ဒီနေ့မှ
အဖေ့ကို သတိရလိုက်တာ။
ကျုပ်အဖေက မခေလှဘူး
အရင်ခေတ်က မစ်ရှင်ကျောင်းထွက်
ဒွတ်ဒက်ရွှတ်ရှက်တွေတတ်ပြီး
စာသိပ်ဖတ်တယ်လေ။
ဖော့ဦးထုပ်နဲ့ သားရေခါးပတ်နဲ့
သားရေဖိနပ်ကို ရှပ်တိုက်စီးသူပါ
တစ်ရွာလုံးမှာ ဘုန်းကြီးကလွဲရင်
"သားရေဖိနပ်" အမြဲစီးသူဟာ
သူကြီး ဦးသိန်းဖေပါတဲ့။
သူကြီးဆိုတာ လစာမှမရှိဘဲ
တောင်သူယာလုပ် "ဓမခုတ်" ပဲပေါ့။
ဒီနေ့တော့ အဖေဟာ
ကြက်သွန်ကျင်းတွေ ရေသွင်းမကောရယ်လို့
ရုံးပင်အောက် သူ့ယာတောကို
အစောကြီး သွားလေရဲ့။
နဘူးခြုံ ဆူးခြုံခြေရင်း
ထန်းလက်စို မြေကိုခင်း
ထန်းလက်ပေါ် ပုဆိုးခင်းပြီး
သွေးသောက်မဂ္ဂဇင်းကို ခြေဆင်းလဲသူ
အဖေ ဖတ်တော်မူလိမ့်မယ်။
အဖေနဲ့ "စာရင်းငှား"
ထမင်းစားဖို့ရာ၊ သွားပို့ရမှာပေါ့။
"စာရင်းငှား" ကတော့ ထမင်းမစားမချင်း
"မောင်းလက်တွင်း" ရဲ့၊ "နင်းကြမ်း" ပေါ်မှာ
ရေငင်နေရှာပေလိမ့်မယ်။
ရေတွေခပ်လိုက်၊ ရေတွေသွန်လိုက်
ရေတွေခပ်လိုက်၊ ရေတွေသွန်လိုက်နဲ့
အလွန်မိုက်တဲ့အလုပ်ကို အားထုတ်ရှာသကောရယ်လို့
ငယ်သောအခါမတော့ ရယ်မောစရာရယ်ပေါ့လေ။
တစ်ခါတလေ
သူသွန်တဲ့ ရေပုံးအောက်
ကုန်း မှောက်ပြီး ရေချိုးရတာ
ဘ၀မှာ အရသာရှိလှချည်လို့ သတိရနေမိတာ
ခုအထိပါပဲ။
သူ့အမည် "ဘိုကေသောင်း" တဲ့
ကိုရွှေသောင်းရဲ့၊ ဦးခေါင်းပေါ်မှာ
"ဘိုကေ" ပါတော့၊ ငယ်နာမည်မခေါ်
ဘိုကေသောင်းလို့ ကျော်ခဲ့တယ်။
နေ့လယ်နေ့ခင်း
ထမင်းစား ကျောင်းဆင်းရင်
ထမင်းပို့ သွားကြမယ်ပေါ့။
ကျုပ်ရယ်
ကျုပ်နှမနှစ်ယောက်ရယ်
လက်ပံကောက်သွားရင်း
ထမင်းတောင်းကို
တစ်ယောက်က ခေါင်းပေါ်ရွက်
နှစ်ယောက်က တစ်ယောက်တစ်လဲ
အဖန်အခါးကို၊ ဒန်ကရားနဲ့ဆွဲခဲ့မယ်။
ဒီလိုနဲ့ ရွာကထွက်
သဲချောင်းစပ်ကို တက်
ရှားတောဘက်ကို ၀င်တော့
ကျုပ်ရင်ထဲ ထိတ်လာတယ်
ဒုက္ခပဲ၊
ကျုပ်က ကြောက်တတ်တယ်။
ငါ ဘာကြောက်ရမလဲ
ငါ ဘာကြောက်ရမလဲ
မကြောက်နဲ့၊ မကြောက်နဲ့လို့
နောက်မလှည့်ဘဲ အားတင်းလဲ
အားတင်းရင်းက၊ နားရင်းနားထင်မှာ
ဆံပင်တွေ ထောင်ထောင်ထလာတယ်။
ရေလဲ ကြောက်တာပဲ
မြွေလဲ ကြောက်တာပဲ
တစ္ဆေလဲ ကြောက်တာပဲ
ရွက်ခြောက်ကို နင်းမိရင်
အတင်းခဲရာက၊ ဖျင်းခနဲ ကြက်သီးထ
