အုပ်စု (ဂ)
Man of the Match - ဒီဖိုး (အင်္ဂလန်)
အုပ်စုအဆင့်ပွဲစဉ်တွေမှာ အင်္ဂလန်နဲ့ အမေရိကန် နှစ်သင်းလုံးကို အကျပ်တွေ့အောင် လုပ်နိုင်ခဲ့တဲ့ အယ်လ်ဂျီးရီးယားကို အထင်ကြီးမိတာ အမှန်ပါ။ အင်္ဂလန်အသင်းကို ကံကောင်းလွန်းလို့ သရေကျခဲ့တာလို့ ပြောနေတဲ့လူတွေရဲ့ စကားတွေကို မဟုတ်မှန်ကြောင်း ဒီပွဲမှာ အယ်လ်ဂျီရီးယားက သက်သေပြခဲ့ပါတယ်။ အမေရိကန်အသင်းအနေနဲ့ အယ်လ်ဂျီးရီးယားကို ဂိုးမသွင်းယူနိုင်တဲ့အတွက် အုပ်စုအဆင့်ကနေ ထွက်ခွာရပြီလို့ ထင်မှတ်ခဲ့ကြရတာပါ။ ဒါပေမယ့်လည်း ကံတရားဟာ အမေရိကန်အသင်းဘက်မှာ ရှိနေခဲ့ပါတယ်။ အချိန်ပို တစ်မိနစ်မှာတော့ ဒိုနိုဗန်က အမေရိကန်တွေအားလုံး ပြုံးပျော်သွားစေနိုင်မယ့် အနိုင်ဂိုးကိုသွင်းယူပေးသွားခဲ့ပါတယ်။ အဲဒီဂိုးကြောင့်ပဲ အမေရိကန်ဟာ အုပ်စုပထမရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
Man of the Match - ဒိုနိုဗန် (အမေရိကန်)
အုပ်စု (ဃ)
ပထမပိုင်းတစ်ခုလုံး ဂိုးမသွင်းနိုင်တဲ့အတွက် ဂျာမနီတို့အတွက် အခြေအနေမှ ကောင်းပါ့မလားရယ်လို့ ပရိသတ်တွေက တွေးထင်ခဲ့ကြရပါတယ်။ တကယ်လို့များသာ ဟိုဘက်ပွဲစဉ်မှာ ဆားဘီးယားက အနိုင်ရခဲ့ရင် ဂျာမနီတို့ အုပ်စုကနေ လှည့်ပြန်ရတော့မယ်ပေါ့။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဂျာမနီတို့အတွက် မဖြစ်မနေလိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အနိုင်သုံးမှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲဒီဂိုးဟာ ဘယ်လောက်အထိ အဖိုးတန်ခဲ့သလဲဆိုရင် လှုပ်လီလှုပ်လဲ့ ဂျာမနီကို အုပ်စုပထမအဖြစ်ပါ ရရှိစေခဲ့ပါတယ်။ တစ်ဖက်ကပွဲမှာ ဆားဘီးယားဟာ မထင်မှတ်တဲ့ရလဒ်ကို ရင်ဝယ်ပိုက်သွားခဲ့ရတာကိုး။ ဘာပဲပြောပြော ဂျာမနီအသင်း ရှုံးထွက်အဆင့်ကို တက်လာတာဟာ အခြားအသင်းတွေအတွက်တော့ သဘောကျစေမယ့် အချက်တော့ ဟုတ်ဟန်မတူပါဘူး။ အထူးသဖြင့် အင်္ဂလန်အသင်းပေါ့။ ကမ္ဘာ့ဖလားပွဲ မစခင်ကတည်းက စကားရန်ပွဲတွေ ရှိခဲ့ကြတဲ့ အသင်းနှစ်သင်းဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှုံးထွက်အဆင့်မှာ ထိပ်တိုက်လာတွေ့နေတာဟာ စိတ်ဝင်စားစရာပါ။ ကျွန်တော်တို့က ဂျာမနီနဲ့ ထိပ်တိုက်တွေ့ပြီး အပြတ်ချပစ်ချင်ပါတယ်လို့ ပြောခဲ့တဲ့ ရွန်းနီအတွက် ဆန္ဒတွေ ပြည့်ဝမလားဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။ ဂျာမနီအသင်းကတော့ ကံဆိုးစွာဘဲ အုပ်စုပထမ ဖြစ်လာခဲ့ရတယ်လို့ကွာလို့ တွေးနေမလားဆိုတာကတော့ သူတို့ကိုယ်တိုင်မှပဲ သိနိုင်မှာပါပဲ။
Man of the Match - အိုဇေးလ် (ဂျာမနီ)
သြစတြေးလျအသင်းကို ထွက်ခတ်,ခတ်သွားတဲ့အသင်းလို့ ဆားဘီးယားတို့ အကြီးအကျယ် စိတ်နာနေတော့မှာ အမှန်ပါပဲ။ သြစတြေးလျအသင်းဟာ အုပ်စုအဆင့်ကနေ မကျော်လွှားနိုင်ခဲ့ပေမယ့် သူတို့ဟာ ခြေအဆင့်အတန်း မနိမ့်ဘူးဆိုတာကို နောက်ဆုံးအချိန်အထိ သက်သေပြသွားခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ဖို့အတွက် သူတို့တွေမှာ မျှော်လင့်ချက် မရှိသလောက်ဖြစ်ပေမယ့် သူ့ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေရအောင်တော့ ဆောင်ကြဉ်းပေးသွားနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း အုပ်စုဒုတိယ ဂါနာနဲ့ ရမှတ်တူပေမယ့်လည်း ဂိုးကွာခြားချက်အရသာ ပြိုင်ပွဲကနေ ထွက်လိုက်ရတာပါ။ သြစတြေးလျရဲ့ အားကစားစိတ်ဓာတ်ကို ချီးကျူးမိတာ အမှန်ပါ။ ဆားဘီးယားတို့အနေနဲ့ နှစ်ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့ရင်တောင် အုပ်စုဒုတိယနဲ့ တက်ခွင့်ရမှာဖြစ်ပေမယ့် အဲဒီအနေအထားကို မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း သြစတြေးလျနဲ့အတူ အိမ်ပြန်သွားခဲ့ရပါပြီ။
Man of the Match - ကာဟေးလ် (သြစတြေးလျ)
ဒီနေ့ပွဲစဉ် (၄)ပွဲစလုံးမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုတွေကို ဂိုးသွင်းယူနိုင်ခဲ့သူတွေကပဲ ရရှိခဲ့တာကလည်း ထူးခြားမှုတစ်ခုပါပဲ။ အနိုင်ရခဲ့တဲ့ အသင်းအားလုံးကလည်း ပြတ်ပြတ်သားသား ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်တွေနဲ့ပဲ အနိုင်ယူနိုင်ခဲ့တာကလည်း ပြောစရာဖြစ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေအတွက်တော့ ရင်ခုန်စရာအပြည့်နဲ့ ညတစ်ညဖြစ်ခဲ့တာ အမှန်ပါပဲ။ ကျန်ရှိနေတဲ့ အခြားအုပ်စုတွေကလည်း ဘယ်လိုရလဒ်တွေနဲ့ ဘယ်လိုရသတွေ ပေးဦးမလဲဆိုတာကို ရင်ခုန်စောင့်စား အားပေးကြပါဦးစို့လားဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၉ နာရီ ၄၂ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၉ နာရီ ၄၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment