ပညာတတ်တိုင်း အီလစ်မဟုတ်
အီလစ်တိုင်းဟာ မြို့သားလူလည် ပညာတတ်တွေ ဖြစ်ကြပေမယ့် ပညာတတ်တိုင်းကတော့ အီလစ်မဟုတ်ပါဘူး။ ခေတ်ပြောင်းတိုင်း အရောင်လိုက်ပြောင်းပြီး အာဏာလက်ကိုင်ရှိသူ ဘယ်သူ့ကိုမဆို မျက်နှာလိုအားရနဲ့ ခြေထောက်လိုက်ဖက်ပြီး၊ မျက်နှာမွဲ အားနည်းသူတွေကျတော့ ပယ်ပယ်နယ်နယ် ခြေထောက်နဲ့ နင်းချေတတ်တဲ့ ကိုယ်ကျိုးရှာသမားမျိုးသာ အီလစ်လို့ခေါ်တာပါ။ အီလစ်တွေရဲ့ ပြောင်းလဲခြင်းမရှိတဲ့ စရိုက်ကတော့ ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူများမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်နေရမှ ကျေနပ်ခြင်းဖြစ်တယ်။ ရေပေါ်ဆီလူတန်းစားဆိုတဲ့ စကားဟာ အီလစ်တွေနဲ့ အင်မတန် လိုက်ဖက်တဲ့ မြန်မာစကားဖြစ်ပါတယ်။
အထက်လွှာကို အထင်ကြီး
အီလစ်တွေရဲ့ ဗီဇက မြို့နေပညာတတ် လူတန်းစားအလွှာဖြစ်လေတော့ အထက်လွှာက လူချမ်းသာတွေနဲ့ ရာထူးအာဏာ ကြီးမားသူတွေကို အထင်ကြီးအားကျတယ်။ သူတို့လိုဖြစ်အောင် မနေမနားကြိုးစားတယ်။ ဘယ်နည်းနဲ့ရောက်ရောက် အပေါ်ဆုံးလွှာ ရောက်ရင်ပြီးရောဆိုတဲ့ သဘောနဲ့ နည်းပေါင်းစုံ သုံးတယ်။ အကုသိုလ်ဖြစ်တာ၊ မသမာမှုဖြစ်တာ၊ ရှက်စရာကောင်းတာ၊ သိက္ခာမဲ့တာ စတဲ့ လူ့ကျင့်ဝတ်တွေကို ဂရုမစိုက်ဘူး။ "ကြောင်ဖြူတာ မည်းတာက အရေးမကြီးဘူး။ ကြွက်မိဖို့သာ လိုရင်းပဲ" ဆိုတဲ့ အဘိဓမ္မာကို "သိပ်သဘောတွေ့ မနောခွေ့" ကြသူတွေ ဖြစ်တယ်။
အောက်လွှာကို နှိမ့်ချ
အထက်လွှာကို အထင်ကြီး ကိုးကွယ်သလောက် သူ့အောက်အလွှာက လူတွေကိုတော့ သိပ်ပြီး အထင်သေးနှိမ့်ချတယ်။ ပညာမတတ် ဗဟုသုတမရှိဘဲနဲ့ နလပိန်းတုံးတွေ၊ အခိုင်းခံတွေလို့ သဘောထားတယ်။ သူတို့လို ပညာတတ်တွေက ကယ်တင်မှ လူလိုသူလို နေကြရမယ့် လူတွေဆိုတဲ့ အကြည့်နဲ့ အမြဲတမ်း အပေါ်စီးက ကြည့်လေ့ရှိတယ်။ ဒါအီလစ်တွေရဲ့ မွေးရာပါဗီဇစိတ်ပဲ။ ဘယ်တော့မှ မပြောင်းလဲဘူး။ ဒါကြောင့်လည်း အီလစ်တွေကို ဘယ်နိုင်ငံမှာမဆို အောက်လွှာက လူတွေက ခါးခါးသီးသီး မုန်းတီးကြတာ ဖြစ်တယ်။ သိပ်ပြီး အရှက်မဲ့ မျက်နှာပြောင်တိုက်လွန်းသူတွေဆိုရင် စက်ဆုပ်ရွံရှာတဲ့အထိတောင် ဖြစ်ကြတယ်။
ခိုင်းကောင်းလို့ ခိုင်းရုံပဲ
