပါ၊

ငယ်ငယ်လေးကတည်းက ကလေးတွေကို အမေတွေက "ဦးတော်၊ ဦးတော်" ဆိုပြီး ဘုရားဆင်းတု၊ ရုပ်ပွားတော်များကိုဖြစ်စေ၊ ရဟန်းသံဃာတွေနဲ့ တွေ့ဆုံရင်ဖြစ်စေ၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးများနဲ့ တွေ့ဆုံရင်ဖြစ်စေ ကန်တော့စေခဲ့တာကို အားလုံးပဲ ကြုံဖူးတွေ့ဖူးကြမှာပါ။ ဗုဒ္ဓဘာသာမြန်မာလူမျိုး တစ်ယောက်အနေနဲ့ ငယ်စဉ်ကလေးဘ၀ကတည်းက လူကြီးသူမတွေက ရင်ထဲမှာ ပျိုးထောင်ပေးလိုက်တဲ့ ကောင်းတဲ့အချက်တစ်ခုလို့ မြင်မိပါတယ်။

ဦးသုမောင်ရဲ့ မိခင်ဖြစ်သူက ဘယ်လိုသင်ပေးသလဲဆိုတော့ လက်အုပ်ချီတဲ့နေရာမှာ ကြာဖူးသဏ္ဌာန် မစိပ်မကျဲလေး ချီရပါသတဲ့။ ကိုယ့်ရဲ့ ချီထားတဲ့ လက်အုပ်ကလေးဟာ လှမ်းကြည့်လိုက်ရင် ကြာဖူးကလေး ထောင်ထားသလို ဖြစ်နေရမယ်လို့ ပြောချင်တယ် ထင်မိတာပါပဲ။ ကျွန်တော့်အတွက်တော့ သတိထားစရာ၊ ပြုပြင်စရာ၊ မှတ်သားစရာ အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ ဦးသုမောင် မကြာခဏ ပြောလေ့ရှိတဲ့ အကြောင်းအရာပါပဲ။ ရယ်စရာကောင်းတယ်ဆိုပေမယ့် ကျွန်တော်ကတော့ သင်ခန်းစာယူစရာကောင်းတယ်လို့ မြင်မိပါတယ်။ အခြားမဟုတ်ပါဘူး။ အားလုံးနီးနီး သိကြတဲ့အတိုင်း (ဦး)သုမောင် ဆိုတာက တကယ့်ကို အရက်ကို စွဲစွဲလန်းလန်း သောက်တတ်တဲ့ ယမကာလုလင်မှန်း သူ့စာတွေကတစ်ဆင့် သိထားကြပြီးသားပါ။ ငယ်စဉ်တုန်းကတော့ ငယ်စိတ်နဲ့ တခြားဘာကိုမှ မစဉ်းစားဘဲ လုပ်ချင်သလိုလုပ်၊ နေချင်သလို နေခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသက်အရွယ်လေး ရလာတဲ့အချိန်မှာတော့ သူလုပ်ခဲ့တာတွေအတွက် နောက်လူငယ်တွေ အတုယူမှားမှာ၊ အတုခိုးမှားမှာကို စိတ်ပူနေတဲ့ဟန်လေးတွေ မကြာခဏ တွေ့လာရပါတယ်။ သူရေးတဲ့စာတွေထဲမှာရော၊ သူပြောတဲ့ အစီအစဉ်မှာရော မကြာခဏဆိုသလို အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောလေ့ရှိပါတယ်။ သူကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောသလဲဆိုတာ သူကိုယ်တိုင်မှပဲ သိမှာပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ (ဦး)သုမောင် အရက်သောက်တဲ့အကြောင်း တစ်ခါပြောတိုင်း တစ်ခါသင်ခန်းစာ ရလိုက်သလိုပါပဲ။

သူပြောတာလေးကို ဖတ်ကြည့်ပါဦး-
"ဦးသုမောင်ကြီး အကယ်ဒမီရတာ၊ အမျိုးသား စာပေဆုရတာကို မသိကြဘူး၊ ဦးသုမောင်ကြီး အရက်သောက်တာကိုတော့ တစ်ကမ္ဘာလုံး သိကြတယ်" တဲ့။

