"အမှန်ပြောလျင် အကျွန်ုပ်ကို စိတ်မဆိုးလေနှင့်" ------ (ဆိုကရေးတီးစ်)
"အမှန်တရားအားလုံးဟာ တွေ့ရှိတာနဲ့တစ်ပြိုင်နက် နားလည်ဖို့ လွယ်ကူပါတယ်။ အဓိကအချက်ကတော့ အဲဒီအမှန်တရားတွေကို တွေ့ရှိဖို့ပဲ" ----- (ဂယ်လီလီယိုဂါလိလဲ)
အမှန်တရား (တစ်နည်းအားဖြင့် သစ္စာ) ဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။ ကိစ္စတစ်ခု ဖြစ်ခြင်း ရှိခြင်းရဲ့ အခြေအနေမှသည် တိကျမှန်ကန်တဲ့ အချက်အလက် (ဒါမှမဟုတ်) အစစ်အမှန် အခြေအနေလို့ သဘောတူညီနိုင်ခြင်း၊ စစ်မှန်တဲ့ အရာတွေ၊ အဖြစ်အပျက်တွေ၊ တကယ်ဖြစ်တည်မှုတွေနဲ့ ဖွဲ့စည်းထားတယ်လို့ သဘောတူညီ လက်ခံနိုင်ခြင်း၊ စံ (ဒါမှမဟုတ်) မူလပကတိ အခြေအနေမှ မဖောက်ပြန်ခြင်းကို အမှန်တရားလို့ ဖွင့်ဆိုကြပါတယ်။ ရှေးသုံးအရပြောရရင် အမှန်တရားဆိုတာမှာ အပြုအမူ၊ ၀ိသေသလက္ခဏာ၊ နှုတ်ထွက်စကားတို့ မဖောက်ပြန်မှု၊ အခြားအရာများ ပြောင်းလဲသွားသော်လည်း မပြောင်းမလဲ ကြွင်းကျန်ရစ်မှု၊ ရိုးသားမှုတို့ပါ ပါဝင်ပါလိမ့်မယ်။ ဒီစံသတ်မှတ်ချက်တွေဟာ အများစု လက်ခံထားကြတာ ဖြစ်ပေမယ့် အခြားငြင်းခုံလောက်ဖွယ်ရာ ဆွေးနွေးစရာကောင်းတဲ့ အမှန်တရားဆိုတာနဲ့ ပတ်သက်တဲ့အမြင်တွေ၊ သီအိုရီတွေ ရှိပါသေးတယ်။
အမှန်တရားဆိုတာ ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ၊ ဘယ်အရာတွေဟာ အမှားအမှန် ဆိုတာကို ဖြစ်စေသလဲ၊ အမှန်တရားဆိုတာကို ဘယ်လိုဖွင့်ဆို ဖော်ထုတ်မလဲ စတဲ့မေးခွန်းတွေနဲ့ ပတ်သက်လို့လည်း အမြင်အမျိုးမျိုး ရှိကြပါတယ်။
နယ်ပယ်စုံမှာ အမှန်တရားကို ရှာခဲ့ကြတာ၊ အမှန်ကိုသိဖို့ ကြိုးစားခဲ့ကြတာ၊ အမှန်ကို ဖြန့်ဖြူးခဲ့ကြတာဟာ လူသားတို့ရဲ့ တိုးတက်မှုအတွက် အဓိကကျတဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။ ဂယ်လီလီယိုက ကမ္ဘာဟာ စကြ၀ဠာရဲ့ ဗဟိုချက်မှာ မရှိဘူး၊ နေဟာ စကြာဝဠာရဲ့ ဗဟိုချက်မှာရှိတယ်ဆိုတဲ့ ကော်ပါးနီးကပ်စ် စတင်ဖော်ထုတ်ခဲ့တဲ့ အမှန်တရားကို သက်သေပြဖို့ ကြိုးစားခဲ့တာဟာ ဒီကနေ့ သိပ္ပံပညာရပ်အားလုံးအတွက် အကျိုးကျေးဇူး ကြီးလှပါတယ်။ ဒီလိုပါပဲ ဆိုကရေးတီးစ်ရဲ့ ကိုယ်ကျင့်သီလဆိုင်ရာ ဒဿနတို့ကို ရှာဖွေခြင်း၊ အပြန်အလှန် စစ်မေးခြင်းဖြင့် အမှန်တရားကို သင်ယူခြင်းဆိုတဲ့ နည်းနာတွေဟာလည်း ဒဿနနယ်ပယ်တင်မကဘဲ အမှန်တရားကို ရှာဖွေရေးအတွက် စံပြုပုံစံတို့ကို လမ်းကြောင်းပြပေးခဲ့ပါတယ်။
