"ဟိုမဂ္ဂဇင်းက ဆရာ့ကို နှစ်လ ဆက်တိုက်ဝေဖန်တိုက်ခိုက်ထားတာ ဘာမှ ပြန်မပြောဘူးလားဆရာ၊ မဆီမဆိုင် အသားလွတ်ကြီးကို ဆော်ထားတာ"
လူငယ်စာပေသမားတစ်ယောက်က လာမေးတာပါ။ သူ့အရင်ကလည်း လူငယ်လေးတွေ လာပြောကြပါတယ်။ ကိုယ့်ဘက်ကနေပြီး မခံမရပ်နိုင် ဖြစ်နေကြပုံရပါတယ်။ လူငယ်တွေဆိုတော့လည်း ကြက်ခေါင်းဆိတ်မခံ ဖြစ်ကြတာ သဘာဝပဲလေ။
လွတ်လပ်စွာဖော်ထုတ်ခွင့်
စာပေသမားဆိုတာ ကိုယ့်အမြင်၊ ကိုယ့်သဘောထားကို လွတ်လပ်စွာ ရေးချင်သလို တစ်ပါးသူရဲ့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကိုလည်း အသိအမှတ်ပြုရမှာဖြစ်လို့ စိတ်မဆိုးသင့်တဲ့အကြောင်း လူငယ်လေးတွေကို ရှင်းပြလိုက်ပါတယ်။ အဲဒီမဂ္ဂဇင်းမှာ ရေးထားတာက လူထုစိန်ဝင်းနာမည်နဲ့ ဂျာနယ်တွေမှာ ဖော်ပြခဲ့ပြီးသား နိုင်ငံရေးဆောင်းပါးတွေကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေရာမှာ သဘောမတူတဲ့ အယူအဆတွေကို ရွေးထုတ်ဝေဖန် ရေးသားထားတာ ဖြစ်တယ်။ စာရေးဆရာတစ်ယောက် ရေးတဲ့စာကို စာဖတ်ပရိသတ်ကဖြစ်စေ၊ ဝေဖန်ရေးသမားကဖြစ်စေ၊ ကြိုက်သလို ဝေဖန်ရေးသားခွင့်ရှိပါတယ်။ စာရေးဆရာက စာဖတ်ပရိသတ်သိအောင် ထုတ်ဖော်ရေးသားသလို ဝေဖန်သူကလည်း လူသိရှင်ကြား ပြောကြားခွင့်၊ ရေးသားခွင့် ရှိပါတယ်။
စကားနောက်တရားပါ
အဲဒီအကြောင်းလူငယ်တွေကို ရှင်းပြရင်းနဲ့ တိုက်တယ်တို့၊ ဆော်တယ်ဆိုတဲ့ စကားမျိုးတွေကိုလည်း နှုတ်ထွက်မလွယ်ကြဖို့ သတိပေးလိုက်ရပါတယ်။ "စကားနောက် တရားပါ" ဖြစ်တတ်လွန်းလို့ပါ။ သူတို့ပြောတဲ့ ဝေဖန်စာမှာ ပုဂ္ဂိုလ်ရေးတိုက်တာ၊ ဆော်တာမျိုးတွေလည်း မတွေ့ပါဘူး။ ဝေဖန်စာရေးသူနဲ့ တစ်ခါမှလည်း လူချင်းမဆုံတွေ့ဖူးသလို၊ စာချင်းကလည်း လိုင်းချင်းမတူတာကြောင့် တိုက်စရာ၊ ဆော်စရာအကြောင်းကိစ္စ ဘာတစ်ခုမှ မရှိခဲ့ဖူးပါဘူး။ တကယ်လို့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ပါခဲ့ရင်တောင်မှ တော်ရုံသင့်ရုံဆို သည်းခံနိုင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ စာရေးဆရာတို့၊ နိုင်ငံရေးသမားတို့၊ ရုပ်ရှင်မင်းသားမင်းသမီး၊ အဆိုတော်တို့လို အများပြည်သူလူထုနဲ့ ဆက်စပ်ပတ်သက်နေရသူများအဖို့ အများနဲ့ဆိုင်တဲ့ ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုပြီး မျဉ်းသားခွဲခြားထားဖို့ အင်မတန်ခက်လို့ ဖြစ်ပါတယ်။
ကလောင်မကျိုးစေချင်
"ဆရာပြန်မရေးချင်တောင် နောက်ဒါမျိုးတွေ မလုပ်အောင်တော့ တားခိုင်းဖို့ကောင်းပါတယ်"
စိတ်ဆတ်တဲ့ လူငယ်တစ်ယောက်က အလျော့ပေးချင်ပုံ မရပါဘူး။ ဒေါနဲ့မောနဲ့ ပြောနေတုန်းပါပဲ။
"မကောင်းပါဘူးကွယ် ကိုယ့်ကလောင်ကို အချိုးမခံချင်သလို သူတစ်ပါးကလောင်လည်း ကျိုးမသွားစေချင်ပါဘူး။ ဒီလိုဝေဖန်ရေးသားမယ့် သူတွေရှိမှ သတိထားဆင်ခြင်နိုင်ကြမှာပေါ့"
ဒီစကားနဲ့ဆက်ပြီး ကလောင်ရဲ့တန်ဖိုး၊ မီဒီယာရဲ့တန်ဖိုးကို လူငယ်တွေသိရအောင် ကိုယ်တွေ့အဖြစ်အပျက် ကလေးတွေကို ပြောပြဖြစ်ပါတယ်။
ထောင်ထဲရောက်အဆိုတော်
အင်းစိန်ထောင်ထဲ နေစဉ်တုန်းက ထောင်ထဲကို ထင်ရှားကျော်ကြားသူ (celebrity)နှစ်ဦး ဘိန်းဖြူမှုနဲ့ ထောင်ကျပါတယ်။ တစ်ဦးက အဲဒီခေတ်က လူငယ်တွေကြားမှာ ရေပန်းစားလှတဲ့ အဆိုတော်ဖြစ်ပြီး နောက်တစ်ဦးကတော့ သီချင်းလည်းဆို ရုပ်ရှင်မင်းသားလည်း လုပ်သူဖြစ်ပါတယ်။ လူချင်းတော့ မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် သတင်းစာတွေမှာ သူတို့အကြောင်းတွေပါလာလို့ သိခဲ့ရတာပါ။ အဲဒီအချိန်က ဘိန်းဖြူတွေ ခေတ်ထစဖြစ်တဲ့အတွက် လူငယ်လူရွယ်တွေကြားမှာ လက်တည့်စမ်းမှုတွေ အများကြီး ဖြစ်နေပါတယ်။ လူငယ်လူရွယ်တွေ စုဝေးအလုပ်လုပ်ကြတဲ့ ရုပ်ရှင်ဂီတစတဲ့ အနုပညာလောကမှာလည်း ခေတ်မီသူတိုင်း သုံးတယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေခဲ့ပါတယ်။
သတင်းပါလို့ ကိုယ်ရှိန်သတ်
အဲဒီနာမည်ကျော်နှစ်ယောက်ကို ဖမ်းဆီးထောင်ချတဲ့သတင်း ပျံ့နှံ့သွားတော့ အနုပညာလောကထဲက ဘိန်းဖြူသုံးသူတွေ တော်တော်လေးကို ကိုယ်ရှိန်သတ်သွားကြပါတယ်။ အခု ဒီဘက်တလောမှာလည်း အနုပညာလောကသားတွေထဲမှာ ဆေးထိုးတာတွေ၊ ဆေးပြားသုံးတာတွေ တော်တော်ရှိတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ငယ်ငယ်ရွယ်ရွယ် အနုပညာသမားလေးတချို့ ဆေးလွန်ပြီး သေဆုံးသွားကြတယ်ဆိုတာလည်း လူတကာသိနေကြတယ်။ ဒါပေမယ့် မီဒီယာတွေမှာ ဒီသတင်းမျိုးတွေမပါတော့ ကိုယ်ရှိန်သတ်ပြီး ဆင်ခြင်တာတွေ၊ ဘာတွေ သိပ်မတွေ့ရဘူး။ မီဒီယာတွေကသာ တိတိလင်းလင်း မှန်တဲ့အတိုင်း ရေးကြမယ်ဆိုရင် ဆေးဝါးသုံးသူတွေ ဆင်ခြင်သွားနိုင်သလို အထက်အဆင့် အသီးသီးကသိပြီး ဖိဖိစီးစီး တားဆီးပိတ်ပင်တာတွေ လုပ်နိုင်ပါတယ်။