ကျောထဲက စိမ့်မိတယ်။
လျှာကြီးတွဲလွဲ၊ ပါးစပ်ကြီးပြဲပြဲ
သရဲကိုများတွေ့ရင်လို့၊ တွေးမိရင် သွားပါရော
သတ္တိတွေ ဒလဟောနဲ့၊
ဝေါကနဲ့ ပြိုဆင်းကုန်ရတယ်။
လိမ်ပြောတာကို သဘောမကျ
တောကအဖေဟာ
ကြောက်တာကို၊ ကြောက်ပါသကောရယ်လို့
မှန်ရာကိုပြောလဲ သဘောမကျလို့
ကျောပြင်ကို ဗျောထင်ပြီး ချလိမ့်မယ်။
ငါ့သားမဟုတ်သလိုဘဲတဲ့
အံခဲလိုက် တက်ခေါက်လိုက်နဲ့
ရိုက်မိရင် "ဒဗလပ်ပြား" နဲ့
အသားနီလန်ရောမှတ်။
ကျုပ်က ကြောက်တတ်တော့
ခြောက်တတ်တာ ၀ါသနာတစ်ခုပဲ။
နောက်တာနဲ့ ခြောက်တာက
ကြောက်တာကိုခဏ၊ အနိုင်ရသွားပါတယ်။
တောစပ်လဲ ၀င်ရော
ဘာမပြော ညာမပြောနဲ့
တောထဲကို ကျုပ်ကအရင် ၀င်ပြေးသွားတယ်။
သစ်ပင် တစ်ပင်နောက်က
ပုဆိုးခြုံ ထန်းလက်ခြောက်နဲ့
ဘွားခနဲ ခြောက်မယ်ပေါ့။
တောထဲလဲ ၀င်ရော
ရှားပင်တွေပေါ်က
တစ်ကောင်စ နှစ်ကောင်စ
ခူကောင်တွေ ကျကျလာတယ်။
ခေါင်းပေါ်ကျ၊ ခေါင်းခါကျတယ်
လက်ပေါ်ကျ၊ လက်ခါချတယ်
တစ်စတစ်စနဲ့ များများလာတော့
တစ္ဆေလား သရဲလား
ဘာများလဲ တွေးပြီး၊ တအားပြေးတာပဲ။
"နင့်မေဂလွှား၊ ကြားမကြားဖူး
ထူးထူးခြားခြား၊ "ခူမိုး" များ ရွာသလားဟရို့"
ခူကောင်ဆိုတာ၊ အမွေးတွေပါသမို့
ခါလို့လဲ မရဘူး၊
ပုတ်လို့လဲ မရ၊ ဆုပ်လို့လဲ မရဘူး
ခူမွေးများဆူးရင်၊ ရူးလောက်တယ်
ယားတာကလား။
အသားမရှိ၊ အရိုးမရှိ
တစ်ကိုယ်လုံး အရည်အပြည့်နဲ့
ရွစိစိ၊ အမွေးလုံးတွေကို
ကြေရင်လဲ ကြေရော့ဟဲ့လို့
ခြေနဲ့နင်းပြီး အတင်းပြေးတော့
ဒင်းကလေးတို့ သွေးမထွက်ပေမယ့်
ကြက်သီးထစရာ ဖိနပ်မှာ ကပ်ကပ်ပါသမို့
ဖိနပ်ပါချွတ်ပြီး ဖ၀ါးလွတ်နဲ့ ပြေးခဲ့ရတယ်။
ပြေးရင်းလွှားရင်း၊ လက်ပံပင်ရင်းကိုလဲ ရောက်ရော
ကြောက်လဲကြောက်၊ ရှက်လဲရှက်မို့
လက်ပံပင်သစ်ခေါင်း၊ ခုန်တက်ပြီးအောင်းရင်း
ဒင်းတို့ကို ချောင်းမယ်ပေါ့။
နှမတွေလဲ၊ လာခဲလိုက်တာ
လမ်းမှာ ဘာခိုးစားနေပါလိမ့်။
တန်ဆောင်မုန်း၊ နတ်တော်ဆိုတော့
မောင်ဖုန်းတို့အဒေါ် ပြောင်းဖူးခင်းမှာ
ထနောင်းဆူးပေါ် ထန်းဗလပ်ခင်းပြီး
ဒင်းတို့ဝင်နေမလား။
ဟို… ဘိန်းစားတဲ့
သိန်းထွားတို့ စိမ်းစားခင်းမှာ