မသက်ဆိုင်တဲ့ နယ်ပယ်တွေက ဒီနှစ်ယောက်ကို နှိုင်းယှဉ်ပြချင်တာဟာ သူတို့ရဲ့ အမှန်တရားကိုရှာဖွေခြင်း သက်သက်ကိုသာမကဘဲ အမှန်တရားအတွက် စွန့်ဝံ့ခြင်း အတိုင်းအတာကိုပါ စံပြုခိုင်းနှိုင်းဖို့ရာ ဖြစ်ပါတယ်။
ဘီစီ ၄၀၀ ၀န်းကျင်က ဂရိအေသင်မြို့ပြနိုင်ငံမှာ ပေါ်ထွန်းခဲ့တယ်လို့ ယူဆရတဲ့ ဆိုကရေးတီးစ်အကြောင်း (သိပြီးသားပဲဖြစ်ဖြစ်) နည်းနည်းပြန်ကောက်ချင်ပါတယ်။ အနောက်တိုင်း ဒဿနိကဗေဒကို ကနဦး စတင်အုတ်မြစ်ချသူလို့ ယူဆရတဲ့ ဆိုကရေးတီးစ်ရဲ့ အကြောင်းဟာ သူ့တပည့်တွေ၊ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေက တစ်ဆင့်ပဲ ကျွန်တော်တို့ သိခွင့်ရခဲ့တာပါ။ အဓိကကတော့ ပလေတိုရဲ့ Dialogues တွေကပေါ့။ (ဆိုကရေးတီးစ် တကယ်ရှိခဲ့၊ မရှိခဲ့ ဆိုတာကတော့ အငြင်းပွားစရာ ရှိပါတယ်။ ဒါကိုတော့ ပညာရှင်တို့ရဲ့ကိစ္စဖြစ်လို့ အကျယ်မပြောတော့ပါ)
ရူပဗေဒ၊ သင်္ချာ၊ နက္ခတ်ဗေဒနဲ့ ဒဿနိကဗေဒ ပညာရှင်အဖြစ် ရည်ညွှန်းခံရတဲ့ အီတလီသား ဂယ်လီလီယိုဂါလိလဲကတော့ အေဒီ ၁၅၆၄ မှာ မွေးခဲ့တာပါ။ ကော့ပါးနီးကပ်စ်ဝါဒ (Copernicanism) (နေက စကြ၀ဠာရဲ့ ဗဟိုချက်ဖြစ်တယ်ဆိုတဲ့ အယူအဆ)ကို ခိုင်မာစေတဲ့ အထောက်အထားတွေ ရှာဖွေခဲ့သူ၊ တယ်လီစကုပ်ကို အဆင့်မြှင့်ပေးခဲ့ပြီး နက္ခတ်ဗေဒ လေ့လာမှုတွေ ဆောင်ရွက်ခဲ့သူ တစ်ဦးအနေနဲ့တင်မကဘဲ သိပ္ပံပညာရဲ့ ဖခင်ကြီး၊ ခေတ်သစ်သိပ္ပံရဲ့ ဖခင်ကြီး၊ ခေတ်သစ်ရူပဗေဒရဲ့ ဖခင်ကြီးအဖြစ်ပါ ဂုဏ်ပြုခံရသူပါ။
သူတို့နှစ်ဦး ပေါ်ပေါက်ခဲ့တဲ့ကာလဟာ နှစ်,နှစ်ထောင်လောက် ကွာကြသလို သူတို့ရဲ့ လေ့လာမှုနယ်ပယ်ကလည်း ကွာခြားပါတယ်။ သူတို့ရဲ့ အယူအဆ၊ တွေ့ရှိမှုတွေ၊ အကျိုးပြုမှုတွေထက် သူတို့ရဲ့ အမှန်တရားအပေါ်မှာ စွဲမြဲမှု၊ ဆင်ဆင်တူတဲ့ ကံကြမ္မာကို ကြုံရချိန်မှာ တုံ့ပြန်ကြပုံကိုပဲ နှိုင်းယှဉ်လိုတာပါ။ သူတို့နှစ်ဦးရဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေဟာ ယနေ့ခေတ်အခါမှာ လက်ခံနိုင်ပေမယ့် သူတို့ခေတ်၊ သူတို့အခါတုန်းကတော့ တကယ့်ကို အန္တရာယ်တွေအဖြစ် မှတ်ယူခံခဲ့ရတာပါ။
