အုပ်စု (ဆ)
Man of the Match - ဖေဘီယာနို (ဘရာဇီးလ်)
ရလဒ်ကိုကြည့်ပြီး အံ့သြမသွားလိုက်ပါနဲ့။ အဲဒီရလဒ်ဟာ ပေါ်တူဂီအတွက် တကယ့်ကိုပဲ ထိုက်တန်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ သွင်းဂိုးတွေနည်းလို့ ပြောစရာဖြစ်နေတာတွေကို ပေါ်တူဂီအသင်းက ချေဖျက်ပြလိုက်ပါပြီ။ ဘရာဇီးလ်လိုအသင်းကိုတောင် ပထမပိုင်းတစ်ခုလုံး ဂိုးမသွင်းနိုင်အောင်၊ ဂိုးရလဒ်ကျဉ်းမြောင်းစွာနဲ့ပဲ အရှုံးပေးရအောင်၊ ချေပဂိုးတစ်ဂိုးရအောင် သွင်းယူနိုင်ခဲ့တဲ့ မြောက်ကိုရီးယားလိုအသင်းက ပေါ်တူဂီကို ခုနစ်ဂိုးပြတ်နဲ့ ရှုံးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ရိုးမှရိုးရဲ့လားလို့ တွေးနေကြသူတွေကို ပြောချင်တာကတော့ ဖြစ်နိုင်ပါတယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်လို့။ မနေ့ညကပွဲမှာ ပေါ်တူဂီဟာ အနိုင်မရရင် လုံးဝကိုမဖြစ်တဲ့ အခြေအနေပါ။ မရဏအုပ်စုမှာ ကျရောက်နေတဲ့ သူတို့အတွက် အနိုင်သုံးမှတ်မှ မရရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာကမှ သက်သာပါလိမ့်ဦးမယ်။ သရေတစ်မှတ်သာရထားလို့ ရတက်ပွေနေတဲ့ ကွီရော့ဇ်အတွက် ဒီနိုင်ပွဲဟာ အသက်ရှူချောင်သွားစေမှာ အသေအချာပါပဲ။ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘောလုံးမှော်ကဝေတွေရဲ့ ဘရာဇီးလ်နဲ့ ရင်ဆိုင်ရမှာမို့ ဒီအနိုင်ရလဒ်နဲ့ ဂိုးအရေအတွက်ဟာ အများကြီး စကားပြောလာနိုင်ပါတယ်။ ဒီနေ့ပွဲမှာတော့ မြောက်ကိုရီးယားတို့အနေနဲ့ ပေါ်တူဂီကို ယှဉ်ကစားနိုင်တာဆိုလို့ စိတ်ဓာတ်တစ်ခုပဲ ရှိပါတယ်။ တကယ်တမ်းကစားပြီဆိုတော့ စိတ်ဓာတ်တစ်ခုတည်းဟာ မလုံလောက်ဘူးဆိုတာကို ပေါ်တူဂီက ကောင်းကောင်းကြီး သင်ခန်းစာပေးသွားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ ဖန်တီးပေးမှုတချို့ဟာ စွဲမက်စရာဖြစ်ခဲ့ပြီး သူကိုယ်တိုင် သွင်းယူသွားနိုင်တဲ့ဂိုးကလည်း ပြောစမှတ် တွင်ကျန်ရစ်ပါလိမ့်ဦးမယ်။ မြောက်ကိုရီးယားတို့အတွက်တော့ အဖိုးတန်သင်ခန်းစာကောင်း ရလိုက်တယ်လို့ ခံယူလိုက်မယ်ဆိုရင် ဒီနေ့ပွဲဟာ ကျေနပ်စရာကြီးပါ။
Man of the Match - စီရော်နယ်လ်ဒို (ပေါ်တူဂီ)
အုပ်စု (ဇ)
ပွဲကောင်းတစ်ခုလို့ ပြောနိုင်တဲ့ပွဲတစ်ပွဲပါ။ တကယ်လို့များသာ ဆွစ်ဇာလန်အသင်းက ကစားသမားတစ်ယောက် အထုတ်မခံခဲ့ရဘူးဆိုရင် ဒီနေ့ပွဲရလဒ်ဟာ ဘယ်လိုများဖြစ်လာနိုင်ပါလိမ့်လို့ တွေးကြည့်ရတာ ရင်ခုန်ဖို့ကောင်းပါတယ်။ သုံးမှတ်စီရထားတဲ့ အသင်းနှစ်သင်းဟာ နောက်တစ်ဆင့်ကို မျှော်လင့်ချင်တဲအ့တွက် ရေကုန်ရေခန်း ယှဉ်ပြိုင်သွားခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်နဲ့ အကြိတ်အနယ် ဖြစ်ခဲ့ရတာပါ။ ဆယ်ယောက်ကျန်ဆွစ်ဇာလန်ကလည်း ခေါင်းမငုံ့ဘဲ ခပ်မာမာ တုံ့ပြန်ကစားခဲ့တာကြောင့် ချီလီတို့ အခက်တွေ့ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဆွစ်ဇာလန်ကရတဲ့ အကောင်းဆုံးအခွင့်အရေးကို ချေပဂိုးအဖြစ် မဖန်တီးနိုင်ခဲ့တာကတော့ ဆွစ်ဇာလန်ရဲ့ ကံကြမ္မာပါပဲ။ ဒါပေမယ့်လည်း ဒီပွဲကို ချီလီနိုင်သွားလိုက်တာဟာ ဒီအုပ်စုကို လူစိတ်ဝင်စားစေဖို့ ဖြစ်သွားစေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်စုနောက်ဆုံး အဆုံးအဖြတ်ပွဲအဖြစ် ကစားရမှာက စပိန်နဲ့ ဖြစ်နေလို့ပါ။ စပိန်သာနိုင်ရင်ဆိုတဲ့ အတွေးနဲ့တင် ဒီအုပ်စုဟာ စိတ်ဝင်စားဖို့ အတော်ကောင်းနေပါပြီ။
Man of the Match - ဂွန်ဇာလက် (ချီလီ)
ဟက်ထရစ်ရမယ့်အခွင့်အရေးကို လွဲချော်ခဲ့တဲ့ ဒေးဗစ်ဗီလာရဲ့ ပင်နယ်တီဟာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိမလဲဆိုတာကို ဘောလုံးပွဲကြည့်နေရင်းနဲ့ ကျွန်တော်တွေးနေမိပါတယ်။ တကယ်လို့များ နောက်ဆုံးပွဲမှာ စပိန်အသင်းက ချီလီကို အနိုင်ရခဲ့မယ်ဆိုရင်၊ တစ်ချိန်တည်းမှာပဲ ဆွစ်ဇာလန်က ဟွန်ဒူးရပ်စ်ကို အနိုင်ရခဲ့မယ်ဆိုရင် ရမှတ်တွေ တူညီနေကြပါတော့မယ်။ အဲဒီအချိန်မှာ ဂိုးကွာခြားချက်က စကားပြောလာပါလိမ့်မယ်။ တကယ်လို့များ တစ်ဂိုးလောက်နဲ့ကပ်ပြီး စပိန်တို့ အိမ်ပြန်သွားရတယ်ဆိုရင်တော့ ဒေးဗစ်ဗီလာတစ်ယောက် သူလွဲချော်သွားတဲ့ ပင်နယ်တီအတွက် ငိုကြွေးလို့ဆုံးမယ်မထင်ဘူးလို့ တွေးနေမိတာပါ။ လီဗာပူးလ်ရဲ့ ဂိုးသွင်းစက်ကြီးကလည်း ဒီနေ့ပွဲမှာ လွဲချော်လိုက်ပုံက အံ့လောက်စရာပါပဲ။ တမင်များ လုပ်နေသလားလို့တောင် ထင်မှတ်မှားရပါတယ်။ ဒါပေမယ့်လို့ ဒီနေ့ပွဲမှာ စပိန်အသင်းရဲ့ ကစားပုံဟာ အထင်ကြီးစရာပါ။ ချန်ပီယံခြေစွမ်းမျိုးကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟန်နဲ့ ထိန်းကျောင်းကစားသွားတဲ့ စပိန်အလယ်တန်းဟာ ကြည့်ခဲ့သမျှ အသင်းတွေထဲမှာတော့ နံပါတ်တစ်ပါပဲ။ ဒါကလည်း ဟွန်ဒူးရပ်စ်လို အသင်းနဲ့ကြောင့်လား၊ ပင်ကိုယ်ဟန်လားဆိုတာကို နောက်ပွဲတွေကိုကြည့်ပြီး အကဲခတ်ရပါဦးမယ်။ ကွင်းလယ်ဒိုင်လူကြီးရဲ့ အကိုင်အတွယ် မပါးနပ်မှုကြောင့် မလိုအပ်ဘဲ ပွဲကြမ်းတစ်ခု ဖြစ်ခဲ့ရတာကတော့ အရုပ်ဆိုးလှပါတယ်။ ဘာပဲပြောပြော အိပ်ရပျက်ရကျိုးနပ်အောင် ကစားပြသွားခဲ့တဲ့အတွက် စပိန်အသင်းကို ကျေးဇူးတင်မိပါရဲ့။
Man of the Match - ဒေးဗစ်ဗီလာ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်၊ အင်္ဂါနေ့။
နံနက် ၈ နာရီ ၁၇ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်၊ အင်္ဂါနေ့။
နံနက် ၈ နာရီ ၁၇ မိနစ်တွင်ပြီး၏။
No comments:
Post a Comment