ထင်းခွေသယောင်ယောင် ဆီးခြုံတိုး
ခွေးသူခိုးလို လေးဘက်ထောက်
တဲနောက်က ထန်းရွက်ဖြဲပြီး
တောင်းထဲက စိမ်းစားဥကို၊ နှိုက်မယ်လို့အပြု
ဘိန်းစားနဲ့ လုမိနေမလား။
ပြောင်းဖူးလား၊ မြေပဲလား
စိမ်းစားဥလား၊ တစ်ခုခု ခိုးစားပြီး
ငါ့ဖို့များ မပါရင်
နင်တို့ အသေပဲပေါ့။
အမောပြေလောက်မှ
ခြေအောက်က၊ ရွစိရွစိနဲ့
သိသိသာသာ၊ လှုပ်ရွလာသလား။
လှုပ်လှုပ်ရွရွှ၊ ဘေးဘီကလဲ
ခဏချင်း ဖြစ်လာတယ်။
ဘေးဘီကို ကြည့်လိုက်မိတော့
ပြူးတိပြူးကြောင်
ပြောက်တိပြောက်ကျားနဲ့
ဘုရားဘုရား၊ ဘာတွေများပါလိမ့်
အဖေရေ… တောက်တဲ့တွေဗျ
နောက်လှည့်လဲတွေ့၊ ရှေ့ကြည့်လဲမြင်။
သစ်ခေါင်းတစ်ပြင်မှာ၊ လက်တင်စရာမရှိဘူး။
တောက်တဲ့ကို ကြောက်တဲ့ဇောနဲ့
ဝေါခနဲ ခုန်ချ
လှည်းလမ်းပေါ် မှောက်လျက်ကျတော့
လောကကို ခဏမေ့သွားတယ်။
အဖေ-!
အဖေရေ… !
အဖေရေ……… !
အဖေခေါ်သံ ကြားလို့တဲ့
သားတော်မောင် ပြေးလာတယ်။
မူးတူးမင်တင်၊ ၀ိုးတိုးဝါးတားနဲ့
အားယူပြီး ကြည့်နေတုန်း
ပခုံးကို လာလှုပ်တာ၊ ကျုပ်သားပါလား။
"နေ့ခင်းကြောင်တောင်၊
အဖေ- ဘာယောင်နေတာလဲ" တဲ့။
ကဲ အဲဒါ အိပ်မက်ပါလား။
သားရေ… ရေတစ်ခွက်ပေးပါ။
"အဖေ ကောင်းရာ သုဂတိ လားပါစေ"။
သြော်.. ခူကောင်နဲ့ တောက်တဲ့ကောင်
ကြောက်ခဲ့တဲ့ကောင်ဟာ၊
စစ်ထဲကို ဘယ်လိုက်မှာလဲနော်။
ကျုပ်သိသလောက်တော့
ကြောက်တတ်သူများဟာ
ကဗျာဆရာပဲ ဖြစ်တတ်ပါသတဲ့။
"အရဲရင့်ဆုံးအလုပ်မျိုးကို အကြောက်တတ်ဆုံးသူများသာ
လုပ်ကြရရှာပါကလား"။
အဖေရေ- အမျှအမျှလို့
စိတ်ထဲကဆိုရင်းနဲ့ ဒီနေ့
အဖေ့ကို လွမ်းလိုက်တာ။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ဓမခုတ် = ဓားမခုတ် (ဓားမနှင့် ခုတ်ထွင်ရှင်းလင်းပြီး ယာလုပ်သူ)။
စာရင်းငှား = သူရင်းငှား၊ ယာကိုငှားလုပ်သူ။
မောင်းလက်တွင်း = မောင်းတံမှ ၀ါးလုံးရှည်တပ် ရေငင်ပုံးနဲ့ ရေငင်ရတဲ့ ရေတွင်း။
နင်းကြမ်း = ရေတွင်းနှုတ်ခမ်းပေါ်မှာ ကန့်လန့်တံတားခင်းပြီး ရေငင်သူနင်းစရာ ထန်းသားခြမ်းအခင်း။
ဒဗလပ်ပြား = ထန်းလက်ပြား နွားကန်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
No comments:
Post a Comment