မြန်မာနိုင်ငံ၏ နိုင်ငံရေးကို ပုံသဏ္ဌာန်သစ်တစ်ရပ်ဆီသို့ ပြောင်းရွှေ့ရန် တပ်မတော်က ဆုံးဖြတ်ခဲ့ပြီး ရွေးကောက်ပွဲများ ကျင်းပပေးရန် ပြင်ဆင်လာခဲ့ချိန်တွင် နိုင်ငံရေးနယ်ပယ်၌ အင်အားစုကြီးသုံးမျိုး ပေါ်ထွက်လာခဲ့သည်ကို တွေ့ရသည်။
အမျိုးအစား (၁) | အမျိုးအစား (၂) | အမျိုးအစား (၃) |
အာဏာရပါတီနှင့် မိတ်ဖက်ပါတီများ၊ တစ်သီးပုဂ္ဂလများ | တတိယအုပ်စုဟု ခေါ်ကြသည့် ပါတီများ၊ တစ်သီးပုဂ္ဂလများ၊ အုပ်စုအဖြစ် ရှိနေသည် မဟုတ်ပါ။ | အတိုက်အခံဟု ခေါ်ကြမည့် ပါတီနှင့် မိတ်ဖက် ပါတီများ၊ တစ်သီးပုဂ္ဂလများ |
မပြောင်း၊ တည်ငြိမ်ရေး (Pro-status-quo Players) | ပြောင်း (Pro-change Players) | နိုင် (Pro-zerosum Players) |
စနစ်ပြောင်း အုပ်ချုပ်သူမပြောင်း၊ အာဏာရ ပါတီအဖြစ် ဆက်လက် အုပ်ချုပ်ရေး | အားကောင်းသော အပြန်အလှန် ထိန်းကျောင်းမှု ရှိသည့် အရပ်သား အုပ်ချုပ်ရေး စနစ်သို့ ပြောင်းရွှေ့ရန် လိုအပ်သည် | စနစ်ပြောင်း အုပ်ချုပ်သူပြောင်း၊ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသော ရွေးကောက်ပွဲ လိုသည်။ ရွေးကောက်ပွဲ အနိုင်ရမှ ဒီမိုကရေစီရမည် |
နိုင်ငံဖွံ့ဖြိုးတိုးတက်နေသည်။ ရှိနေသည့် ပြဿနာများသည် အတိုက်အခံနှင့် ကိုလိုနီ နယ်ချဲ့ လက်သစ်များတွင် တာဝန်ရှိသည်။ | ပြဿနာများသည် အမျိုးသားရေး ပြဿနာ ဖြစ်သည်။ | ပြဿနာများသည် အစိုးရတွင် တာဝန် ရှိသည်။ |
ပူးတွဲပါဇယားတွင် အဆိုပါ အင်အားစုသုံးမျိုးနှင့် ၎င်းတို့၏ ရပ်တည်ချက်အမျိုးမျိုးကို မြင်တွေ့နိုင်ပါသည်။ ယနေ့မြန်မာနိုင်ငံရေးတွင် အသံအကျယ်ဆုံး ကြားရသော နိုင်ငံရေးအင်အားစုများသည် ဇယားတွင် ဖော်ပြထားသော အမျိုးအစား (၃) ဖြစ်ပြီး မြန်မာနိုင်ငံပြင်ပတွင်ရှိသော မီဒီယာများက တစ်သားတည်း ရပ်တည်ပေးသော အင်အားစုလည်း ဖြစ်သည်။ ၎င်းတို့ထဲတွင် လမ်းညွှန်မြေပုံ၊ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲများကို လုံးဝလက်မခံနိုင်သော ပြည်ပရောက် အင်အားစုများနှင့် ပြည်တွင်းမှ အခက်အခဲနည်းသော လူလတ်တန်းစား အချို့လည်း ပါဝင်ပေသည်။ ထိုသို့ လက်မခံရန်လည်း ၎င်းတို့တွင် အခြေအနေပေးသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံပြင်ပတွင် ရောက်ရှိနေသော အဓိကနိုင်ငံရေးအင်အားစုများ၏ ရပ်တည်ချက်မှာ ရှင်းပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သော အပြောင်းအလဲများသည် ၎င်းတို့အနေဖြင့် ဒီမိုကရေစီ သူရဲကောင်းများအဖြစ် ပြည်တော်ပြန်လာပြီး နိုင်ငံကို စီမံအုပ်ချုပ်ခွင့်မရသော အခြေအနေမှန်သမျှ လက်မခံနိုင်ဟူသော သဘောဖြစ်သည်။ သို့သော် ဤရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း မပြောဘဲ ဓမ္မနှင့် အဓမ္မတို့၏ ဒီမိုကရေစီတိုက်ပွဲတွင် ဓမ္မဘက်တော်သားများအဖြစ် လှလှပပ ပုံဖော်လိုက်ရာ ပြည်သူလူထုကြီးက မထောက်ခံလျှင် မဖြစ်သောအခြေအနေ ဖြစ်သွားသည်ကို တွေ့ရသည်။ ၀မ်းနည်းစွာပင်ပြောရလျှင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ် Stakeholder များ၏ အင်အားအမျိုးမျိုးတို့ကို ချင့်ချိန်ကြည့်ပါက ထိုအိပ်မက်မဖြစ်နိုင်တော့ကြောင်း တွေ့ရပါလိမ့်မည်။ ဘေးလူအဖြစ် မြင်သမျှပြောရပါလျှင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံတွင် တပ်မတော်က သဘောမတူနိုင်သော မည်သည့်နိုင်ငံရေးမျိုးမျှ အစပျိုးရန် မဖြစ်နိုင်သည်ဖြစ်ရာ ၎င်းတို့အနေဖြင့် ရပ်တည်ချက်မပြောင်းနိုင်လျှင် နိုင်ငံနှင့်လူမျိုးအကျိုး ဆောင်ကြဉ်းပေးရန် နေရာမရှိတော့ဟု ပြောရမည်ထင်ပါသည်။ ဆိုလိုသည်မှာ တပ်မတော်ပါဝင်သော အသွင်ကူးပြောင်းရေးကို လက်မခံနိုင်လျှင် တစ်သက်တာ မည်သူ့ကိုမဆို အတိုက်အခံ ပြုရတော့မည်ဆိုသော သဘောဖြစ်သည်။
အဓိကအချက်မှာ မြန်မာနိုင်ငံပြင်ပရှိ ဒီမိုကရေစီအင်အားစုအချို့သည် အကြောင်းကြောင်းကြောင့် တစ်ဖက်စွန်းသို့ ရောက်ရှိသွားသော်လည်း ၎င်းတို့၏ ရပ်တည်ချက်များကို မပြင်ဘဲ အခြေအနေက ၎င်းတို့ရပ်တည်ချက်နှင့် ကိုက်ညီလာအောင် ဖြစ်ပေါ်လာရေး မျှော်လင့်နေကြသော အချက်ဖြစ်သည်။ အစိုးရတစ်ရပ်ရပ်က အမျိုးသားစည်းလုံးညီညွတ်ရေးကို မဟာဗျူဟာမြောက် စဉ်းစားလာသည့်တစ်နေ့တွင် ရည်တည်ချက်ကို အခြေအနေနှင့် ကိုက်ညီအောင် ပြင်နိုင်သော ပျော့ပျောင်းသည့် အင်အားစုများကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်လာပါလိမ့်မည်။ ဤကိစ္စသည် ရွေးကောက်ပွဲမတိုင်မီသော်လည်းကောင်း၊ ရွေးကောက်ပွဲအပြီး တက်လာသော အစိုးရကသော်လည်းကောင်း လုပ်နိုင်ခြေရှိသော ကိစ္စရပ်များ ဖြစ်ပေသည်။
ဤနေရာတွင် စာရေးသူပြောလိုသည်မှာ ငါမှန်သည်၊ သူမှန်သည် စကားနိုင်လုရေး မဟုတ်ပါ။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို စကားနိုင်လုပွဲရလဒ်များက ပြဋ္ဌာန်းမည်မဟုတ်ဘဲ လက်တွေ့နိုင်ငံရေးက ပြဋ္ဌာန်းမည်ဖြစ်၍ လက်တွေ့နိုင်ငံရေးကို ခန့်မှန်းပြောကြားခြင်း ဖြစ်ပါသည်။ စာရေးသူ၏ အယူအဆမှန်၊ မမှန်ကို သမိုင်းက