Sunday, June 20, 2010

တစ်ခုသိရင် တစ်ခုပျံ့နှံ့အောင်လုပ် - ထက်ကျော်


"ဘယ်ကြမ္မာကံလည်း သိ၊ စံမြဲသူ
ဆောင်ရွှေရေးမှာ လွမ်းဝှန်နှင့် ဆွေး"
(ဂီတသစ်)

စိတ်မှာ တစ်စုံတစ်ခုကို ထင်ရှားစွာ ပေါ်တတ်လာတာဟာ သိတာပါပဲ။ တွေးခေါ်မြော်မြင်တတ်မှု၊ ဆင်ခြင်တတ်မှု၊ နားလည်သဘောပေါက်မှုတွေကတော့ "အသိ" ဖြစ်ပါတယ်။ အသိလိမ္မာဆိုတာကတော့ တတ်သိနားလည်တာ၊ လိမ္မာရေးခြားရှိတာ ဆင်ခြင်နိုင်စွမ်းရှိတာ၊ အမြော်အမြင်ရှိတာတွေပဲ ဖြစ်ပါတယ်။

အသိပညာကိုတော့ လေ့လာဆည်းပူးပြီးမှ ရရှိပါတယ်။ "အတွေးအသိ၊ ပြည့်စုံဘိ၍" (ပဋိစ္စ) ဆိုသလို တွေးခေါ်မြော်မြင်မှုနဲ့ သိမှုကလည်း သက်ဆိုင်နေပြန်တယ်။ သိမှုဟာ မိမိရဲ့ လေ့လာဆည်းပူးမှုလို့ ပြောရင်လည်း ရပါတယ်။ ဒီတော့ ဘယ်ကိစ္စကိုမဆို သိနားလည်ဖို့အတွက် ကြိုးစားအားထုတ်ရပါလိမ့်မယ်။ သိအောင်လုပ်ရပါမယ်။ များများသိလာ မြင်လာရင် အသိပညာရှင်ပါပဲ။

ဒီနေရာမှာ အဲဒီအသိတွေဟာ ကိုယ်တစ်ယောက်တည်း သိဖို့အတွက်လားလို့ မေးစရာရှိလာပါလိမ့်မယ်။ ပညာရှင် အတော်များများကတော့ သူတို့သိတာဟာ သူတို့တတ်တာဖြစ်ပြီး သူတို့တတ်တာကလည်း သူတို့နဲ့သာ ဆိုင်တယ်ဆိုတဲ့ အယူအတွေးမျိုး ရှိတတ်တယ်။ သူတို့ရဲ့ အမြော်အမြင်ရှိမှု၊ ဆင်ခြင်နိုင်စွမ်းရှိမှု မှန်သမျှဟာ ပုဂ္ဂလိကပိုင်မို့ အများကို ခွဲဝေရမှာကို တွန့်ဆုတ်ကြတယ်။ အသိလိမ္မာကို တစ်ဦးတည်းပိုင်လုပ်ပြီး တွန့်တိုနေတတ်ကြတယ်။ အများသိနားလည်အောင် လုပ်ဖို့၊ ပျံ့နှံ့အောင်လုပ်ဖို့ဆိုတာကိုတော့ မလိုလားကြဘူး။

ကိုယ်သိရှိတဲ့ ကိစ္စတစ်ခုကို အများသိအောင် လုပ်တာ၊ အများကို သိရှိစေတယ်ဆိုတာ အင်မတန်ကောင်းတဲ့ကိစ္စ၊ လိုလားကြိုဆိုသင့်တဲ့ကိစ္စလို့ ပြောရင်ရပါတယ်။ ဒါပေမယ့် လူဆိုတာက အတ္တကြီးတယ်။ ဘယ်ကိစ္စကိုမဆို ကိုယ်သိကိုယ်တတ်ပဲ ဖြစ်ချင်ကြတယ်။ ကိုယ်သိသ၍ အများကသိနေကြရင် ကိုယ်လေ့လာသင်ယူခဲ့သမျှ ကြိုးစားအားထုတ်ခဲ့သမျှ ဘာအဓိပ္ပါယ် ရှိတော့မှာလဲ။ တန်ဖိုးနိမ့်သွားပြီပေါ့လို့ တွေးတတ်ကြတယ်။

တခြားလူတွေ မသိသေးတာတွေကို ကိုယ်က မသိ-သိအောင် လုပ်ခဲ့တယ်။ တန်ဖိုးအများကြီး ပေးခဲ့ရတယ်။ အချိန်တွေ၊ ငွေတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ပင်ပန်းဆင်းရဲမှုတွေ တသီကြီးပေးပြီးမှ အဲဒီအသိပညာ၊ ဒါမှမဟုတ် သိမှုကို ရခဲ့တာမို့ ဒါကို ဘာလို့ပျံ့နှံ့အောင် ကြိုးစားနေရမှာလဲ။  တခြားသူတွေ မသိသေးတာကို ငါသိတယ်၊ သိလို့လည်း သူတို့ထက် ငါက ခေါင်းတစ်လုံး ပိုမြင့်နေတာလေ။ ပညာရှင်ကြီးဖြစ်နေတာလေ။ ဘာပျံ့နှံ့နေစရာ လိုသလဲ။ အဲဒီလို ပျံ့နှံ့အောင် လုပ်တယ်ဆိုတာက အသိပညာတန်းညှိတာ ဖြစ်မသွားနိုင်ဘူးလား။ အဲဒီလိုသာ လုပ်နေရရင် ပညာရှင်ဆိုတာ ဘာလုပ်မှာလဲ။ သာမန်လူတွေနဲ့ အတူတူ ဖြစ်သွားမှာပေါ့။

