Tuesday, May 25, 2010

အရောင်အလိုက် မုန်တိုင်းအဆင့် သတ်မှတ်ချက်များ၊ မုန်တိုင်းကျစဉ် ဘာတွေလုပ်


တစ်နေ့က ရေဒီယိုကနေ မိုးလေ၀သသတင်း ကြေညာတဲ့အချိန်မှာ လက်ရှိဖြစ်ပေါ်ခဲ့တဲ့ "လိုင်လာ" ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး ကြေညာတဲ့သူက အ၀ါရောင်အဆင့် သတ်မှတ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အတူတူနားထောင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်က အ၀ါရောင်က ဘာကိုဆိုလိုတာမှန်း မသိပါဘူး။ အဲဒီတော့ ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်လည်း အကြမ်းဖျင်းအနေနဲ့တော့ သိတာမှန်ပေမယ့် လွဲချော်ပြီးပြောလို့ ကောင်းတဲ့အရာ မဟုတ်တာကြောင့် မှတ်စုစာအုပ်ထဲမှာ မှတ်ထားတာကိုပဲ ပြန်ဖတ်ပြပြီး ရှင်းပြလိုက်ပါတယ်။ အခြားသူတွေအတွက်လည်း ဗဟုသုတ အနေနဲ့ပဲဖြစ်ဖြစ် အသုံးဝင်မယ်လို့ ယူဆတာကြောင့် ပြန်တင်ပေးထားလိုက်ပါတယ်။

အ၀ါရောင်
မုန်တိုင်းဦးတည်ရာလမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းနှင့် သက်ဆိုင်ခြင်းမရှိ။

လိမ္မော်ရောင်
မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေသည်။ (ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်)

အနီရောင်
မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ နီးကပ်စွာ ဦးတည်နေသည်။ (အန္တရာယ်ရှိသည်။ စီမံချက်ပါအတိုင်း ကြိုတင်ပြင်ဆင်ပြီးစီးအောင် ဆောင်ရွက်ပါ။ အထူးသဖြင့် ဦးတည်ဒေသနှင့် ကမ်းရိုးတန်းဒေသ)

အညိုရောင်
မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နေသည်။ (စနစ်တကျ တုံ့ပြန်ရန်)

အစိမ်းရောင်
မုန်တိုင်းသည် ကုန်းတွင်းသို့ ရောက်ရှိပြီး အားပျော့ပျက်ပြယ်သွားပြီ။ (ဘေးဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်)

  • လျှပ်စစ်အသုံးအဆောင်များ၏ ခလုတ်နှင့် ပလပ်များ ပိတ်ထားပါ။ ဓာတ်ခဲသုံး ရေဒီယိုဖြင့် မုန်တိုင်းသတင်း စဉ်ဆက်မပြတ် နားထောင်ပါ။
  • မိုးကြိုးပစ်ခံရတတ်၍ တယ်လီဖုန်းသုံးစွဲမှုကို ရှောင်ပါ။ မိုးကြိုးလျှပ်စစ် ဖြစ်ပေါ်နိုင်၍ သံရေပိုက်၊ ရေပိုက်ခေါင်း၊ ရေချိုးကန်တို့အနီး မနေပါနှင့်။
  • ပြင်ပတွင်ရောက်နေပါက လုံခြုံသော ခိုလှုံရန်နေရာ ရှာဖွေခိုလှုံပါ။
  • မော်တော်ယာဉ်အတွင်းဖြစ်ပါက မှန်နှင့်တံခါးများ လုံခြုံစွာပိတ်ထားပါ။
  • တာဝန်ရှိသူများက ပြောင်းရွှေ့ရန် မလိုကြောင်းပြောပါက မိမိအိမ်တွင် လုံခြုံစွာနေပါ။
  • သက်ဆိုင်ရာမှ ညွှန်ကြား၍ဖြစ်စေ၊ မိမိဆုံးဖြတ်ချက်အရဖြစ်စေ ခိုလှုံရေးစခန်းသို့ ပြောင်းရွှေ့ပါက နေအိမ်မှ မထွက်ခွာမီ လျှပ်စစ်ပစ္စည်းများ၊ ရေပိုက်၊ ဓာတ်ငွေ့ပိုက်များကို လုံခြုံစွာပိတ်ပါ။ နေအိမ်တံခါးများ လုံခြုံစွာပိတ်ပါ။
  • အိမ်မွေးတိရစ္ဆာန်များကို ပိတ်လှောင်ချည်နှောင် မထားပါနှင့်။
  • မိမိဒေသသို့ မုန်တိုင်းမဖြစ်ပါကလည်း မိုးသည်းထန်ခြင်းကြောင့် ရေဘေးနှင့် မြေပြိုခြင်းဘေး ဖြစ်နိုင်သည်ကို ဂရုပြုပါ။

No comments:

Post a Comment

 
Web Statistics