သက်သေပြမည်ဖြစ်ပြီး ထိုကိစ္စသည် အရှိတရားဖြစ်ပါလိမ့်မည်။ ထိုအရှိတရားကို စာရေးသူတို့အားလုံး လက်ခံရပါလိမ့်မည်။ စာရေးသူ၏ ခန့်မှန်းချက်မှားခဲ့လျှင် စာရေးသူ၏ ကလောင်သြဇာ ထိခိုက်မည်သာ ဖြစ်ပေသည်။ ထိုအရှိတရားကို ခန့်မှန်းသုံးသပ်၍ အလုပ်လုပ်ကြရပါလိမ့်မည်။ နောင် ၁၀ နှစ်အကြာတွင် အရှိတရားကို အနီးစပ်ဆုံး ခန့်မှန်း၍ အလုပ်လုပ်သူများကြောင့် လူ့အဖွဲ့အစည်း၏ အရွေ့ကို တွေ့ရမည်ဖြစ်ပြီး အရှိတရားကို မခန့်မှန်းနိုင်သူများ ဆန္ဒမပြည့်နိုင်ဘဲ ရှိကြရသည်ကို တွေ့ရပါလိမ့်ဦးမည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ ၎င်းတို့၏ ဒီမိုကရေစီသူရဲကောင်းကြီးများ ပြည်တော်ပြန်ခရီးအတွက် နိုင်ငံသားများကို လမ်းပေါ်သို့ထွက်၍ တပ်မတော်ကို ရင်ဆိုင်ခိုင်းသည့် ဇာတ်ကွက်ကို မမြင်နိုင်ဘဲ ဓမ္မ၊ အဓမ္မ တိုက်ပွဲအဖြစ်မြင်ကာ ပံ့ပိုးထောက်ခံပေးနေသူ လူ့အဖွဲ့အစည်းအတွင်းမှ အစိတ်အပိုင်းအချို့နှင့် ပတ်သက်၍ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းမှနေ၍ လူထုကြီးကို လမ်းပေါ်သို့ ပို့ဆောင်ရေးစီမံချက်ကို ကူညီဆောင်ရွက်ပေးနေသူ အချို့မှာ Opinion Leader များ ဖြစ်နေရာ တွေဝေသူအချို့မှာ ထို Opinion Leader များကိုယ်တိုင် လမ်းပေါ်မထွက်ဘဲ၊ ပြည်သူလူထုကြီးကို လမ်းပေါ်သို့ ပို့ဆောင်နေသည့်ကိစ္စကို မမြင်နိုင်ဘဲ ရှိသည်ကိုတွေ့ရသည်။ ယခုအခါ ထိုသို့ တိုက်တွန်းမှုများ ခပ်စိတ်စိတ်တွေ့မြင်နေရပြီ ဖြစ်သောကြောင့် သတိပေးရခြင်း ဖြစ်ပါသည်။
အဓိကအချက်မှာ မြန်မာနိုင်ငံတွင်းမှ မီဒီယာများနှင့် မြန်မာနိုင်ငံပြင်ပရှိ မီဒီယာများ လွတ်လပ်မှု မတူညီခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံပြင်ပရှိ မီဒီယာများသည် စိတ်ကြိုက်ဇာတ်နာအောင် ပြောခွင့်ရှိသော အခြေအနေဖြစ်ရာ ၎င်းတို့၏အသံသည် မြန်မာနိုင်ငံတွင်းရှိ ပြည်သူများကို အလွယ်တကူ လွှမ်းမိုးသွားသည့်သဘော ဖြစ်သည်။ မြန်မာနိုင်ငံပြင်ပရှိ ရေဒီယိုအသံလွှင့် အစီအစဉ်များတွင် မည်သည့်အယ်ဒီတာ၊ မည်သည့်အသံလွှင့်သူကမျှ ရွေးကောက်ပွဲများကို လက်ခံသည့်သဘောထားကို မဖော်ပြရဲကြသည်ကိုကြည့်လျှင် မြေအောက်လှုပ်ရှားမှုဝါရင့်များ မည်မျှ လူထုဆက်သွယ်ရေးသဘောတရား ကြေညက်သည်ကို တွေ့နိုင်ပါသည်။ ၎င်းတို့တစ်ဦးစနှစ်ဦးစ၏ သဘောထားသည် ပြည်သူလူထု၏ သဘောထားအဖြစ် နိုင်ငံရေးခေါင်းဆောင်အချို့ကပင် ယူဆသွားခဲ့သည်ကို ၀မ်းနည်းဖွယ် တွေ့ခဲ့ရပေသည်။
မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးကိစ္စများကို ၀င်ရောက်ခြယ်လှယ်ပြီးနောက် လူထုဆက်သွယ်ရေး ပါရဂူများသည် တိုက်ပွဲကို ဆက်လက်ဖော်ဆောင်ရန် ယခုအခါ ကုန်ဈေးနှုန်းကိစ္စ၊ အထွေထွေအခက်အခဲများကို ပိုစတာတိုက်ပွဲသဖွယ် ဆောင်ရွက်လာသည်ကို တွေ့မြင်နေရသည်။ မဲဆန္ဒတစ်ပြားဖြင့် ဥပဒေဘောင်အတွင်းမှ အန္တရာယ်ကင်းစွာ ဆန္ဒဖော်ထုတ်နိုင်သည့် အခြေအနေကို အသုံးမ၀င်သကဲ့သို့ပြောဆို၍ လူထုကို လမ်းပေါ်သို့ ပို့ဆောင်ရန် ကြိုးစားမှုများ တဖြည်းဖြည်းဖြစ်ပေါ်လာတော့မည်ကို ရိပ်စားမိသောကြောင့် ယခုကဲ့သို့ ပြောရခြင်းဖြစ်ပါသည်။ စာရွက်စာတမ်းများ ဝေငှခြင်း၊ ၎င်းတို့တစ်ဆင့်ခံ စည်းရုံးရရှိသော လူအနည်းငယ်ကို လမ်းမများပေါ်သို့ ထွက်ခိုင်းခြင်းများ မကြာမီ မြင်တွေ့ရတော့မည် ဖြစ်ပေသည်။
ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဲတစ်ပြားစီကို သတ္တိရှိရှိ အန္တရာယ်ကင်းစွာ ထုတ်ဖော်နိုင်ခဲ့လျှင် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအခြေအနေသစ်တစ်ရပ် ရှိပါသည်။ ၂၀၀၈ အခြေခံဥပဒေသည် အလုံးစုံကောင်းမွန်သော အရာတစ်ခုဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ၁၉၇၄ အခြေခံဥပဒေနှင့် များစွာကွာခြားသည် ဆိုသောအချက်မှာ သေချာပါသည်။ ပြည်သူလူထုကို လမ်းမပေါ်သို့ ပို့ဆောင်သူတစ်ဦးက ၁၉၇၄ အခြေခံဥပဒေကို ဥပမာပေးခဲ့ပါသည်။ အတိုက်အခံနိုင်ငံရေး အင်အားစုများ တည်ရှိခြင်းကို ခွင့်မပြုသော ၁၉၇၄ အခြေခံဥပဒေနှင့် နှိုင်းယှဉ်ရေးသားခြင်းကို နားယောင်သူများ ရှိသည်ကိုကြည့်လျှင် စာရေးသူတို့အားလုံး များစွာကြိုးစားရဦးမည်ဟု သိသာထင်ရှားပါသည်။
အမှန်အားဖြင့် မြန်မာနိုင်ငံပြင်ပရှိ မီဒီယာများသည် များစွာလွတ်လပ်ကြသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်ပတ်သက်၍ တိုက်ပွဲသဘောဆောင်သည့် ဘောင်မ၀င် အန္တရာယ်များသော နိုင်ငံရေးအစား ရွေးကောက်ပွဲ Voter Education၊ ရွေးကောက်ပွဲအပြီး စတင်မည့် အင်အားချိန်ခွင်ညှာ၊ ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးနိုင်ငံရေး ပုံသဏ္ဌာန် စသည်များကို ရှုထောင့်စုံမှ သုံးသပ်ပြနိုင်ခဲ့လျှင် မြန်မာနိုင်ငံအနှံ့မှ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မည့်သူများ များစွာအသိအမြင် တိုးပေလိမ့်မည်။ ယနေ့မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများ၊ မဲထည့်မည့် ပြည်သူများစွာတို့သည် အခြေခံဥပဒေပြဋ္ဌာန်းချက်များ၊ အထူးသဖြင့် မဖြစ်မနေသိရှိရမည့် Structure ကိစ္စများကို သိရှိကြသည် မဟုတ်ပါ။ Structure များ၏ နောက်ကွယ်က သဘောတရားများဆိုလျှင် ပြောဖွယ်မရှိပါ။ သို့သော် ၀မ်းနည်းဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံပြင်ပရှိ မီဒီယာအချို့ပေါ်တွင် ရွေးကောက်ပွဲကို လက်ခံသည့် အင်အားစုများ၊ နိုင်ငံရေးသမားများကို အခွင့်အရေးသမားများ၊ ပွဲလန့်တုန်း ဖျာခင်းသူများအဖြစ် စနစ်တကျ အကွက်ချ၍ ပုံဖော်လာခဲ့သော အချက်ဖြစ်ပေသည်။
ယခုရက်ပိုင်းများတွင် နိုင်ငံရေးပါတီသစ် ထူထောင်မည့်သူများ၊ ရွေးကောက်ပွဲဝင်မည့်သူများနှင့် တွေ့ဆုံဖြစ်၍ ၎င်းတို့အားလုံး တညီတညွတ်တည်း ပြောကြားသည့် စိုးရိမ်မှုမှာ ပြည်ပအသံလွှင့်ဌာနများမှ ဒီမိုကရေစီရေး သစ္စာဖောက်များအဖြစ် တံဆိပ်ကပ်ခံရမည့်အရေး ဖြစ်သည်။ ဗုံးကိစ္စမျိုးတွင်ပင် အလွယ်တကူ တွေဝေသူများစွာ ရှိနေခဲ့ရာ ယခုကိစ္စမျိုးကို ပြင်ပမှ လူတစ်ဦးနာမည်သုံးပြီး အလွယ်တကူ သိမ်းသွင်းနိုင်သည့်အတွက် အမြင်မှန်ရရန် မလွယ်ကြောင်း တညီတညွတ်တည်း ပြောကြသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲသည် နိုင်ငံရေးတွင် ပါဝင်ကြမည့်သူများကို သင် ဘယ်နေရာက ကပြပါဟု ဆုံးဖြတ်ပေးမည့်ပွဲ ဖြစ်သည်ဟု နားလည်နိုင်လျှင် ရင်ခုန်စရာ ကောင်းပါသေးသည်။ ရွေးကောက်ပွဲအပြီးတွင် ကိုယ်ပါဝင်ကပြချင်သည့်နေရာက ကပြခွင့်ရသူများ ရှိသကဲ့သို့ ကိုယ်ပါဝင်ကပြချင်သည့်နေရာက ကပြခွင့်မရသူများလည်း ရှိနိုင်ပါသည်။ ကိုယ့်သဘောနှင့်ကိုယ် အဆင့်ချလိုက်သူများလည်း တွေ့ရသည်။ ဇာတ်ညွှန်းမှာမူ အသင့်ရှိပြီး ဖြစ်ပေသည်။ လက်တွေ့ဇာတ်လမ်း ဇာတ်ညွှန်းအတိုင်း ဖြစ်၊ မဖြစ်သည် ပါဝင်ကပြည်မည့်သူများအပေါ် များစွာမူတည်ပေလိမ့်မည်။
ပြည်သူလူထု၏ လိုလားချက်များကိုကြည့်လျှင် ဖြစ်နိုင်ခြေများလည်း တွေ့နိုင်ပါသည်။ နိုင်ငံသားတစ်ဦးချင်း ကံ၊ ဉာဏ်၊ ၀ီရိယ ရှိသလောက် အလုပ်လုပ်ခွင့်နှင့် ကြီးပွားချမ်းသာ ၀င်ငွေတိုးရေး၊ တင့်တောင့်တင့်တယ် အလုပ်အကိုင်နှင့် ၀င်ငွေရရှိရေး၊ သင့်တင့်သောဈေးနှုန်းဖြင့် အိုးအိမ်၊ မော်တော်ယာဉ်၊ တယ်လီဖုန်း စသည်များ ၀ယ်ယူနိုင်ရေး၊ စသည်များနှင့် ရေမှန်၊ မီးမှန် ကိစ္စများသာဖြစ်ရာ လွှတ်တော်ပေါ်တွင် ပြည်သူလူထုအပေါ် စေတနာကောင်းရှိသူ တစ်ဦးစ နှစ်ဦးစက အသံထွက်နေရုံဖြင့် ပြေလည်နိုင်သော ကိစ္စများဖြစ်ပေသည်။ ဤကိစ္စများသည် တပ်မတော်က မပေးနိုင်သော ဒီမိုကရေစီ အခွင့်အရေးများ မဟုတ်ပေ။ သို့သော် ဤကိစ္စများသည် နိုင်ငံတကာ မြို့တော်ကြီးများတွင် နေထိုင်သော စာရေးသူ၏ သူငယ်ချင်း ဒီမိုကရေစီသူရဲကောင်းကြီးများအတွက် ထူးခြားမှုမဟုတ်နိုင်ပေ။
အခြေခံဥပဒေသစ်အရ ဤရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု ပြောရမည့်ပါတီသည် အစိုးရဖွဲ့ခွင့်ရှိသော စနစ်မဟုတ်ပါ။ လွှတ်တော်နှစ်ရပ်တွင် ထောက်ခံမဲ ၃၃၃ မဲ ရှိခဲ့မှသာ သမ္မတဖြစ်နိုင်ဖွယ်ရှိပြီး အစိုးရကို ထိုသမ္မတစိတ်ကြိုက် ဖွဲ့စည်းနိုင်ကြောင်း အခြေခံဥပဒေ ဆန့်ကျင်ရေး၊ ရွေးကောက်ပွဲဆန့်ကျင်ရေးပြောနေသူ အများစု ကွဲပြားခြင်းမရှိသည်ကို တွေ့ရသည်။ နိုင်ငံရေးဆိုရာတွင်လည်း အန္တရာယ်များသည့် တွေ့နေကျ နိုင်ငံရေးနှင့် အစိုးရဘက်က ၀င်ပါသည့်နိုင်ငံရေး နှစ်မျိုးသာရှိသည်ဟု ထင်နေကြသည်က အများစု ဖြစ်နေသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲ မဲသွားမပေးရန် လှုံ့ဆော်သူများသည်လည်း လာပေးသူတစ်ဦးရှိလျှင် ထိုတစ်ဦးတည်း၏ မဲဖြင့် အမတ်ဖြစ်နိုင်သည့် ရွေးကောက်ပွဲစနစ်အကြောင်း မသိဘဲ ပြောနေခြင်းဖြစ်သည်ကို တွေ့ရသည်။
အမှန်ပြောရလျှင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် နိုင်ငံရေးပုံသဏ္ဌာန်အသစ်သည် နိုင်ငံအတွက် အရေးကြီးနေသော ယနေ့အချိန် နိုင်ငံရေးရာသီဥတု မည်သို့ရှိနေသနည်းဆိုသော အချက်ပေါ်တွင် မျာစွာတည်နေခြင်း ဖြစ်ပါသည်။ ဖြစ်နိုင်ခြေရှိသော နိုင်ငံရေးပုံသဏ္ဌာန် သုံးမျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ Unrest ခေါ် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ပြုလုပ်မှုများပြားခဲ့လျှင် ထိုအကြောင်းပြချက်ဖြင့် နိုင်ငံရေးပါတီများ၏ စည်းရုံးရေး၊ ဆော်သြရေးနှင့် မဲဆွယ်စည်းရုံးမှုများတွင် များစွာ အကန့်အသတ်ရှိသွားပြီး ရွေးကောက်ပွဲရလဒ်များကိုလည်း ပြည်သူလူထုက လက်ခံရန် ခက်ခဲသွားလိမ့်မည်ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် ပြည်ပရှိ အစွန်းရောက် နိုင်ငံရေးအင်အားစုများက “တွေ့တယ်မို့လား” ဟု အောင်ပွဲခံပေလိမ့်မည်။