သြစတြေးလျက ပရိသတ်တစ်ဦးကလည်း ဖုန်းဆက်ပါသေးသတဲ့။ အဲဒီမှာ ဘာပြောသလဲဆိုတော့-
"ဦးသုမောင်ကြီး ဟိုးအရင်တုန်းက ၄၂ လမ်းထဲမှာ အရက်ဖြူနဲ့ လူပျံတော်ပတ္တမြားသွေးဆေး ရောသောက်တာ မှတ်မိသေးလား" လို့ မေးပါသတဲ့။
ဦးသုမောင်ခမြာ သူကိုယ်တိုင်တောင် မမှတ်မိတော့ပါဘူးတဲ့။ အဲ… အဲဒီပရိသတ်ကပဲ ဘာဆက်ပြောသလဲဆိုတော့-
"ဦးသုမောင်က ဘယ်နှခုနှစ်မှာ အကယ်ဒမီရတာလဲ၊ ဘယ်ဇာတ်ကားနဲ့လဲ၊ ဘယ်လိုအကယ်ဒမီဆု ရတာလဲ" တဲ့။
ကဲ… ၄၂ လမ်းမှာ အရက်ဖြူနဲ့ သွေးဆေးစပ်သောက်တာကို မှတ်မိနေသေးတယ်။ အကယ်ဒမီရတာကျတော့ မသိဘူးတဲ့။ ယူတတ်မယ်ဆိုရင်တော့ သင်ခန်းစာတွေလို့ ကျွန်တော်က ယူဆတဲ့အတွက် ပြန်လည်ဖောက်သည်ချခြင်းပါ။ ဦးသုမောင်ပြောတဲ့အကြောင်းကို ပြန်ပြောပြတာပါနော်။

နောက်တစ်ခုကတော့ ဥပေက္ခာဆိုတဲ့ ကိစ္စပါ။ အများအားဖြင့် ကျွန်တော်တို့တွေ သုံးကြတာက ဥပေက္ခာဆိုတာက လျစ်လျူရှုလိုက်တာ၊ ပေယျာလကန် ပြုလိုက်တာ၊ ဘာမှကို စိတ်မ၀င်စားတော့တာလို့ မကောင်းတဲ့ဘက်ကနေ ပြောလေ့၊ ရေးလေ့ရှိကြပါသတဲ့။ တကယ်တမ်းကျတော့ ဥပေက္ခာဆိုတာ အဲဒီသဘောမျိုး မဟုတ်ပါဘူးတဲ့။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ တရားလေးပါးမှာ ဥပေက္ခာဆိုတာ နောက်ဆုံးမှာရှိနေတဲ့ အခက်ခဲဆုံးတရား ဖြစ်ပါသတဲ့။

လူတွေအပေါ်မှာ မေတ္တာထားတာ၊ ကရုဏာထားရတာက လွယ်ပါသတဲ့။ ဟုတ်ပါရဲ့နော်။ ကိုယ်ချစ်ခင်တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ချစ်သူတွေ၊ မိဘမောင်ဘွားတွေ အပေါ်မှာ ကျွန်တော်တို့တွေ မေတ္တာထားကြတာပါပဲ၊ နိမ့်ပါးချို့တဲ့သူတွေ အပေါ်မှာလည်း ကရုဏာသက်ဝင်ကြတာပါပဲ။ ဟော… မုဒိတာကျတော့ နည်းနည်းခက်သွားပါပြီ။ သူများကောင်းစားတာ၊ ကြီးပွားတိုးတက်တာကို ၀မ်းသာပီတိဖြစ်ရတာ ထင်သလောက် မလွယ်ပါဘူးတဲ့။ ဦးသုမောင်ကတော့ ဘယ်လိုဥပမာပေးထားသလဲဆိုတော့ ဆင်းရဲသားတစ်ယောက် ထီသိန်းဆုကြီးပေါက်ရင် ၀မ်းသာပေးနိုင်ပါသေးသတဲ့။ အဲ… ကိုယ့်မောင်နှမတွေထဲကများ ပေါက်ခဲ့ရင်တော့ မကျေနပ်ဘူး၊ ၀မ်းမသာနိုင်ကြပါဘူးတဲ့။ စဉ်းစားဆင်ခြင်ဖွယ်၊ တွေးတောဖွယ်ရာကောင်းတဲ့ အချက်တစ်ခုပါ။ ဥပေက္ခာတရားကတော့ ပိုလို့တောင် ခက်ခဲ့ပါသေးသတဲ့။ ကိုယ့်အပေါ်မှာ ဘယ်လောက်ပဲ မကောင်းခဲ့သည်ဖြစ်စေ၊ မကောင်းပြောသည်ဖြစ်စေ၊ မကောင်းတာလုပ်သည်ဖြစ်စေ သူ့အပေါ်မှာ အပြစ်မယူပဲ ခွင့်လွှတ်နားလည်ပေးရတာမျိုးပါတဲ့။ အဲဒါကိုမှ ဥပေက္ခာပြုတာလို့ ခေါ်ပါသတဲ့။ ဘယ်လောက်များ ခက်ခဲလိုက်မလဲဆိုတာကို တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအဓိပ္ပါယ်မျိုးနဲ့ လူတိုင်းအပေါ် ဥပေက္ခာမထားနိုင်သေးတာကို ကောင်းကောင်းကြီး သိလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ် ဦးသုမောင်။

နောက်တစ်ခုကတော့ နမော၊ တဿ၊ ဘဂ၀တော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ ဆိုတဲ့ဘုရားရှိခိုးရဲ့ အဓိပ္ပါယ်ကို လူအတော်များများက မသိကြတဲ့အကြောင်းကို ရှင်းပြတာပါ။
နမော ဆိုတာ ဘုရား၊
တဿ ဆိုတာလည်း ဘုရား၊
ဘဂ၀တော ဆိုတာကလည်း ဘုရား၊
အရဟတော ဆိုတာလည်း ဘုရား၊
သမ္မာသမ္ဗုဒ္ဓဿ ဆိုတာကလည်း ဘုရားပါပဲတဲ့။
ပြောချင်တာကတော့ နမောတဿဆိုတာ ဘုရားဆိုတာကို ငါးကြိမ်ရွတ်ဆိုတာပါတဲ့။ ဘုရားပွင့်တော်မူတဲ့အချိန်မှာ နတ်မင်းကြီးငါးပါးက တစ်ပါးကို တစ်မျိုးစီ ရွတ်ဆိုကြတဲ့ စကားလုံးတွေလို့ ဆိုပါတယ်။ မှတ်သားရပါတယ်။

"ကောလာဟလ" ဆိုတာ နတ်တွေအချင်းချင်း သတင်းပို့တာကို ခေါ်တာကို ပြောတာဖြစ်တဲ့အကြောင်း ရှင်းပြတာကတော့ စိတ်ဝင်စားစရာပါ။ နတ်တွေအချင်းချင်း ဆက်သွယ်သတင်းပေးခြင်းကို "ကောလာဟလ" လို့ခေါ်တာဖြစ်ကြောင်း သိရတဲ့အချိန်မှာ ဒီနေ့ခေတ် အများသုံးနေကြတဲ့ အဓိပ္ပါယ်ဖြစ်တဲ့ ကောလာဟလဆိုတာ အခြေအမြစ်မရှိတဲ့စကား ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဘယ်လိုများ ဆက်စပ်နေပါလိမ့်လို့ တွေးမိပြန်ပါရော။ လေ့လာစရာကောင်းပါတယ်။ ရှာဖတ်ပါဦးမယ်။

ကဲ… ပြန်ပြီးဖောက်သည်ချချင်တာလေးတွေကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဦးသုမောင်က မန္တလေးအက်ဖ်အမ်ကနေ အများသိအောင် ပြောပြခဲ့တာမို့ ကျွန်တော်သိခွင့်ရခဲ့သလို နားမထောင်လိုက်ရတဲ့ အခြားသူတွေလည်း သိစေချင်တဲ့ စေတနာကြောင့် ပြန်ရေးပေးခြင်း ဖြစ်ပါတယ်။ တကယ်လို့များ ရေးခဲ့တဲ့ အကြောင်းအရာလေးတွေထဲမှာ မှတ်သားစရာ၊ သဘောကျစရာလေးတွေများ ပါခဲ့ရင် ဦးသုမောင်ကြီးကို အရင်ဆုံးကျေးဇူးတင်လိုက်ပါ။ ကျွန်တော်က နှမ်းဖြူးသလောက်တောင် လုပ်ပေးရတာမဟုတ်ပါဘူး။ ဇွန်းတပ်ပေးရုံအဆင့်ပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၄ ရက်၊ အင်္ဂါနေ့။
နေ့လည် ၂ နာရီ ၅၉ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics