Sunday, June 20, 2010

ဘာတွေဖြစ်နေနေ အဖေလာမယ်စိတ်ချ


၁၉၈၉ ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချက်တာစကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး ၄ မိနစ်ပင်မပြည့်သည့် အချိန်အတောအတွင်း လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။

အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကို ဘေးမသီ ရန်မခထားခဲ့ကာ သူ့သားရှိနေမည့် ကျောင်းဆီသို့ ပြေးလာသည်။ သို့သော် ကျောင်းဆီရောက်တော့ ကျောင်းကမြေမှာ ပြားချပ်နေပြီ။

ရုတ်တရက် သူ့ရင်ထဲမှာ ဆို့နစ်ကာ ကယောင်ချောက်ချား ဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထားသည့် ကတိစကားကို ပြန်၍သတိရသည်။ "ဘယ်ကိစ္စမျိုးကြုံကြုံ သား ဘာမှမစိုးရိမ်နဲ့၊ အဖေ အရောက်လာမယ် စိတ်ချ" ဆိုသောစကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေ အိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်က စာသင်ကျောင်းရှိခဲ့သော နေရာ၌ အုတ်ပုံအစုအဝေးတစ်ခု ရှိသည်။ ဘယ်လိုမှ မျှော်လင့်စရာ မရှိအောင် ပိပြားနေသည့် အုတ်ပုံကြီးတစ်ခု။ သို့သော် သားထံပေးထားသော ကတိကို သူထပ်တလဲလဲ ပြန်ကြားနေသည်။

စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းကာ သူနေ့စဉ် နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သားငယ်၏ စာသင်ခန်းရှိရာ နေရာကို မှန်းဆရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အပိုင်း နောက်ဘက်ခြမ်းမှာ။

သည်နေရာသို့ သူပြေးသွားသည်။ ပြီး အုတ်ကျိုးအုတ်ပဲ့တွေကို စတင်တူးဆွ ဖယ်ရှာခြင်းပြုလေသည်။

သူဖယ်ရှားနေဆဲ တခြားမိဘတွေပါ ရောက်လာကြသည်။ "ငါ့သားလေး သေပါပြီ"၊  "အမလေး... ငါ့သမီးလေး မရှိတော့ပါဘူး" စသဖြင့် သောကမီး၊ ပရိဒေ၀မီးတွေ တောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြသည်။

တည်တည်ငြိမ်ငြိမ်ရှိသည့် အချို့မိဘများကတော့ (သွေးရူးးသွေးတန်း လုပ်ကိုင်နေဟန်ရှိသော) သူ့အား ကရုဏာသက်ကာ ကျောင်းပျက်အုတ်ကျိုးပုံမှ ဖျောင်းဖျခေါ်ယူကြသည်။

"မရတော့ပါဘူးဗျာ"

"ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ"

"အဲဒီလိုလုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာပြန်ပါဗျာ"

"စိတ်ထိန်းမှပေါ့၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ ဘာလုပ်လို့ရဦးမှာလဲ" စသဖြင့် ပြောကြသည်။

တချို့ဆိုလျှင် "ဟေ့လူ... တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးဦးမယ်" ဟု ပြစ်တင်ကြသည်။

သည်လိုလာပြောသည့် မိဘများကို စကားတစ်ခွန်းပဲ ပြန်ပြောသည်။ "ဒီမှာ... ခင်ဗျား အခုကျွန်တော်လုပ်နေတာကို ၀င်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ" ဟူ၍။ သည့်နောက် အဲသည်လူတွေကို လျစ်လျူရှုကာ သူ့သားကို ဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ်အင်္ဂတေ အစိုင်အခဲတွေ တစ်လုံးချင်း တစ်ဖဲ့ချင်း ကောက်ယူဖယ်ရှားသည်။