၂။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် စနစ်ပြောင်း အုပ်ချုပ်သူမပြောင်း အောက်ထစ်ဆုံး ဖြစ်ပေါ်စေရန်အလို့ငှာ အသစ်ပေါ်ထွက်လာသော နိုင်ငံရေးအင်အားစုများအတွက် စည်းရုံးလှုပ်ရှားမှုကို ယခင်စနစ်ဟောင်း၏ လုံခြုံရေးရှုထောင့်မှ ပြောင်းရွှေ့၍ ခွင့်ပြုရန်လိုအပ်ပါသည်။ လုံခြုံရေးကိစ္စကို ယခင်စနစ်ဟောင်းကအတိုင်း စဉ်းစားလျှင် ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ ပြတ်ပြတ်သားသားသုံးသပ်ရန် ခက်ခဲသည့် ရလဒ်များကို ရရှိမည်။ အုပ်ချုပ်သူမပြောင်းဘဲ စနစ်ပြောင်းခြင်း ဖြစ်ပေါ်မည်။ နိုင်ငံရေးအင်အားစုအချို့ လွှတ်တော်ထဲသို့ ရောက်ရှိမည်။ မြေစမ်းခရမ်းပျိုးနေခြင်းကြောင့် အစွန်းရောက်အတိုက်အခံများက တွေ့တယ်မို့လား မထူးပါဘူးဟု ပြောမည်။ ဇယားတွင် ဖော်ပြထားသည့် အမျိုးအစား သုံးမျိုးလုံးက ၎င်းတို့၏ အောင်ပွဲဟု ပြောကြပေလိမ့်မည်။
၃။ နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံသို့ ပြန်လာခွင့်၊ နိုင်ငံရေးအင်အားစုများ စည်းရုံးလှုပ်ရှားခွင့်၊ နိုင်ငံသားအားလုံး နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်များ စနစ်ပြောင်းချိန် ဖြစ်သည်နှင့်အညီ အနာဂတ်ကို မျှော်မှန်း၍ ခွင့်ပြုခြင်းကြောင့် ရွေးကောက်ပွဲအပြီးတွင် တပ်မတော်လိုလားသည့် စနစ်ပြောင်း အုပ်ချုပ်သူမပြောင်း ဖြစ်ပေါ်ပြီး လွှတ်တော်ပေါ်တွင် အတိုက်အခံ (ဟု ပြောကြမည့်) Check and Balance ပြုလုပ်မည့် အင်အားစုများ Majority အဖြစ် ရှိနေသည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော Political Process စတင်သောကြောင့် နိုင်ငံတကာက ထင်မှတ်ထားသည်ထက် ကောင်းမွန်သော အခြေအနေဖြစ်ကြောင်း လက်ခံလိမ့်မည်။ အမျိုးအစား (၁) နှင့် အမျိုးအစား (၂) တို့၏ အပြုသဘော ဆက်ဆံရေးအောင်ပွဲအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲများ မဖြစ်မနေ ကျင်းပမည်ဖြစ်ပြီး ၂၀၁၀ တွင် အခြေခံဥပဒေသစ်အရ ရွေးချယ်တင်မြှောက်ခံရသော အစိုးရသစ်တစ်ရပ် ပေါ်ပေါက်နေမည်ဖြစ်ရာ “ဘယ်သူအုပ်ချုပ်တယ်ဆိုတာ အရေးမကြီး၊ ဘယ်လိုအုပ်ချုပ်တယ်ဆိုတာ အရေးကြီးသည်” ဆိုသည့် ခံယူချက်ဖြင့် အပြန်အလှန် ထိန်းကျောင်းမှုရှိသော စနစ်တစ်ရပ် ပေါ်ပေါက်ရေးကို မြန်မာအားလုံး တစ်ခဲနက် ၀ိုင်းဝန်းလုပ်ဆောင်ခဲ့လျှင် တပ်မတော်အပါအ၀င် Stakeholder အားလုံး လက်ခံနိုင်သော နိုင်ငံရေးတစ်ရပ် ရှိနေပါကြောင်း ဖော်ပြလိုပါသည်။ (ရီပတ်ဘလီကန် သမ္မတနှင့် ဒီမိုကရက်တစ် Majority House & Senate ပုံသဏ္ဌာန်မျိုးကို နားလည်နိုင်လျှင် စာရေးသူပြောကြားသော သဘောတရားကို နားလည်ရန် လွယ်ကူပါသည်။)
The Voice Weekly ဂျာနယ်
အတွဲ (၆) အမှတ် (၂၅)၊ Monday, May 3 – 9 , 2010
စာမျက်နှာ - ၁၆၊ ၁၇
No comments:
Post a Comment