ဖော်ထုတ်ခဲ့တဲ့ အမှန်တရားအတွက် ဆိုကရေးတီးစ်ဟာ အေသင်ခုံရုံး တင်ခံခဲ့ရသလို ဂယ်လီလီယိုကလည်း ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ စစ်ဆေးမှုကို ခံခဲ့ရပါတယ်။
စပါတာနဲ့ မဟာမိတ်မြို့ပြနိုင်ငံတွေကို စစ်ရှုံးလို့ အကျဘက်ရောက်လာတဲ့ အေသင်မြို့ပြမှာ လူတစ်စုသာ ပါဝင်တဲ့ ဒီမိုကရေစီစနစ်တစ်မျိုးကို ဖော်ဆောင်နေကြတဲ့ အချိန်ကာလမှာ ဆိုကရေးတီးစ် နေထိုင်ခဲ့ရတာပါ။ ဒီလိုခေတ်အခါမှာ ကောင်းစားနေကြတဲ့ ၀စနာလင်္ကာရ (အပြောအဟောအတတ်) ကျွမ်းကျင်လိမ္မာသူတွေ၊ နိုင်ငံရေးသမားတွေအတွက် အမှန်တရားကို အပြန်အလှန် စစ်မေးပြီးရှာဖွေတတ်တဲ့ ဆိုကရေးတီးစ်ဟာ ရန်သူတစ်ယောက်လို သတ်မှတ်ခံရတာပါ။ သူ့ကိုတင်တဲ့ စွဲချက်ကတော့ အေသင်က လူငယ်တို့ရဲ့ စိတ်နှလုံးကို ယိုယွင်းပျက်စီးစေမှုပါ။ ဒီအမှုနဲ့ပဲ ဆိုကရေးတီးစ်ဟာ အဆိပ်သောက်သေဖို့ ပြစ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။ အဲဒီအခါမှာ မိတ်ဆွေတွေနဲ့ တပည့်တွေက သူ့ကို ပြေးစေလိုပေမယ့် ဆိုကရေးတီးစ်ဟာ မပြေးဘဲ သေလမ်းကိုပဲ ရွေးခဲ့ပါတယ်။ (စွဲချက်တင်မှုကို ချေပရာမှာလည်း ဆိုကရေးတီးစ်သာ သူအပြစ်ရှိတယ်လို့ ဆိုခဲ့ပြီး အသနားခံခဲ့ရင်လည်း လွတ်နိုင်ပါတယ်)
သူမပြေးခဲ့တဲ့ အကြောင်းအချက်တွေ ရှိခဲ့ပါတယ်။ ပထမအချက်က ထွက်ပြေးတယ်ဆိုတာ သေမှာကြောက်တာကို ဖော်ပြပါတယ်။ ဒါက စစ်မှန်တဲ့ Philisopher တစ်ဦးမှာ မရှိသင့်တာလို့ သူယုံကြည်ထားတာပါ။ ဒုတိယအချက်က သူသာ အေသင်က ထွက်ပြေးခဲ့ရရင် ဘယ်အရပ်မှ အမိမြေနဲ့ မတူနိုင်ဘူးလို့ ယူဆလို့ပါ။ နောက်တစ်ချက်ကတော့ ဥပဒေကြောင်းအရ ဆုံးဖြတ်ခဲ့တာတစ်ခုကို ချိုးဖောက်တာဟာ လူမှုသဘောတူညီချက် (Social Contract)ကို ချိုးဖောက်တာဖြစ်ပြီး ဆိုကရေးတီးစ်ရဲ့ မူဝါဒနဲ့ မကိုက်ညီလို့ပါတဲ့။