အမြစ်တွယ်နေတဲ့စရိုက်
မြန်မာပြည်မှာက တစ်ပါတီစနစ်အောက်မှာ ခေါက်ရိုးကျိုးပြီး ပိပြားနေခဲ့ရတာကြောင့် အထက်ကခိုင်းမှ လုပ်တယ်။ မခိုင်းရင်မလုပ်ဘူး ဆိုတဲ့အကျင့်နဲ့ ဘာမဆို အထက်ကမသိအောင် ဖုံးဖိလိမ်ညာပြီး "အားလုံးကောင်းပါသည်ခင်ဗျာ" လုပ်တတ်တဲ့ စရိုက်က အမြစ်တွယ်နေပြီဖြစ်တော့ တစ်ပါတီစနစ် ချုပ်ငြိမ်းသွားပေမယ့် အဲဒီမကောင်းတဲ့ အကျင့်စရိုက်တွေက အားကောင်းနေဆဲ ဖြစ်တယ်။ မီဒီယာတွေက မရေးကြခြင်းရဲ့ ဆိုးကျိုးတွေကတော့ အနုပညာလောက မူးယစ်ဆေးသုံးစွဲမှု ကျယ်ပြန့်နေဆဲဖြစ်တာနဲ့ အဲဒီကဆက်နွယ်ပြီး လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုတွေ တစ်နွယ်ငင်တစ်စင်ပါ များပြားလာခြင်းဖြစ်တယ်။
ထင်ရာစိုင်းချင်တိုင်းစိုင်း
ကြာတော့ကြာလှပါပြီ။ အဖြစ်ကလေးတစ်ခု နမူနာပြချင်တယ်။ အဲဒီခေတ်က နာမည်ကြီးအဆိုတော် တစ်ယောက်ကို မူးယစ်ဆေးတွေနဲ့ လက်ပူးလက်ကြပ်မိခဲ့တယ်။ နိုင်ငံပိုင်သတင်းစာတွေထဲမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြပါရှိခဲ့တယ်။ ဒါပေမယ့် အဲဒီအဆိုတော်ကတော့ သီချင်းတွေဆိုမြဲ၊ စင်ပေါ်တက်မြဲပါပဲ။ ဒါမျိုးတွေဖြစ်နေတော့ ထင်ပေါ်ကျော်ကြားသူတွေ အသိုင်းအ၀ိုင်းမှာ တရားဥပဒေဆိုတာကို လုံးလုံးဂရုမစိုက်တော့ဘူး။ ထင်ရာကို စိုင်းချင်တိုင်း စိုင်းနေကြပါတော့တယ်။ ငါတို့ ပေါက်ရောက်တယ်။ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ စိတ်ဓာတ်တွေဟာ ဆယ်ကျော်သက်ရွယ်ကလေးတွေ စိတ်ထဲအထိ ရောက်နေတာ တွေ့နေရပါတယ်။
ပြည့်နားပြည့်မျက်စိ
သတင်းမီဒီယာဆိုတာ အဖြစ်မှန်တွေ၊ သတင်းမှန်တွေကို တိတိကျကျ ဖော်ပြပေးဖို့ တာဝန်ရှိပါတယ်။ အခြေအနေမှန်တွေကို သိရမှ ပေါ်လစီရေးဆွဲသူတွေက မှန်မှန်ကန်ကန် ရေးဆွဲနိုင်မယ်။ ကုန်သည်ပွဲစား စီးပွားရေးသမားတွေက ဈေးကွက်ကို မှန်မှန်ကန်ကန် ခန့်မှန်းတွက်ချက်နိုင်မယ်။ ဒါကြောင့်လည်း သတင်းစာဆိုတာ "ပြည့်နား၊ ပြည့်မျက်စိ"လို့ ပြောခဲ့ကြတာဖြစ်တယ်။ ဘယ်နိုင်ငံမှာမဆို သတင်းမီဒီယာလုပ်ငန်းကို အထူးအလေးထား ဦးစားပေးနေရာမှာ ထားကြတယ်။ အစိုးရအဖွဲ့ရုံး၊ ပါလီမန်လွှတ်တော်၊ တရားရုံးချုပ်လို နေရာမျိုးတွေမှာ သတင်းထောက်များအတွက် သီးသန့်နားနေခန်းများ ထားပေးလေ့ရှိကြတယ်။ မြန်မာနိုင်ငံမှာလည်း ပါလီမန်နိုင်ငံရေးခေတ်က အဲဒီလို အခွင့်အရေးတွေ ရှိပါတယ်။ စာပို့ခ၊ ပါဆယ်ခ၊ တယ်လီဖုန်းခတွေလည်း အထူးနှုန်းနဲ့ လျှော့ပေါ့ပေးပါတယ်။ တော်လှန်ရေးကောင်စီ တက်စကဆိုရင် ကောင်စီဝင်လူကြီးများရဲ့ ရုံးဖုန်းသာမက အိမ်ဖုန်းကိုပါ အယ်ဒီတာချုပ်များအတွက် သီးသန့်ဆိုပြီး ပေးထားပါတယ်။
တာဝန်ရှိသူ တာဝန်သိ
အယ်ဒီတာချုပ်ကြီးများကလည်း တာဝန်ရှိသူများပီပီ တာဝန်သိကြပါတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး လူကြီးတွေဆီ ဖုန်းဆက်မနေပါဘူး။ တကယ်လိုအပ်မှ ဆက်ပါတယ်။ တစ်ခါမှ ဖုန်းမဆက်တဲ့ အယ်ဒီတာချုပ်တွေ အများကြီးပါ။ သတင်းသမားတိုင်းလိုလိုဟာ မိမိကိုယ်မိမိ စတုတ္ထမဏ္ဍိုင် တာဝန်ထမ်းဆောင်နေသူများအဖြစ် ခံယူထားကြတာကြောင့် စာဖတ်ပရိသတ် ပြည်သူလူထုအပေါ် တာဝန်ကျေပွန်ဖို့ အမြဲတမ်း ဦးထိပ်ထားကြပါတယ်။ သတင်းထောက်တိုင်း ကိုယ့်ခွင် (Beat)ကို ပိုင်နိုင်နှံ့စပ်ဖို့ အမြဲကြိုးစားနေကြရပါတယ်။ နိုင်ငံရေးသတင်းထောက်က သူ့ရဲ့ နိုင်ငံရေးစိတ်ဝင်စားသူ ပရိသတ်အတွက် နိုင်ငံရေးပါတီတွေသွား၊ နိုင်ငံရေးသမားတွေတွေ့ပြီး နိုင်ငံရေးသတင်းတွေ မေးမြန်းစူးစမ်းရပါတယ်။ စီးပွားရေးသတင်းထောက်ကလည်း ကုန်စည်ဒိုင်တွေနဲ့ စီးပွားရေးနယ်ပယ်အနှံ့ လှည့်လည်သွားလာပြီး ဆန်ဈေး၊ ပဲဈေးကအစ ဒေါ်လာဈေး၊ ဘတ်ဈေး၊ ယွမ်ဈေးအထိ စုံစမ်းမေးမြန်းပြီး စီးပွားရေး စာဖတ်ပရိသတ်တွေအတွက် ရေးသားပေးရပါတယ်။
အင်တာဗျူးစည်းကမ်း
အလားတူပါပဲ၊ ပေါ့ပ်သတင်းထောက်ကလည်း သူ့ရဲ့ ပေါ့ပ်ပရိသတ်အတွက် ရုပ်ရှင်ဂီတစတဲ့ ဖျော်ဖြေရေးလောကထဲ လှည့်လည်သွားလာပြီး သတင်းတွေ မေးမြန်းစပ်စုရပါတယ်။ ပေါ့ပ်သတင်းထောက်က ဖျော်ဖြေရေးနယ်ပယ်က လူတွေကိုသွားပြီး ပဲဈေး၊ နှမ်းဈေး၊ ကြက်သွန်ဈေး သွားမေးလို့ ဘယ်ဖြစ်မှာလဲ။ သူ့ပရိသတ်က ပေါ့ပ်ပရိသတ်လေ။ ပေါ့ပ်သတင်းကိုသာ ဖတ်ချင်မှာပေါ့။ ဒီတော့ သူကလည်း ပေါ့ပ်သတင်းတွေပဲမေးပြီး ရေးရမှာဖြစ်တယ်။ ဒါသူ့အလုပ် သူ့ဝတ္တရားဖြစ်တယ်။ အဲဒီလိုမေးတဲ့အခါမှာ မေးပုံမေးနည်း နှစ်မျိုးနှစ်စား ရှိပါတယ်။ ဘယ်လိုအကြောင်းအရာကိုပဲ မေးရမယ်၊ ဘယ်လိုအကြောင်းအရာကို မမေးရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ မေး၊ဖြေလုပ်တာမျိုးနဲ့ ဘယ်လိုကန့်သတ်ချက်မှမထားဘဲ မေးဖြေလုပ်ကြတာမျိုး ဖြစ်ပါတယ်။ ဒါတင်မက အမေးခံရသူက ဒါတော့ အလွတ်သဘောပြောတာပါ။ ထည့်မရေးနဲ့လို့ တောင်းဆိုပိုင်ခွင့် ရှိပါတယ်။
မပါတာ ထည့်မရေးနဲ့
အဲဒီလို တောင်းဆိုလာရင် သတင်းထောက်က လိုက်နာစောင့်ထိန်းရပါတယ်။ လုံးဝထည့်မရေးရပါဘူး။ ဖြေတဲ့အထဲမှာ မပါတာတွေကိုလည်း လုံးဝထည့်မရေးရပါဘူး။ ဖြေသမျှ တစ်လုံးမကျန် ရေးပေးရမယ်လို့လည်း ထုံးစံမရှိပါဘူး။ ကိုယ်ပေးနိုင်တဲ့ စာမျက်နှာ အနေအထားအရ လိုအပ်သလို တည်းတာ၊ ဖြတ်တာလုပ်ပြီး ရေးရမှာပါပဲ။ ဒါတင်မက ဖြေတဲ့သူရဲ့ စကားထဲက ဖော်ပြဖို့ မသင့်တော်တာတွေကိုလည်း တည်းရ၊ ဖြတ်ရ၊ ဖြုတ်ရမှာပါပဲ။ သူ,မပြောခဲ့တာကို အပြောလုပ်ပြီး ထည့်ရေးတာ ဖြည့်စွက်တာ သူ့စကားကို ပြင်တာမျိုး လုံးဝမလုပ်ရပေမယ့် တည်းတာဖြတ်တာ၊ ဖြုတ်တာကတော့ စိတ်ကြိုက်လုပ်နိုင်ပါတယ်။ သတင်းထောက်က မတည်းမဖြတ်တောင် အယ်ဒီတာက တည်းဖြတ် ဖြုတ်ထုတ်လုပ်မှာ အသေအချာပါ။
မေးနည်းမျိုးစုံ
ရေးတဲ့နေရာမှာ ဆင်ခြင်ရပေမယ့် မေးတဲ့နေရာမှာတော့ မျိုးစုံအောင် မေးရမှာပါပဲ။ လှည့်ပတ်မေးနည်း၊ အစ်အောက်မေးနည်း၊ ဆွမေးနည်း၊ မြှောက်ပင့်မေးနည်း၊ ချောင်ပိတ်မေးနည်း စတဲ့ နည်းမျိုးစုံသုံးပြီး မေးကြရမြဲ ဖြစ်ပါတယ်။ ဆိုဗီယက်ဝန်ကြီးချုပ် ခရုရှော့ရဲ့ ပထမဆုံး အနောက်မီဒီယာနဲ့ အင်တာဗျူးမှာ တိုင်းမဂ္ဂဇင်းအယ်ဒီတာနဲ့ သတင်းထောက်နှစ်ယောက်က လေးနာရီလောက်ကြာအောင် မေးခွန်းတွေ မေးခဲ့ကြရပါတယ်။ မဂ္ဂဇင်းထဲမှာရေးတော့ နှစ်မျက်နှာပဲ ရှိပါတယ်။ အဲဒါလောက် ရေးစရာရအောင် ခရုရှော့ကို အထက်ကပြောခဲ့တဲ့ နည်းမျိုးစုံသုံးပြီး မနည်းကြီး ညှစ်ထုတ်ယူခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် သတင်းထောက်တစ်ယောက် မမေးရတဲ့မေးခွန်း၊ မမေးအပ်တဲ့ မေးခွန်းဆိုတာ မရှိဘူး။ မရေးအပ်တဲ့အကြောင်း၊ မရေးသင့်တဲ့ အကြောင်းဆိုတာပဲ ရှိတယ်လို့ ကောက်ချက်ချလိုက်ချင်ပါတယ်။ နောက်တစ်ပတ် ဒီအကြောင်း ဆက်ရေးပါဦးမယ်။
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၈ နာရီ ၁၆ မိနစ်။
No comments:
Post a Comment