- ရထားနှင့်ဖြစ်စေ၊ သင်္ဘောဖြင့်ဖြစ်စေ အခြားသော ယာဉ်တို့ဖြင့်ဖြစ်စေ ခရီးသွားသောအခါ အတင်းတိုး၍ မ၀င်ရ၊ အားနည်းသူများကို ပထမဦးစွာ အခွင့်အရေးပေးရာ၏။ (ခရီးသွားစဉ် သူတစ်ပါးအား အထူးသဖြင့် အားနည်းသူများအား တတ်နိုင်သမျှ ကူညီရာ၏။ အကယ်၍ တစ်စုံတစ်ရာ မကူညီနိုင်စေကာမူ မိမိအတွက် အနှောင့်အယှက် မဖြစ်စေသင့်၊ တံခါးကိုဖွင့်ပေးခြင်း၊ ပစ္စည်းတစ်ခုခုကို ယူပေးခြင်း၊ အတက်အဆင်း၌ လွယ်ကူစွာ ရှိစေရန်ကူညီခြင်း၊ လေးသောဝန်ကို ပင့်ပေးခြင်း၊ ချပေးခြင်း စသည်ဖြင့် ချမ်းသာစွာ သွားလာနေထိုင်နိုင်ကြရန် ကြိုးစား၍ ကူညီရာ၏။)
- မိမိအတွက် သင့်လျော်သည်ထက်ပို၍ နေရာမယူသင့်။
- ထိခိုက်မိ၍သော်လည်းကောင်း၊ တစ်စုံတစ်ရာကြောင့်သော်လည်းကောင်း၊ တောင်းပန်ရန်ရှိခဲ့လျှင် နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ တောင်းပန်ရာ၏။
- ကျေးဇူးတင်သင့်လျှင် တင်ကြောင်း၊ အပြစ်မှခွင့်လွှတ်ကြောင်းများကို ယဉ်ကျေးစွာ ပြောအပ်၏။
- လူအများနှင့် ဆက်ဆံရာနေရာများတွင် တံတွေးမထွေးပါနှင့်၊ တံတွေးထွေးခြင်းသည် ညစ်ညမ်းစေရုံမျှမက ဥပဒ်အန္တရာယ်ကိုလည်း ဖြစ်စေ၏။
- ရထားအတွင်း၊ သင်္ဘောအတွင်း၊ ဘတ်စ်ကားအတွင်း စသည့် လူအများနှင့် ဆက်ဆံရာနေရာများတွင် စကားကျယ်စွာ မပြောရ၊ အော်ဟစ်ခြင်းကို မပြုရ။ မိမိတို့အချင်းချင်း ကြားရုံမျှသာ စကားပြောရာ၏။
- ပါးစပ်ထဲတွင် တစ်စုံတစ်ရာရှိစဉ် စကားမပြောရ၊ သူတစ်ပါးမခံသာသော အနံ့ရှိသည့် ပစ္စည်းများကိုပင် အသုံးမပြုရ။
- စက္ကူစုတ်၊ မုန့်ထုတ်စက္ကူ၊ သစ်သီးခွံ၊ စားကြွင်း စသည်တို့ကို မတင် မရှိအောင် သတိပြုရာ၏။
- ချောင်းဆိုးခြင်း၊ ချေဆတ်ခြင်းကို လူရှေ့တွင် မပြုလုပ်ရာ၊ တခြားနေရာသို့ ထသွားခြင်းငှာ မတတ်နိုင်ပါလျှင် လက်ကိုင်ပ၀ါဖြင့်အုပ်၍ ပြုလုပ်ရာ၏။ အချို့သူတို့သည် လူရှေ့တွင် သမ်းခြင်းကိုပင် ရှောင်ကြဉ်၏။
- ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ စသည်တို့၌ လက်မှတ်ခံခြင်း၊ ၀င်ခြင်း၊ ထွက်ခြင်းတို့တွင် တိုးဝှေ့ခြင်းမရှိဘဲ တစ်ယောက်နောက် တစ်ယောက်စီကာ မိမိအလှည့်ကို စောင့်ဆိုင်းရာ၏။ ဤသို့သော နေရာမျိုးတွင် မိမိအတွက် အလျင်ရရန်၊ ရောက်ရန်တိုးဝှေ့၍ တက်ခြင်း၊ ရောက်နှင့်ပြီးသူတို့ကို ကျော်၍တက်ခြင်း၊ နေရာကောင်းကိုလုခြင်း၊ နေရာရွေးခြင်း၊ မိမိကိုသာလျှင် ဦးစွာဆောင်ရွက်စေလိုခြင်း စသော အပြုအမူတို့သည် ယဉ်ကျေးသော နိုင်ငံကြီးသားတို့၏ အပြုအမူမဟုတ်ကြောင်းကို အထူးသတိပြုရာသည်။
- လူစည်ကားရာ အရပ်တွင် မိန်းကလေးများရှိရာသို့ အတင်းဝင်၍တိုးခြင်း၊ နောက်ပြောင်ပြောဆိုခြင်းသည် လွန်စွာရိုင်းပြသော အမူအရာဖြစ်၍ ရှက်ဖွယ်ကောင်းလှ၏။
RELATED:
၁။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ
၂။ ဆက်ဆံရေးတာဝန်များ (ယဉ်ကျေးမှု) (အိမ်၌ယဉ်ကျေးခြင်း)
၃။ ဆက်ဆံရေးတာဝန်များ (ယဉ်ကျေးမှု) (ကျောင်း၌ယဉ်ကျေးခြင်း)
၎။ ဆက်ဆံရေးတာဝန်များ (ယဉ်ကျေးမှု) (လမ်း၌ယဉ်ကျေးခြင်း)
No comments:
Post a Comment