အဲဒီလို လူမျိုးတွေက မသိသေးတာကို သိအောင်လုပ်၊ သိလာရင်တော့ ပျံ့နှံ့အောင် လုပ်ပေးရမယ်ဆိုတဲ့ စကားကို လက်ခံကြတဲ့လူတွေ မဟုတ်ဘူး။ ပညာရှင်တိုင်းသာ အဲဒီလူတွေလို အယူအတွေးမျိုးရှိခဲ့ရင် လူသားတွေဟာ ဒီနေ့အထိ သားစိမ်း ငါးစိမ်း စားတုန်း၊ ကျောက်လက်နက်နဲ့ တောလိုက်တုန်း၊ ကျောက်ဂူတွေထဲမှာ နေထိုင်ရတုန်းပဲ ဖြစ်နေလိမ့်မယ်။ သိသ၍ သိုဝှက်ထားမှာဖြစ်လေတော့ ကမ္ဘာကြီးဟာ ဘာအကျိုးအကြောင်းနဲ့မှ တိုးတက်လာမှာ မဟုတ်တာ သေချာတယ်။ ကိုယ်သိတာလေးတွေ တခြားသူ မသိအောင် ၀ှက်ထားလေတော့ ကိုယ်တစ်ယောက်တည်း သိနေတာနဲ့ သိမြင်မှုဟာ ကျယ်ပြန့်မှာမှ မဟုတ်တာ။

အရင်ကဆိုရင် ကမ္ဘာကြီးကို နေက ပတ်နေတယ်ဆိုတဲ့ အသိမှား အမြင်မှားမျိုးကို လူတွေက လက်ခံထားကြတယ်။ "ဂယ်လီလီယို" ဆိုတဲ့ ပညာရှင်ကတော့ အဲဒီကိစ္စဟာ မှားနေတယ်။ နေက ကမ္ဘာကိုပတ်တာ မဟုတ်ဘူး။ ကမ္ဘာကသာ နေကိုပတ်နေတာဆိုတဲ့ သိမြင်မှုတွေကို အများသိအောင် ဖြန့်ချိဝေငှခဲ့ပါတယ်။ ပျံ့နှံ့အောင်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေရဲ့ လိုက်ပါသိမြင်နိုင်မှုက တိမ်နေချိန်ဖြစ်လေတော့ သူ့အယူအဆမှန်ဟာ အမှားရယ်လို့ အစွပ်စွဲခံခဲ့ရပြီး သေတော့မလို (သေဒဏ်ပေးမှာမို့) တောင် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် သူ့ရဲ့ သိမြင်မှုကို ပိုမိုပျံ့နှံ့အောင် လုပ်နိုင်ခဲ့တာကြောင့် နောက်ပိုင်းမှာ ကမ္ဘာက နေကို ပတ်နေတာရော၊ နေစင်္ကြစဠာရဲ့ တည်ရှိမှုကိုရော အားလုံးကို အများက လက်ခံခဲ့ကြတယ်။

ဒါဟာ ဘာကိုဖော်ပြနေသလဲဆိုရင် တစ်ခါတစ်ခါမှာ ကိုယ့်ရဲ့တွေးခေါ်မှု၊ သိမှု၊ မြင်မှုတွေက ရှေ့ကို သိပ်ရောက်နေတဲ့အခါ သာမန်လူတွေက လိုက်ပါနိုင်ဖို့ ခက်ခဲတယ်ဆိုတာကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးဟာ ကာလရှည်ကြာတတ်ပါတယ်။ ကိုယ့်ရဲ့အသိ၊ ကိုယ့်ရဲ့သိမြင်မှုဟာ ဘယ်လောက်ပဲ တော်တည့်မှန်ကန်နေပါစေ အကျိုးသက်ရောက်မှုကတော့ ထင်သလို မရနိုင်သေးကြောင်း သိစေချင်တယ်။ ကိုယ့်အသိအမြင်ကို လူတွေရဲ့ကြား ပျံ့နှံ့အောင် လုပ်ပေမယ့် တစ်ခါတစ်ရံ စိတ်ရှည်ဖို့လည်း လိုပါသေးတယ်။