အတွေးအခေါ် ပညာရှင်နဲ့ နက္ခတ်ပညာရှင်အများစုက ကမ္ဘာကြီးဟာ စကြာဝဠာရဲ့ ဗဟိုချက်လို့ လက်ခံထားကြတဲ့ ခေတ်အခါမှာ ဂယ်လီလီယိုဟာ ကော့ပါးနီးကပ်စ်ရဲ့ နေဗဟိုအယူအဆကို သက်သေပြခဲ့သူပါ။ ရိုမန်ကျောင်းတော်ဟာ ဒီအတွက် သူ့ကို စစ်ဆေးခဲ့ပြီး သူ့အယူအဆတွေ မှားယွင်းကြောင်း ၀န်ခံခိုင်းခဲ့ပါတယ်။ ကျမ်းစာကို ဖီလာဆန့်ကျင်ပြီး မှားယွင်းတယ်လို့ ကျောင်းတော်က သုံးသပ်ခဲ့ပါတယ်။ ဒီအယူအဆကို ထောက်ခံမှုကို စွန့်လွှတ်ဖို့ ဖိအားပေးခံခဲ့ရတဲ့ ဂယ်လီလီယိုဟာ သူ့အယူအဆကို စွန့်လွှတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ Concerning the Two Chief World Systems ဆိုတဲ့ကျမ်းနဲ့ နေဗဟို အယူအဆကို ထပ်မံ ဖော်ထုတ်ခဲ့ပါတယ်။ ဒီအချိန်မှာ မမာမကျန်း ဖြစ်နေရှာတဲ့ ဂယ်လီလီယိုဟာ ရောမကို သံကြိုးတန်းလန်းနဲ့ ခေါ်ဆောင်ခံခဲ့ရပါတယ်။ အပြစ်ရှိတယ်လို့ ထပ်ပြီး ၀န်ခံခဲ့ရပြီး တစ်သက်လုံး နေအိမ်မှာပဲ အစောင့်အရှောက်နဲ့ အထိန်းသိမ်း ခံသွားရပါတယ်။ နောင်နှစ်ပေါင်း ၃၀၀ ကျော်အကြာ ၁၉၉၂ ခုနှစ်မှာမှပဲ ကက်သလစ်ကျောင်းတော်က ဂယ်လီလီယိုရဲ့ နေစကြာဝဠာအမြင်ဟာ မှန်ကန်တယ်လို့ ၀န်ခံခဲ့ပါတယ်။
ဆိုကရေးတီးစ်ဟာ အမှန်တရားကို မစွန့်လွှတ်ဘဲ ငြင်းဆန် No လုပ်ခဲ့ပြီး ဂယ်လီလီယိုကတော့ အသက်ရှင်ရပ်တည်မှုအတွက် အကျပ်ကိုင် ၀န်ခံခိုင်းမှုကို Yes လုပ်ခဲ့ရပြီး အသက်ရှင်မယ့်လမ်းကို ရွေးခဲ့ပါတယ်။ လူ့ဘောင်လူ့လောကကို အကျိုးပြုနိုင်ခဲ့မှု ပေတံနဲ့တိုင်းရင် ဆိုကရေးတီးစ်ထက် ဂယ်လီလီယိုက ပိုပြီး အကျိုးပြုနိုင်မှုများတယ်လို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အမှန်တရားအတွက် စွန့်ဝံ့ခြင်းမှာတော့ ဆိုကရေးတီးစ်ဟာ စံပြုပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ အမှန်တရားကို ဆုပ်ကိုင်ထားသည်ဖြစ်စေ၊ စွန့်လွှတ်သည်ဖြစ်စေ လတ်တလော အကြောင်းမထူးတဲ့ အခြေအနေမျိုးမှာ အသက်ကိုစွန့်ပြီး အမှန်တရားအပေါ်မှာ မြဲမြံခဲ့တာဟာ သစ္စာမပျက်ယွင်းတာပါပဲ။ ကိုယ်ပြောခဲ့တာတွေကိုမှ ကိုယ်ကမယုံကြည်ဘဲ မှားပါတယ်လို့ ၀န်ခံတဲ့ အပြုအမူမျိုးဟာ အမှန်တရားအပေါ် သစ္စာပျက်ယွင်းတာပါပဲ။ ရှင်သန်ရပ်တည်မှုအတွက် အမှန်တရားကို ရင်ထဲကမဟုတ်ပေမယ့် နှုတ်မြွက်စွန့်လွှတ်ခဲ့ရတဲ့ ဂယ်လီလီယိုကို နားလည်ပေးလို့ရပေမယ့် အမှန်တရားကို အသက်နဲ့လဲပြီး ကိုင်စွဲသွားရဲတဲ့ ဆိုကရေးတီးစ်ရဲ့သတ္တိကတော့ ဂုဏ်ပြုထိုက်တာ အမှန်ပါပဲ။
တကယ်တမ်းကျတော့ အိုမင်းနေပြီဖြစ်တဲ့ အသက်ဇီဝရုပ် အဆုံးသတ်သွားရုံနဲ့ ဆိုကရေးတီးစ်ဆိုတဲ့သူ လောကအလယ်က အပြီးပိုင် ပျောက်ကွယ်သွားပြီလို့ ပြောနိုင်တာမှ မဟုတ်ပေပဲ။ သူရှာဖွေခဲ့တဲ့ သစ္စာ၊ သူယုံကြည်တဲ့ အမှန်တရားဟာ သေခြင်းမဲ့ အမတဖြစ်တယ်ဆိုတာ ဆိုကရေးတီးစ်ကိုယ်တိုင်လည်း မြင်ခဲ့ပြီးဖြစ်တာကို ချေပချက်ကထာ Apology မှာ တွေ့နိုင်ပါတယ်။ (Apology ဆိုတာ တောင်းပန်တာမဟုတ်ဘဲ ဂရိတို့ထုံးစံအရ ခုံရုံးမှာ ချေပရတာကို ဆိုလိုပါတယ်။ အင်္ဂလိပ် စကားနဲ့ ပြန်ဆိုမှုမှာ Apology ဟာ အနက်သွေဖီသွားပေမယ့် တကယ်တမ်းက ခုခံချေပမှုလို့ အနက်ရတဲ့ ဂရိ စကားလုံး apologia က လာတာပါ)
ဆိုကရေးတီးစ် ရုံးတော်မှာ နောက်ဆုံးပြောခဲ့တာက "ခွဲခွာရမည့် အချိန်ကား ရောက်ရှိလာခဲ့ချေပြီ။ ကျွန်ုပ်တို့သည် ကိုယ့်လမ်းကိုယ်သွားကြရတော့မည်။ ကျွန်ုပ်ကား သေလမ်း၊ သင်တို့ကား ရှင်လမ်း၊ ဘယ်လမ်းပိုကောင်းသည် ဆိုခြင်းကိုကား အဂ္ဂဘုံသာ သိပေလိမ့်မည်"
The hour of departure has arrived, and we go our ways--I to die, and you to live. Which is better God only knows.
ဘယ်လမ်း ပိုကောင်းတယ်ဆိုတာ မသိနိုင်၊ မမြင်နိုင်တဲ့ အခါမျိုးမှာ၊ ဘယ်လမ်းကိုရွေးရွေး နေ့ချင်းညချင်း သစ္စာထင်ရှားရှိလာမှာ မဟုတ်တဲ့အခါမျိုးမှာ အမှန်တရားကိုပဲ ဆက်လက်ကိုင်စွဲရင်း စွန့်ဝံ့တာဟာ မြင့်မြတ်တယ်ဆိုတာ ဆိုကရေးတီးစ်က ညွှန်ပြခဲ့တဲ့ လမ်းပါ။
Wikipedia ၊ Plato's Apology (Translated by Benjamin Jowett)၊
O'Connor, J. J.; Robertson, E. F.. "Galileo Galilei"
Merriam-Webster's Dictionary
အတွဲ (၅) အမှတ် (၂၉)
April 28 Wednesday 2010
စာမျက်နှာ - ၁၉
No comments:
Post a Comment