Wednesday, May 26, 2010

ဘယ်သူပေါင်ကျိုးသလဲ မသိဘူး၊ ညောင်ဦးကမ်းပါး ပြိုသွားတယ်


မကြာသေးတဲ့ တလောလေးဆီက အဖြစ်အပျက်တစ်ခုပါ။ ကျွန်တော်တို့မြန်မာတွေ အတော်များများ နေမသိထိုင်မသာ ဖြစ်သွားရတဲ့ ကိစ္စတစ်ခုပေါ့ခင်ဗျ။ အိမ်ရှင်မအစ၊ ဆိုက္ကားသမားအလယ်၊ ဈေးသည်အဆုံး အမျိုးမျိုးသော လူတန်းစားတွေခမြာ ဟာတိဟာတာ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိ၊ ဘာကိုင်ရမှန်းမသိ ဖြစ်ခဲ့ကြရပါသတဲ့။ အိပ်မပျော်၊ စားမ၀င်ဖြစ်ခဲ့သူတွေတောင် ရှိဆိုပဲ။ သိထားသမျှ၊ တွေးမိသမျှကို ကျွန်တော်ကိုဉာဏ် ဖောက်သည်ချပါရစေဦး။

မိုးမရွာလို့ လွန်ဆွဲကြတဲ့အကြောင်း မဟုတ်ရပါဘူး။ တစ်နိုင်ငံလုံး အပူလွန်ကဲပြီး ဖျတ်ဖျတ်လူးခဲ့ရတာကလည်း သူတို့အတွက် စာမဖွဲ့လောက်ပါဘူး။ ရေချိုတွေရှားပါးပြီး အချို့နေရာတွေမှာ သောက်သုံးရေအခက်အခဲ ဖြစ်ခဲ့ရတာကလည်း သူတို့အပေါ် မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ တချို့ဆိုရင် သိတောင်မသိလိုက်ကြဘူး။ "မြန်မာပြည်မှာ သောက်ရေမရှိလို့ အဲဒီလိုဖြစ်တာမျိုး ရှိသလား" လို့ ပြန်မေးတဲ့လူတောင် ရှိသေးသဗျ။ သူ့အတွက် တစ်သက်လုံးမှာ တစ်ခါမှ မကြားဖူးတဲ့စကားကို ကြားလိုက်ရတဲ့အတွက် အံ့သြလို့တောင် နေလိုက်ပါသေး။ ဒါဖြင့်ရင် စံချိန်တင်တဲ့ မင်္ဂလာဈေး မီးလောင်တဲ့ကိစ္စလား။ မဟုတ်ရေးချ မဟုတ်ရပေါင်ဗျာ။ သြော်.. သိပြီ ပြည်သူ့အချစ်တော် ထက်ထက်မိုးဦးကို ဂျာနယ်တိုက်တစ်ခုက တရားစွဲမယ်ဆိုတဲ့ သတင်းမဟုတ်လား။ ဟာ... အဲဒါလည်း မဟုတ်ဘူးဗျ။ ကဲပါဗျာ... အတော်ကြီးကို စိတ်မရှည်ဖြစ်နေပြီ ထင်ပါရဲ့။ မသိတော့ဘူးဗျာလို့ ဒေါသတကြီးနဲ့ မအော်လိုက်ပါနဲ့နော်။ ပြောပြပါမယ်ခင်ဗျ။ အဖြစ်က ဒီလိုပါ။

အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ကိုရွှေယိုးဒယားခမြာ အိမ်တွင်းရေး အဆင်မပြေဘူးလေ။ အရောင်မျိုးစုံကြားမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ ပြဿနာပေါင်းစုံနဲ့ နပန်းလုံးခဲ့ရတယ်။ ကြားဖြတ်ပြီး ပြောပါရစေဦး။ သူတို့ဆီမှာ ရှပ်နီတွေ၊ ရှပ်ဝါတွေ ဆန္ဒပြတဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို အများစုသော စာဖတ်သူတွေအနေနဲ့ မြင်ဖူးပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလောက် အရေအတွက် မဟုတ်ရပါဘူးဗျာ။ ကျွန်တော်တို့ဆီမှာ လူလေး တစ်ဆယ့်ငါးယောက်လောက် ဟိုဆိုင်းဘုတ်ကိုင်၊ ဒီဆိုင်းဘုတ်ကိုင်ပြီး ဟိုဘက်လမ်းထိပ်ကနေ ဒီဘက်လမ်းထိပ်ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပြရင်ပဲ မြန်မာပြည်က ချက်ချင်းပဲ နတ်တို့ဖန်ဆင်းတဲ့ဥယျာဉ်အလား ဖြစ်တော့မလိုလို၊ လက်ရှိအစိုးရပဲ မနက်ဖြန်သဘက်ခါ တာ့တာပြရတော့မလိုလို ပြောတတ်၊ ရေးတတ်တဲ့လူတွေကို တွေးမိပြီး ကျွန်တော်ကိုဉာဏ် ပြုံးဖြစ်အောင် ပြုံးမိရသေးတယ်ဗျ။ ဤကား ဘယ်လိုမှ မနေနိုင်လို့ သတိရတာလေးကို ထည့်ပြောမိခြင်းပါ။ အပြစ်တော်မယူကြပါနဲ့။ လိုရင်းကို ဆက်ပါ့မယ်။ ပြောခဲ့သလို ကိုရွှေယိုးဒယားတွေခမြာ နေ၀င်မီးငြိမ်းတွေဘာတွေ ဖြစ်တဲ့အထိ အခြေအနေတွေ ဆိုးသွားခဲ့တယ်လေ။

ထိုင်းစစ်တပ်ကပစ်ခတ်တယ်၊ ဆန္ဒပြသူတချို့သေတယ်၊ သတင်းထောက်တွေလည်း သေတယ်လို့ဆိုတယ်။ ကိုရွှေမြန်မာတွေ စိတ်မ၀င်စားဘူး။ သိလည်းမသိဘူး။ ရှပ်နီတွေ အညံ့ခံလိုက်တယ်။ ရှပ်နီခေါင်းဆောင်တွေ အထိန်းသိမ်းခံရတယ်။ ဒါလည်း ကိုယ်နဲ့ဘာဆိုင်တာမှတ်လို့။ ရွှေမြန်မာတွေ အလုပ်မပျက်၊ အစားမပျက်ပါပဲ။ အဲ... သပိတ်လှန်တဲ့ ရှပ်နီတွေက အဆောက်အအုံတွေ၊ ကုန်တိုက်တွေကို မီးရှို့မှုလုပ်တဲ့အချိန်မှာတော့ အပေါ်ဆုံးမှာ ကျွန်တော်ပြောခဲ့တဲ့ ကိုရွှေမြန်မာတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရတော့တာပါပဲ။

အားလုံးသိကြတဲ့အတိုင်းပါပဲ၊ အဲဒီလို မီးရှို့ခံရတဲ့အထဲမှာ ထိုင်းစတော့အိတ်ချိန်း အဆောက်အအုံ ပါသွားတယ်လေ။ "ဟ... ထိုင်းစတော့ဈေးကွက်နဲ့ မြန်မာပြည်က လူတွေက ဘာဆိုင်လို့တုန်းကွ" လို့ မေးမယ့်လူတွေလည်း ရှိကြမှာပါပဲ။ သြော်... ဆိုင်ပါသကောလားဗျာ။ ကျွန်တော်တို့မြန်မာတွေကို လျှော့တွက်တာကိုး။ ထိုင်းစတော့ဈေးကွက်ကို မြန်မာတွေလောက် စိတ်ဝင်စားတဲ့လူ၊ လေ့လာထားတဲ့လူ ရှိနိုင်မယ်တောင် မထင်ပေါင်ဗျာ။ ယိုးဒယားက ငတိတွေတောင် သူတို့စတော့ဈေးကွက်ကို ကျွန်တော်တို့တွေလောက် စိတ်မ၀င်စားကြဘူးဗျ။ မြန်မာပြည်မှာနေပေမယ့် ဘန်ကောက်လိုနေရာက ထိုင်းစတော့ဈေးကွက်ကို မျက်ခြေမပြတ် ရှိနေကြတဲ့ လူမျိုးပါဗျ။ လျှော့မတွက်စမ်းပါနဲ့။