သည်အချိန် မီးသတ်အရာရှိ ရောက်လာပြီး သူ့ကိုဆွဲထုတ်ဖို့ ကြိုးစားသည်။ "မီးတွေလောင်နေပြီ၊ ဘယ်နေရာမဆို အချိန်မရွေး ထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်၊ ကျွန်တော်တို့လုပ်ပါ့မယ်၊ ကိုယ့်အိမ်ကိုယ်ပြန်ပါ" ဟုဆိုသည်။ သားကိုချစ်သော အဖေကတော့ သူ့စကားကို အရေးမထား။ "ခင်ဗျား ကျုပ်ကို ကူညီမလား၊ မကူညီဘူးလား ဒါပဲပြောပါ" ဟု ပြန်ပြောသည်။

ရဲကလည်း ရောက်လာသည်။

"ခင်ဗျား သွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ်၊ အိမ်ပြန်ပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ်"

ရဲကိုလည်း ခင်ဗျား ကျွန်တော့်ကို ကူညီမှာလားပဲ သူပြန်မေးသည်။

မည်သူကမျှ မကူညီ။

သို့သော် ကိစ္စမရှိ။ သူ့ဘာသာ တစ်ကိုယ်တည်း ဇွဲနဘဲကြီးစွာ တူးဖော်သည်။ သူ့မှာ အရေးကြီးနေတာ တစ်ခုပဲရှိသည်။ "ငါ့သားလေးသေပြီလား၊ အသက်ရှင်နေသေးလား" ဒါသေချာဖို့လိုသည်။ မျက်မြင်ဒိဋ္ဌ သူတွေ့ရဖို့ လိုသည်။

သူတစ်ယောက်တည်း အုတ်ကျိုးအုတ်ပဲ့ပုံကို ဖယ်ရှားသည်။ ၈နာရီကြာပြီ...၊ ၁၂ နာရီ...၊ ၂၄ နာရီ...၊ ၃၆ နာရီ….။ အဲသည်နောက် ၃၈ နာရီမြောက်၌ အုတ်အင်္ဂတေတုံးကြီးတစ်တုံး သူဆွဲထုတ်လိုက်ပြီးသည့်နောက်တွင် သား၏အသံကို ကြားလိုက်ရသည်။

ချက်ချင်းပင် သားနာမည်ကို သူသံကုန်အော်ခေါ်လိုက်သည်။

"အာမန်း..."

ပြန်အော်သံ ကြားရသည်။ "ဖေဖေ...ဖေဖေလား၊ သားပါ ဖေဖေရ။ သူငယ်ချင်းတွေကိုလည်း သားပြောထားတယ်၊ "ဘာမှ မကြောက်ကြနဲ့၊ ငါ့အဖေမသေရင် ငါ့ကို သေချာပေါက် လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လည်းလွတ်မယ်" လို့၊ ဖေဖေ သားကို ကတိပေးထားတယ် မဟုတ်လား၊ "ဘယ်ကိစ္စမျိုးကြုံကြုံ သား မစိုးရိမ်နဲ့၊ အဖေ ရောက်အောင်လာမယ် စိတ်ချ" ဆိုတာလေ။ အခု… အဖေပြောထားတဲ့အတိုင်းပဲ ရောက်လာပြီပေါ့"

"အဲဒီအောက်ထဲမှာ ဘယ်လိုအခြေအနေရှိလဲသား" အဖေကမေးသည်။

"သားတို့ ၃၃ ယောက်ထဲမှာ ၁၄ ယောက်ပဲကျန်တယ် ဖေဖေ၊ သားတို့ ကြောက်လည်းကြောက်တယ်၊ ဆာလည်းဆာတယ်၊ ရေလည်းငတ်တယ်၊ အဖေရောက်လာတာ အရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေးကွက်ပြီး တြိဂံပုံအမြှောင့်လေးတစ်မြှောင့်ပဲ မပိဘဲ ကျန်နေတယ်၊ အဲဒါကြောင့် သားတို့မသေတာ"

"ကဲ...ထွက်ခဲ့တော့ သားရေ"

"နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊ သားမှာက ဖေဖေရှိနေတာပဲ၊ ဘယ်လို ကိစ္စမျိုးပဲကြုံကြုံ သားက မစိုးရိမ်ပါဘူး၊ အဖေ လာကယ်မယ်ဆိုတာ သိနေတယ်"


1 comment:

  1. Anonymous6:12 PM

    အမှန်ပါပဲ .............

    ReplyDelete

 
Web Statistics