Thursday, June 24, 2010

ဆက်ဆံရေးတာဝန်များ (ယဉ်ကျေးမှု) (အထွေထွေယဉ်ကျေးခြင်း)


  1. လူကြီးလူကောင်းများနှင့်လည်းကောင်း၊ လူစိမ်းများနှင့်လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍ မပြောပါနှင့်၊ ထိုလူကို ကြည့်၍ ပြောရာ၏။
  2. စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်း မဖြစ်နှင့်၊ ရဲတင်းလွန်းသော အမူအရာဖြင့် မဖွယ်မရာလည်း မပြုနှင့်။ (သူတစ်ပါးသည် သင့်အား အပြစ်ရှာနေသည်ဟု မထင်လေနှင့်)။
  3. သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍ မပြောရ၊ ထိုသူ၏ စကားဆုံးအောင် စောင့်ဆိုင်းရာ၏။ အကယ်၍ စိတ်မပါသည့်တိုင်အောင် စိတ်မပါသည့် အမူအရာကို မပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။
  4. ဖြည့်စွက်၍ ပြောရန်ရှိသော်လည်း ထိုသူစကားဆုံးပြီးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာ ဖြည့်စွက်ရမည်။ (မိမိ တတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့်သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။
  5. သူတစ်ပါး၏ အပြစ်ကိုမပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်းချီးမွမ်းရန် မရှိလျှင် မပြောဘဲနေရာ၏။
  6. ဒေါသထွက်နေသူတစ်ဦးနှင့် အတုံ့အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏။ တစ်ယူသန်သူနှင့်လည်း ယှဉ်ပြီးပြောဆိုခြင်း မပြုအပ်။ ထိုသူနှင့် မလွှဲမရှောင်သာ၍ ပြောရလျှင် ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။
  7. မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သော စကား၊ အကျိုးမရှိသောစကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။
  8. လူကြီးလူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းကို ရှောင်ကြဉ်ရာ၏။ စိတ်ဆိုးသောအခါမှာပင် မသုံးမိရန် သတိထားရာ၏။ (လျှာကို ထိန်းနိုင်လျှင် ကိုယ်ကို ထိန်းနိုင်လာလိမ့်မည်)။
  9. မကောင်းသောစကားကို မပြောမိစေရန်၊ မကောင်းသော အလုပ်ကို မလုပ်မိစေရန် သတိကြီးစွာ ထားရာ၏။ သူတစ်ပါးပြောဆို လုပ်ကိုင်နေပါလျှင် ရှောင်၍သွားရာ၏။ တစ်စုံတစ်ရာ အားပေးခြင်းမပြုဘဲ ဆိတ်ဆိတ်နေရာ၏။ ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။ (ဤကား ၀တ္တရားဖြစ်ကြောင်း မမေ့အပ်)။
  10. မိမိနှင့် မသက်ဆိုင်သောနေရာ အရာဝတ္ထုပစ္စည်း အလုပ်အကိုင်များတွင် မပါမ၀င် ရှောင်ကြဉ်ရာ၏။
  11. မိမိနှင့်ဆိုင်သော ကိစ္စဖြစ်စေကာမူ မိမိအား သိစေသော အခါမှသာလျှင် သိရာ၏၊ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့်၊ အခွင့်ကိုစောင့်၍ မေးသင့်မှ မေးရာ၏။
  12. အခြားသူများ၏ စာရွက်စာတမ်းများအား စောင်းငဲ့၍ပင် မကြည့်ရာ။ (စည်းကမ်းစနစ်ကြီးသူ ဖြစ်ပါစေ)။
  13. မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းမညူပါနှင့်၊ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမ၀င်ချေ၊ အများ၏ အနှောင့်အယှက် ဖြစ်စေရုံမျှမက ကြားသူတို့စိတ်တွင် မနှစ်မြို့မှုကို ဖြစ်စေသည်။
  14. မည်သည့်အခါမဆို မျက်နှာကို ကောင်းစွာထားရာ၏၊ မကောင်းသောဘေးဒုက္ခ တွေ့သည့်အခါမှာပင် စိတ်မညစ်ဘဲ၊ မှတ်သားရန် သင်ခန်းစာရပေသည်ဟု အကောင်းဘက်က ယူရာ၏။
  15. ပြုံးရွှင်သောမျက်နှာကို ထားနိုင်သမျှ ထားပါ။
  16. စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသော အမူအရာဖြစ်၍ မိတ်ဆွေပေါများကြောင်း ဖြစ်၏။
  17. ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍ သုံးပြီးလျှင် စိတ်ချမ်းသာစွာ မျက်နှာထား ချိုသာရွှင်ပြုံးနိုင်ပါစေ။
  18. "နှုတ်ချို သျှိုတစ်ပါး"၊ "နှုတ်ကောင်းလျှင် ပြည်စိုး"၊ "နှုတ်ကြောင့်သေ လက်ကြောင့်ကြေ" ဆိုသောစကားပုံများကို သတိပြုပါ။
  19. "စကားကျွံသော် နုတ်မရ" ဟူသော စကားပုံတို့သည် နှုတ်မှုယဉ်ကျေးခြင်းဆိုင်ရာ စကားပုံများ ဖြစ်ပေသည်။
  20. သူတစ်ပါး၏ ပျော်ရွှင်မှုကို မနှောင့်ယှက်ပါနှင့်၊ လူတိုင်းအပေါ် ဖြောင့်မတ်သော စိတ်စေတနာကောင်း ထားပါ။
  21. မိမိမှာ တာဝန်ပေးခံရ၍ သြဇာအာဏာရှိလာလျှင် ငယ်သားကို မညှဉ်းပါနှင့်၊ မကြိမ်းမောင်းပါနှင့်၊ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်ပါစေ။

No comments:

Post a Comment

 
Web Statistics