ငါသိထားတာတွေကို ပြောပြနေပါလျက်နဲ့ လိုက်မလုပ်ကြဘူး။ အောင်မြင်အောင် မလုပ်နိုင်ဘူး။ စိတ်ပျက်စရာပဲလို့ အများကို အထင်သေးတဲ့ ပညာရှိသူမျိုးတွေလည်း ရှိတတ်ပါတယ်။ သူတို့ဟာ တကယ်ပဲ သူ့ရဲ့ လေ့လာသင်ယူရှာဖွေ သိရှိခဲ့သမျှကို ပျံ့နှံ့အောင် ကြိုးစားခဲ့ပါတယ်။ စိတ်ကောင်း စေတနာကောင်းထားပြီး အများစုရဲ့ အကျိုးကိုလည်း ဦးတည်ခဲ့ပါရဲ့။ ဒါပေမယ့် အများစုဟာ သူမဟုတ်ဘူးဆိုတာကို သူ မေ့နေတတ်တယ်။ သူလိုသာ အများစုကြီးက တွေးယူတတ်တယ်ဆိုရင် သူ့ရဲ့ အတွေး-အမြင်-အသိတွေကို ပျံ့နှံ့အောင်တောင် လုပ်စရာလိုတော့မယ် မထင်ဘူး။ လိုရာခရီးကို ရောက်နေနှင့်ပြီပေါ့။ အခုဟာက အများစုရဲ့ သိမြင်ဆောင်ရွက်နိုင်မှုဟာ နှေးကွေးကောင်း နှေးကွေးနေတဲ့အခါ အဲဒီလိုအပြစ်ပြော အထင်သေးတဲ့အဆင့်ကို ရောက်သွားရတာပါ။

ခက်တော့ ခက်တယ်။ တစ်ခါတစ်ရံမှာ ကိုယ်က သိမြင်နိုင်အောင် ကြိုးစားတယ်။ သိတာကိုလည်း ပျံ့နှံ့အောင် လုပ်ပါတယ်။ ဒါပေမယ့် ထင်သလို ပျံ့နှံ့မှုမရှိ (အများက လက်မခံတာလည်း ဖြစ်နိုင်တယ်။ အထနှေးနေတာလည်း ဖြစ်နိုင်တယ်) ခဲ့ရင် ကာယကံရှင်တွေမှာ စိတ်အနှောင့်အယှက် ဖြစ်ကြမှာလည်း သေချာပါတယ်။ ကာယကံရှင်အနေနဲ့လည်း ဘာကြောင့်ပါလိမ့်လို့ တွေးတောစရာ ဖြစ်နေပေလိမ့်မယ်။ ဒီနေရာမှာ သူ ပျံ့နှံ့အောင် လုပ်ခဲ့တဲ့သိမှုမှာ မှန်ကန်မှု ရှိ-မရှိ၊ အမှားလား-အမှန်လား သူ မသိသေးတာပါပဲ။ စမ်းစပ်မခံရသေးတာပါပဲ။

အန္တရာယ်ကြီးတာက ကိုယ်က သိအောင်ရှာတယ်။ ကိုယ်သိတာကို အများသိအောင်၊ ပျံ့နှံ့အောင် လုပ်တယ်။ ပျံ့နှံ့သွားတယ်ပဲ ဆိုပါတော့။ ဒါပေမယ့် ကိုယ်သိတာဆိုတာကြီးက လူ့လောကကို ကောင်းကျိုးပေးမှာထက် ဆိုးကျိုးဆီကို တွန့်ပို့ပေးတာမျိုးဖြစ်နေရင် ကောင်းပါ့မလား။ စဉ်းစားစရာပါ။ လူတွေရဲ့ အတွေးအခေါ်ကို အဆိပ်ဖြစ်စေမယ့်၊ လူ့လောကကြီးကို ဆိုးကျိုးသက်ရောက်စေမယ့် သိမှုမျိုးကိုသာ ကိုယ်က သိလာခဲ့ပြီး အဲဒါကြီးကို ပျံ့အောင်ဖြန့်ပြီဆိုရင်တော့ စိတ်မသက်သာစရာ ဖြစ်သွားစေမှာ အမှန်ပဲ။

လူတိုင်း လူတိုင်း မသိတာကို သိအောင်လုပ်ရမယ်။ ကိုယ်သိလာပြီဆိုရင်လည်း ပျံ့နှံ့အောင် ဖြန့်ပေးနိုင်ရမယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ကိုယ်သိတာတွေက အမှန်တရားရဲ့ အနီးစပ်ဆုံးဖြစ်နေဖို့ လိုလိမ့်မယ်။ လူ့လောက ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မယ့် သိမှုမျိုးလည်း ဖြစ်နေဖို့လိုပါတယ်။ ဒီလိုမဟုတ်ရင် ပျံ့နှံ့အောင်လုပ်တာထက် သေးကျုံ့အောင်လုပ်တာက ပိုပြီးသင့်လျော်မှာ အမှန်ပါပဲ။ ဘယ်သူမဆို ကိုယ့်ရဲ့အသိဟာ မှန်-မမှန်၊ လျော်-မလျော် ဆိုတာကို ခွဲခြမ်းတတ်ရင် အကောင်းဆုံးပဲ မဟုတ်လား။

No comments:

Post a Comment

 
Web Statistics