Tuesday, May 04, 2010

My name is Khan ကြည့်ပြီးတဲ့နောက်


နှစ်ပတ်လောက်အသည်းအသန် လိုက်မေးခဲ့ရတဲ့ My name is Khan ကို မနေ့ကတော့ သေသေချာချာကို ကြည့်ခွင့်ရခဲ့ပါတယ်။ ဒီမြို့လေးက ရုပ်ရှင်ရုံတွေမှာ တင်မယ့်ပုံစံလည်းမရှိတော့ ဒီဗီဒီခွေပဲ လိုက်မေးရတာပေါ့။ အရင်အပတ်တွေတုန်းက ခိုးရိုက်ထားတဲ့ အခွေတွေပဲ ထွက်နေခဲ့တာပါ။ အရမ်းကို ကြည့်ချင်နေခဲ့ပေမယ့် မှုန်ဝါးဝါးကြည့်ရမှာ၊ ဇာတ်ကားကြည့်နေရင်း လူရိပ်တွေမြင်နေရမှာ၊ အသံတွေကြားနေရမှာကြောင့် စိတ်ရှုပ်မခံချင်လို့ original အခွေ မထွက်မချင်း စောင့်နေခဲ့တာပါ။ မနေ့ညနေကတော့ ဆိုင်ကိုသွားမေးတဲ့အခါ သေသေချာချာကို ချန်ထားတဲ့အခွေကို ပေးလိုက်ပါတယ်။



ဘာရောဂါလို့ သေသေချာချာ မပြောနိုင်တဲ့ ရစ်(ဇ)ဗန်ခန်း ဆိုတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ငယ်ဘ၀ကနေစပြီး အမေရိကန်သမ္မတကြီးနဲ့ တွေ့ဆုံတဲ့အထိ ဇာတ်လမ်းဆင်ရိုက်ကူးပြသွားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော့်ရင်ထဲမှာ အတော်ကြီးကို စွဲထင်ကျန်နေရစ်ခဲ့ပါတယ်။

အခြားကလေးတွေနဲ့မတူခြားနားတဲ့ သူ့အပေါ်မှာ အမေဖြစ်သူက အချစ်ပိုခဲ့တာမို့ ညီအရင်းဖြစ်တဲ့သူကတောင် စိတ်နာသွားခဲ့တာနဲ့ စတင်ပျိုးခဲ့တဲ့ ဇာတ်လမ်းဟာ ပြီးသွားတဲ့အထိ ဘာဆက်ဖြစ်မလဲလို့ တထိတ်ထိတ်ရင်ခုန်စွာ ကြည့်ခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးကိုလည်း အံ့သြချီးကျူးလို့ မဆုံးပါဘူး။ ဒါ့အပြင် ဇာတ်ကားထဲမှာ အလျဉ်းသင့်သလို ကျမ်းစာထဲက စာသားလေးတွေကို ကိုးကားတင်ပြသွားတာကလည်း အတုယူစရာပါ။ မွတ်စလင်တွေရဲ့ ရိုးရာယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေကို အတုံးလိုက်အတစ်လိုက် မဟုတ်ဘဲ ပါးပါးလေးနဲ့ သာသာယာယာလေး ထည့်ပြသွားတဲ့ ဇာတ်ကားတစ်ခုပါ။

ဒီဇာတ်ကားမှာ ကျွန်တော်သဘောအကျဆုံးကတော့ ကျပ်မပြည့်တဲ့စရိုက်ကို ပုံပေါ်အောင် သရုပ်ဆောင်ပြသွားနိုင်တဲ့ ရှရွတ်ခန်းနဲ့ သူ့ရဲ့ငယ်ဘ၀ကို သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်ကိုပါ။ တကယ့်ကိုပဲ ကျပ်မပြည့်တဲ့ လူတစ်ယောက်ကို ကြည့်နေရသလို ခံစားလာရတဲ့အထိ ပြောင်မြောက်ခဲ့ပါတယ်။ အထူးသဖြင့် မျက်လုံးသေနဲ့ သရုပ်ဆောင်သွားတဲ့ ပုံစံဟာ ခန်းဆိုတဲ့ဇာတ်ကောင်ရဲ့ အဓိကပွိုင့်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ ခန်းကိုကြည့်နေရင်းနဲ့ မျက်စိထဲမှာ ချက်ချင်းပြေးမြင်မိလာစေမှာကတော့ ကမ္ဘာကျော် မစ္စတာဘီး(န) ဖြစ်ပါတယ်။ မစ္စတာဘီး(န)ရဲ့ ဟန်ပန်တွေကိုတောင် အတုယူပြီး သရုပ်ဆောင်ထားသလားလို့ တွေးမိစေတဲ့အထိပါပဲ။

မိခင်သေဆုံးပြီးတဲ့နောက် ညီနဲ့ မရီးဖြစ်သူရှိနေတဲ့ အမေရိကားကို လိုက်သွားခဲ့တာကနေ သူ့ပြောချင်တဲ့ဇာတ်လမ်းက စပါတယ်။ အမေရိကမှာပဲ မန်ဒီရာဆိုတဲ့ ဟင်ဒူတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ဘာသာမတူတဲ့ သူတို့နှစ်ယောက်ကို ညီဖြစ်သူက သဘောမတူပေမယ့် ခန်းကတော့ အချစ်အတွက် ကလေးတစ်ယောက်အမေ တစ်ခုလပ်မလေး မန်ဒီရာကို လက်ထပ်ခဲ့ပါတယ်။

ဆူညံသံတွေနဲ့ အ၀ါရောင်ကို အလွန်မုန်းတီးတဲ့ ခန်းနဲ့ မန်ဒီရာတို့ဘ၀လေးဟာ အစစအရာရာ ချောမွေ့နေခဲ့ပါတယ်။ ဒါပေမယ့် ၉/၁၁ အရေးအခင်းပြီးတဲ့အချိန်မှာတော့ မွတ်စလင်တွေအပေါ်မှာ အမေရိကန်တွေရဲ့ အမြင်တွေပြောင်းလဲသွားပြီးနောက် သူတို့တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လူမျိုးရေးမုန်းတီးမှုတွေကြောင့် သူတို့ရဲ့သား အသတ်ခံခဲ့ရတဲ့နောက်မှာတော့ ခန်းအတွက် အဆိုးဝါးဆုံး အချိန်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။

မန်ဒီရာက အမှတ်တမဲ့ပြောလိုက်တဲ့ အမေရိကန်သမ္မတကြီးဆီကို “ကျွန်တော့်နာမည် ခန်းပါ၊ ကျွန်တော် အဖျက်သမား မဟုတ်ပါဘူး” ဆိုတဲ့ စကားသွားပြောဖို့ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူချစ်တဲ့မန်ဒီရာကို စွန့်ပြီး အမေရိကန်သမ္မတကြီးနဲ့ တွေ့ဆုံဖို့ ခန်းကြိုးစားခဲ့တာတွေကို ဇာတ်ကြောင်းဆင် ရိုက်ကူးပြသထားတာပါ။

ဇာတ်ကားထဲမှာပါတဲ့ ဒိုင်ယာလော့ခ်တွေထဲမှာ ကျွန်တော့်ရင်ကို ထိသွားခဲ့တာလေးတွေ အများကြီးပါခဲ့ပါတယ်။

“လူသားတွေအားလုံးဟာ အတူတူပါပဲ”

“လောကမှာ လူနှစ်မျိုးပဲ ရှိတယ်။ ကောင်းတဲ့လူက ကောင်းတာလုပ်တယ်၊ မကောင်းတဲ့လူက မကောင်းတာလုပ်တယ်”

“အပြစ်မဲ့တဲ့ လူတစ်ယောက် သေဆုံးရတာဟာ လူအားလုံး သေဆုံးရတာနဲ့ အတူတူပဲ”

“တစ်ဦးနဲ့တစ်ဦး ကူညီကြရမယ်၊ ရိုင်းပင်းကြရမယ်၊ ဖေးမကြရမယ်”

“ခန်းတွေဟာ ကတိတည်တယ်”

စသည်ဖြင့်ပေါ့လေ။ ဒီအတိုင်းဖတ်ရတဲ့အခါ တစ်မျိုးဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဇာတ်ကားမှာ ကြည့်ရတဲ့အခါမှာတော့ အဲဒီစကားလုံးလေးတွေက ဘယ်လောက်ထိရောက်သလဲဆိုတာ သိရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် အဲဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာတော့ ခန်းပြောနေကျ စကားဖြစ်တဲ့-
ဆိုတဲ့ စကားသံကတော့ ကြည့်တဲ့သူတွေရဲ့ ရင်ထဲမှာ ကာလအတော်ကြာတဲ့အထိ စွဲငြိထင်ကျန်နေရစ်ဦးမှာ အမှန်ပါပဲ။ မနှေးအမြန် ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၄ ရက်၊ အင်္ဂါနေ့။
ညနေ ၄ နာရီ ၄၅ မိနစ်တွင်ပြီး၏။

Related:
၁။ My Name Is Khan (Wikipedia)
၂။ My Name Is Khan (Official Website)

2 comments:

  1. အောင်မော်2:30 PM

    ကိုညဏ်ကရုပ်ရှင်တွေ တော်တော်ကြည့်တာဘဲ...
    အညွှန်းကောင်းတာနဲ့ဘဲ ရှာကြည့်ရတော့မယ်....
    Johntra Volat ရဲ့ကားတွေ ကြည့် ကြည့်ပါဦး..အရမ်းမိုက်တယ်ဗျ။
    Taking a Pelham ကြည့်ပါဦး...ကိုညဏ့်အတွက်တော့ ရေးစရာရမှာပါ။

    ReplyDelete
  2. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အခွင့်သင့်ရင် ရှာကြည့်လိုက်ပါ့မယ်။ အားပေးတဲ့အတွက် ကျေးဇူးပါ။ အခုနောက်ဆုံး ဂျွန်ထရာဗိုလ်တာရဲ့ ပဲရစ်ဇာတ်ကားကို ကြည့်ထားပါတယ်။ ကတုံးနဲ့ မှတ်တောင် မမှတ်မိဘူး။ ကြမ်းချက်ကလည်း ဘာကြမ်းသလဲ မမေးနဲ့ဆိုသလိုပဲ။ မဆိုးဘူးလို့ ပြောရမယ်။ ဇာတ်ကားနာမည်ကို သေချာမမှတ်မိဘူး။ From Paris ဆိုတာတော့ မှတ်မိတယ်။

    ReplyDelete

 
Web Statistics