thaistock.jpg

တစ်ရက်တစ်ရက် ထိုင်းစတော့ဈေးကွက်မှာ စတော့ဈေးနှုန်း ဘယ်လိုအခြေအနေရှိမလဲဆိုတာကို မြန်မာတွေလောက် စိတ်ဝင်စားတဲ့လူ၊ အလေးထားတဲ့လူ ရှိနိုင်မယ်မထင်ပါဘူး။ ဘယ်လောက်အထိများ ထိုင်းစတော့ဈေးကွက်ကို အားကိုးကြသလဲဆိုရင် ဘ၀တွေကို အပေါင်ထားတဲ့အထိပေါ့။ အိမ်ရှင်မကလည်း ဈေးသွားရင်းနဲ့ ထိုင်းစတော့ဈေးကွက်အကြောင်း တွေ့တဲ့လူနဲ့ စကားစပ်တယ်။ ဆိုက္ကားနင်းတဲ့လူကလည်း ခရီးသည်နဲ့ ဆွေးနွေးပြောဆိုတယ်။ ဈေးသည်တွေကလည်း ဈေးဝယ်ကို မမျှော်နိုင်ဘူး။ စတော့ဈေးကွက် ဘယ်ဈေးပေါက်မလဲဆိုတာကိုပဲ သူများပြောသမျှ နားစွင့်နေရတယ်။ အံ့သြစရာကောင်းလိုက်ပုံများတော့ တောရောမြို့ပါမကျန် ထိုင်းစတော့ဈေးကွက်ကို ရင်ထဲမှာထည့်ထားကြတာကိုး။

ဟော... ထိုင်းစတော့အိတ်ချိန်းကြီး မီးလောင်လို့ စတော့ဈေးကွက်လည်း ရပ်တန့်သွားရော၊ မြန်မာတွေ ပျားတုပ်ကုန်ကြတာပဲ။ ၀ယ်ထားတဲ့ ရှယ်ယာလေးတွေအတွက် စိတ်ပူနေကြတယ်လို့ မထင်မှတ်လိုက်ပါနဲ့။ နေ့စဉ်မြင်မက်နေရတဲ့ ဂဏန်းအိပ်မက်လေးတွေ ပျက်ပြယ်သွားလို့ပါ။ ညက အိပ်မက်ပေးလို့ ဂဏန်းလေးရထားတာ သွားပါပြီ။ ဒီနေ့က ငါမွေးထားတဲ့ဂဏန်းအလှည့် ရောက်နေပြီ။ ဘိုးတော်ပေးထားတဲ့ဟာကို ဒီနေ့အပိုင်ကိုင်မလို့ လစ်ပါပြီကွာ။ မနက်ကလာတော့ တွေ့ခဲ့တဲ့ ဂဏန်းလေးတွေကို ရင်ခုန်မလို့ဟာ သွားပါပြီ။ စတဲ့စတဲ့ အသံမျိုးစုံ၊ စိတ်ကူးမျိုးစုံနဲ့ မြန်မာတွေခမြာ နေမသိထိုင်မသာ ဖြစ်ခဲ့ရကြောင်းပါ။

စတော့ဈေးကွက်တွေအကြောင်းကို ကျွန်တော်ကိုဉာဏ် အများကြီးမသိပါဘူး။ ရှင်းပြစမ်းပါဆိုလည်း သေသေချာချာ ရှင်းမပြတတ်ပါဘူး။ ဒါပေမယ့် စတော့ဈေးကွက် ကမောက်ကမဖြစ်ရင်တော့ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုရှိတယ် ဆိုတာလောက်တော့ အကြမ်းဖျင်းသိထားပါတယ်။ အခုတော့ လက်တွေ့ကို ကြုံလိုက်ရပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ စတော့ဈေးကွက် မရှိပါဘဲလျက်နဲ့ စတော့ဈေးကွက်တစ်ခုရဲ့ တွင်ကျယ်မှု၊ အကျိုးသက်ရောက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရလိုက်တဲ့အတွက် ထိုင်းက ဆန္ဒပြသူတွေကိုတောင် "ကျေးဇူးပါပဲ ရှပ်နီတွေရေ" လို့ အော်ပြောရဦးမလိုပါပဲ။ အစကတော့ မီးရှို့တဲ့ ရှပ်နီတွေကို ကျေးဇူးတင်ချင်ပါသေးတယ်။ သူတို့ကြောင့် စတော့ဈေးကွက် ရပ်သွားရတယ်။ အဲဒီအတွက် ဂဏန်းချစ်သူမြန်မာတွေလည်း ငြိမ်သွားတယ်ပေါ့။ အခုတော့ အဲဒီလို မတွေးမိတော့ပါဘူး။ ကျေးဇူးလည်း မတင်ချင်တော့ပါဘူး။

ကျွန်တော်မြင်မိသမျှ ပတ်ဝန်းကျင်ကလူတွေကို ကြည့်ပြီးတော့ ကျွန်တော့်ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။ စိတ်လည်းတိုရတယ်။ ဈေးဆိုင်မှာထိုင်ပြီး ဈေးရောင်းမယ့်လူကို မမျှော်ဘဲ ငိုင်ငေးနေသူတွေ၊ ဆိုက္ကားကို အရိပ်မှာထိုးပြီး ငိုက်မြည်းနေသူတွေ၊ အိမ်မှာရှိတဲ့ ကလေးတွေကိုပဲ အကြောင်းမရှိ အကြောင်းရှာ ဆူပူရိုက်နှက်ပြီး အလိုလိုစိတ်တိုနေတဲ့ အိမ်ရှင်မတွေ၊ စသဖြင့်ပေါ့လေ။ သူတို့တွေအတွက် ထိုင်းစတော့ဈေးကွက် ရပ်ဆိုင်းသွားတာဟာ အလုပ်လက်မဲ့ ဖြစ်သွားသလို ခံစားလိုက်ကြရတယ်။

ကျွန်တော့်ရင်ထဲမှာ မကောင်းလိုက်တာဗျာ။
ထိုင်းစတော့ဈေးကွက်ကိုပဲ အပြစ်တင်ရမှာလား။
တစ်နေ့တစ်နေ့ ကံတရားနဲ့မှ စိန်ခေါ်ပွဲမထိုးရရင် စားမ၀င်၊ အိပ်မပျော်တဲ့ မြန်မာတွေကိုပဲ ဒေါသထွက်ရမလား။
ဒါမှမဟုတ်... အခြားတစ်ခုခုကိုလား။
ဘယ်သူ့ကို အပြစ်တင်ရမလဲ၊ ဘယ်သူ့ကို လက်ညှိုးထိုးရမလဲ။ ဘယ်သူ့ကို ..........။

နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ချင်ပါတယ်။ မြင်ရင်မြင်တယ်မှတ်၊ ကြားရင်ကြားတယ်မှတ်၊ သိရင်သိတယ်မှတ်လို့ ကြားဖူးဖတ်ဖူးပါလျက်နဲ့ မြင်တာကိုတွေး၊ ကြားတာကိုတွေး၊ သိတာကိုတွေးပြီး မြင်ကြားသိတွေးသမျှကို ရေးမိနေတာကိုး။ ကိုယ့်ရင်ထဲကအပူမီးကို ကိုယ်ကိုယ်တိုင်ကသာ မွှေးတယ်ဆိုတာ သိနေပေမယ့်လည်း အဲဒီမီးနဲ့မှ နွေးချင်တဲ့သူ ဖြစ်နေတော့လည်း ကျွန်တော်ကိုဉာဏ် တွေးရဦးမည်၊ ရေးရဦးမည်ပေါ့ခင်ဗျာ။

မြန်မာတွေအားလုံး ဂဏန်းတွင်းများထဲမှ အမြန်ဆုံးလွတ်မြောက်အောင် ရုန်းထွက်နိုင်ကြပါစေဟု ဆန္ဒပြုရင်း....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၂၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics