Wednesday, June 02, 2010

နိုင်ငံတကာသတင်း တိုတိုထွာထွာ


(၁)
ကန့်ကွက်မှုတွေများစွာ၊ တင်းမာမှုတွေများစွာနဲ့ လုံးပန်းခဲ့ရတဲ့ ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းက အမေရိကန်လေတပ် အခြေစိုက်စခန်းကို ၂၀၀၆ ခုနှစ်က သဘောတူညီထားတဲ့အတိုင်း လူစည်ကားရာမြို့လယ်မှ ကျွန်းတောင်ပိုင်း ဟီနိုကိုကမ်းရိုးတန်းကို ရွှေ့ပြောင်းမည်ဟု သိရသည်။

okinawaprotesters.jpg

(၂)
အစ္စရေးကပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ဒေသဆီကို ဦးတည်ခုတ်မောင်းခဲ့တဲ့ ပါလက်စတိုင်းအရေး ထောက်ခံသူတွေရဲ့ သင်္ဘော(၆)စီးထဲက တူရကီပိုင် သင်္ဘောတစ်စီးကို အစ္စရေးကွန်မန်ဒိုတွေက တိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောပေါ်ပါလာသူ လူ(၁၀)ဦး သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်သားအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူအများစုဟာ တူရကီနိုင်ငံသားတွေ ဖြစ်တဲ့အတွက် တူရကီအစိုးရကလည်း အစ္စရေးရဲ့လုပ်ရပ်ကို ရာဇ၀တ်မှုတစ်ခုအဖြစ် ပြစ်တင်ပြောဆိုပြီး နိုင်ငံတကာက ဖိအားပေးအရေးယူကြဖို့ ဆော်သြနေပါတယ်။ အဲဒီသင်္ဘောတွေပေါ်မှာ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်း တန် (၁၀၀၀၀)လောက် တင်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။ ခေါင်းဆောင်အသီးသီးက သွေးစွန်းခဲ့ရတဲ့ အခုပဋိပက္ခကို ၀ိုင်းဝန်းရှုတ်ချနေကြပေမယ့် အမေရိကန်သမ္မတ အိုဘားမားကတော့ အစ္စရေးရဲ့လုပ်ရပ်ကို နားလည်နိုင်တယ်လို့ ဆိုနေတာကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
aidshipattackedbyisrale.jpg

(၃)
ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရှပ်နီအရေးအခင်းရဲ့ နောက်ကွယ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ် ရှိနေပြီး ရှပ်နီလှုပ်ရှားသူတွေကို အစဉ်တစိုက် ထောက်ပံ့ကူညီခဲ့တယ်လို့ ထိုင်းအစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပြစ်မှုအသီးသီးအတွက် သက်ဆင်ကို ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ နိုင်ငံအနှံ့မှာ လှည့်လည်နေထိုင်နေတဲ့ သက်ဆင်ကို ဖမ်းဆီးရမိဖို့အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ကို အကူအညီတောင်းခံသွားမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ အင်တာပိုလ်ကလည်း သက်ဆင်ကို ဖမ်းဆီးရေးဟာ ထိုင်းနိုင်ငံရေးကိစ္စသာဖြစ်ပြီး နိုင်ငံတကာမှုခင်းကိစ္စ မဟုတ်ကြောင်း ငြင်းဆန်ထားတယ်လို့ သိရှိရပါတယ်။ ထိုင်းနိုင်ငံအပေါ် သက်ဆင်ရဲ့ လွှမ်းမိုးမှုဟာ အံ့သြလောက်စရာလို့ပဲ ဆိုရတော့မလား မသိပါဘူး။
wantedthaksin.png

(၄)
သူ့ကိုယ်သူ စပါယ်ရှယ်ဝမ်းလို့ တင်စားပြောဆိုတတ်တဲ့ မော်ရင်ဟိုတစ်ယောက် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကို တရားဝင်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ နည်းပြတစ်ဦးအနေနဲ့ အသင်းတစ်သင်းကနေ အခြားအသင်းတစ်ခုဆီကို ပြောင်းရွှေ့တာဟာ ဘာမှထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မော်ရင်ဟိုရဲ့ စကားတစ်ခွန်းကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။
"စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါ၊ ကျွန်တော်ကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြပါ၊ သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ကို မစောင့်နိုင်အောင် ဖြစ်နေရပါပြီ" လို့ ပြောသွားခဲ့တဲ့ မော်ရင်ဟိုရဲ့ စကားလုံးတွေဟာ တကယ်ပဲ ရော်နယ်လ်ဒိုကို သဘောကျလေးစားလို့လား၊ အသင်းမှာ စီရော်နယ်လ်ဒိုရဲ့ အရေးပါမှုကို သိနေတဲ့အတွက် ကြိုတင်အချိုသတ်နေတာလား ဆိုတာကတော့ မော်ရင်ဟိုကလွဲပြီး ဘယ်သူက သိနိုင်ဦးမှာလဲ။ အသင်းရဲ့အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ မော်ရင်ဟိုက အဲဒီလိုစကားမျိုး ပြောတာကတော့ စဉ်းစားစရာပါပဲ။ အခြားသော နိုင်ငံရေးသတင်းတွေနဲ့အပြိုင် မော်ရင်ဟိုရဲ့ အပြောင်းအရွှေ့သတင်းကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားခဲ့တာကလည်း အံ့သြစရာများ ကောင်းနေသလားလို့ပါ။
mourinho4real.jpg

(၅)
မက္ကစီကိုပင်လယ်ကွေ့မှာ ဖြစ်ပွားခဲ့တဲ့ ရေနံယိုဖိတ်မှုပြဿနာကို အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
obamainspectoilspill.jpg

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၉ နာရီ ၃၁ မိနစ်။

No comments:

Post a Comment

 
Web Statistics