အီလစ်တွေက အထက်လွှာကို အထင်ကြီးကိုးကွယ်ပေမယ့် အထက်လွှာကတော့ သူတို့ကို ဘယ်တော့မှ အထင်မကြီးပါဘူး။ အရောတ၀င် လုပ်လေ့မရှိပါဘူး။ ခိုင်းကောင်းတဲ့အတွက် ခိုင်းစေအသုံးချဖို့လောက်ပဲ သဘောထားပါတယ်။ ဒါလည်း လူ့သဘာဝတစ်ခုပဲ ဖြစ်တယ်။ ကိုယ့်ကို အမြဲတမ်း "ခယ၀ယ" လုပ်ပြီး အောက်ကျို့မျက်နှာချို သွေးနေတဲ့လူမျိုးကို ဘယ်အထက်လွှာက လူမှ အထင်မကြီးပါဘူး။ ဒီလိုလူမျိုးထက်စာရင် ဘယ်တော့မှ ကိုယ့်လာပြီး မျက်နှာလိုအားရမလုပ်ဘဲ သူ့သိက္ခာနဲ့သူ၊ သူ့မာနနဲ့သူ၊ တည်တည်တံ့တံ့နေတဲ့ သူမျိုးကိုပိုပြီး အထင်ကြီးတတ်ပါတယ်။ ဒါလည်း လူ့သဘာဝတစ်ခုပါပဲ။
အတ္တ၀ါဒီပီပီ
အီလစ်မှန်သမျှက အထက်လွှာကို ကိုးကွယ်ပြီး အောက်လွှာကို နှိမ့်ချတဲ့ဗီဇချင်း တူကြပေမယ့် သူတို့အချင်းချင်း သွေးစည်နေကြတာတော့ မဟုတ်ပါဘူး။ ကိုယ်ကျိုးတစ်ခုတည်းပဲကြည့်တဲ့ အတ္တ၀ါဒီတွေပီပီ သူတို့အချင်းချင်းလည်း တစ်ယောကိုတစ်ယောက် အကျောခံကြတာ မဟုတ်ပါဘူး။ ကိုယ်က သူများမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်ချင်သလို သူများက ကိုယ့်လာပြီး ကတုံးပေါ်ထိပ်ကွက် လုပ်မှာကို အမြဲတမ်း စိုးရမ်နေကြတာကြောင့် အီလစ်အချင်းချင်းလည်း တစ်ယောက်ခြေလှမ်းတစ်ယောက် မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။
ချောက်ထဲတွန်းချဖို့ ၀န်မလေး
ကိုယ်နဲ့ခြေရည်တူလာပြီး ကိုယ့်နည်းတူ အထက်လွှာကို ၀င်ဆံ့ဖို့ ကြိုးစားနေပြီလို့ စိတ်ထဲမှာ သင်္ကာမကင်း နည်းနည်းလေး ဖြစ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအီလစ်ကို ချောက်ထဲအရောက် တွန်းချဖို့ မရှက်မကြောက်ကို လုပ်တော့တာပါပဲ။ အရှက်နဲ့သိက္ခာကို တန်ဖိုးထားရကောင်းမှန်းမသိဘဲ လူတစ်ဖက်သားကို ခယ၀ယလုပ်ပြီး မျက်နှာချိုသွေးလိုက်၊ ခြေထောက်ဖက်လိုက် လုပ်တတ်သူဟာ တခြားလူတစ်ယောက်ကို မျက်နှာပြောင်တိုက်ပြီး မရှက်မကြောက် ချောက်ချဖို့ ၀န်မလေးပါဘူး။ အဲဒါကြောင့် ရေပေါ်ဆီလူတန်းစား အီလစ်တွေကို ဘယ်နိုင်ငံမှာမဆို လူတိုင်းက စက်ဆုပ်ရွံရှာကြတာ ဖြစ်တယ်။
လူတွေအတွက် ပညာတတ်တွေ
အီလစ်တိုင်းက မြို့သားလူလည် ပညာတတ်တွေ ဖြစ်ကြပေမယ့် ပညာတတ်တိုင်းကတော့ အီလစ်မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ လူများစုကြီးဖြစ်တဲ့ အလတ်လွှာနဲ့ အောက်လွှာကလူတွေနဲ့ အတူနေပြီး လူတွေအတွက် အလုပ်လုပ်တဲ့ ပညာတတ်တွေ အများကြီးရှိပါတယ်။ အဲဒီလူတွေကတော့ ပညာတတ်တို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းရကောင်းမှန်း သိပါတယ်။
No comments:
Post a Comment