Monday, June 21, 2010

ဟိုဟိုဒီဒီ မြန်မာသတင်းများ


(၁)
ပြည်တွင်းသယ်ယူပို့ဆောင်ရေးတွင် အရေးပါသော ဓာတ်ဆီကို ဒီဇယ်ကဲ့သို့ ပထမဆုံးအကြိမ် ပုဂ္ဂလိက ကုမ္ပဏီများသို့ အကန့်အသတ်မရှိ တင်သွင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ပုဂ္ဂလိကစက်သုံးဆီဆိုင်များကို ယခုလတ်တလောတွင် အစိုးရက ဓာတ်ဆီတစ်ဂါလံလျှင် ၂၃၅၀ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားပြီး ဒီဇယ်ကိုမူ ပေါက်ဈေးအတိုင်း နှုန်းရှင်ဖြင့် ရောင်းချခွင့်ပြုထားသည်။

(၂)
ရန်ကုန်မြို့တော်တွင် ဇွန်လ ဒုတိယပတ်ခန့်မှစတင်၍ လျှပ်စစ်မီးများ ပုံမှန်နီးပါး ရရှိလာသဖြင့် ဒီဇယ်ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့ကြောင်း သိရှိရသည်။
မေလမှစတင်၍ ဒီဇယ်တစ်ပီပါလျှင် ၁၅၉၀၀၀ ကျပ်ခန့်ရှိရာမှ ဇွန်လ တတိယပတ်တွင် ၁၃၆၀၀၀ ကျပ်ခန့်သာ ရှိတော့ကြောင်း သိရှိရသည်။

(၃)
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၀ ပြည့်နှစ် ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၂၃၇ သန်းသို့ မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ တရားဝင် သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၃၁ နိုင်ငံရှိပြီး ရင်းနှီးမြှုပ်နှံသည့်ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၆ ဒသမ ၀၇ ရှိကြောင်း၊ ထိုင်းနိုင်ငံသည် ၇ ဒသမ ၄၂၂ သန်းဖြင့် ဦးဆောင်လျက်ရှိကြောင်း အဆိုပါစာရင်းဇယားများအရ သိရသည်။

(၄)
အဝေးပြေးခရီးသည်ဦးရေ ရှစ်သောင်းခန့်နှင့် အဝေးပြေးယာဉ် ၃၀၀ ခန့် နေ့စဉ် ၀င်ထွက်နေသော အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းကို ပြောင်းရွှေ့ရန် လောလောဆယ် ညွှန်ကြားထားခြင်း မရှိသေးကြောင်း အဆိုပါယာဉ်ဝင်းအတွင်း စည်ပင်သာယာကွပ်ကဲရေးရုံး တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းကို လှည်းကူးနှင့် ပုလဲမြို့သစ်သို့ ပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်ခဲ့သည်။

(၅)
ပြည်ပနိုင်ငံများမှ တရားမ၀င်တင်သွင်းလာသော မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ တရားဥပဒေနှင့်အညီ နိုင်ငံပိုင် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းသိမ်းဆည်းထားသည့် မော်တော်ဆိုင်ကယ်များကို ပိုင်ရှင်ဖြစ်သူက ပြန်လည်ရယူလိုကြောင်း လျှောက်ထားနိုင်ပြီး လျှောက်ထားပါက ဆိုင်ကယ်တန်ဖိုးနှင့် ကျသင့်သည့်အခွန်ငွေများ ပေးဆောင်ရမည်ဖြစ်ကာ နိုင်ငံတော်က တရားဝင်မော်တော်ဆိုင်ကယ်အဖြစ် ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

(၆)
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း၏ ပြဿနာများနှင့် အဖြေကိုလည်း အားလုံးသိရှိနေကြပြီးဖြစ်၍ လက်တွေ့စတင်လုပ်ဆောင်ရန်သာ လိုအပ်ကြောင်း၊ အမှန်တကယ် စလုပ်သည့်အချိန်မှ ဆယ်နှစ်အတွင်း အဓိကဆန်တင်ပို့သည့် နိုင်ငံအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင် ပြုလုပ်သည့် မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဖွံ့ဖြိုးရေးပညာရှင်တစ်ဦးလည်းဖြစ်သူ ဦးတင်မောင်သန်းက ဆိုသည်။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍသည် စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းရန် လိုအပ်ကြောင်း၊ ပညာရှင်အများစုသည် အတိတ်ကာလကဲ့သို့ ထိပ်တန်းဆန်တင်ပို့သည့် နိုင်ငံအဖြစ် ပြန်ရောက်ရေးအတွက် စပါးကိုသာ ဦးစားပေး စဉ်းစားနေကြောင်း၊ လက်ရှိမြန်မာနိုင်ငံသည် ကမ္ဘာ့ဒုတိယ ပဲအများဆုံးတင်ပို့သည့်နိုင်ငံ၊ အာဆီယံ၏ ထိပ်တန်းပဲတင်ပို့သည့် နိုင်ငံဖြစ်နေပြီး ပဲမျိုးစုံစိုက်ပျိုးခြင်းသည် တောင်သူများကို အရင်းနည်းနည်းနှင့် အမြတ်များများ ရရှိစေသဖြင့် အကျိုးများသည့် သီးနှံဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။
"စိုက်ပျိုးရေးကို အခြေခံတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ဘယ်သီးနှံကို အဓိကစိုက်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းဖြစ်ရင် ပိုကောင်းပါတယ်။ ဆန်လား၊ ပဲလားပေါ့" ဟု ၎င်းကဆိုသည်။

(၇)
ဈေးသက်သာ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Asia လေကြောင်းလိုင်းသည် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ် တစ်ကြောင်းသွား (One Way)ကို မလေးရှားငွေ ၂၉ ရင်းဂစ် (မြန်မာငွေ ကျပ်တစ်သောင်းဝန်းကျင်) ဖြင့် ဇူလိုင်လတွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
ယင်းခရီးစဉ်အတွက် ခရီးသည် ၁၈၀ ဆံ့ A320 Airbus အမျိုးအစားဖြင့် ပြေးဆွဲပေးမည်ဟု Air Asia က ဆိုသည်။

(၈)
ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ၀ယ်လိုအားနှင့်ဈေးနှုန်း နှစ်ဆမြင့်တက်လျက်ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။
ပင်လုံလမ်း (ပထမလမ်း) (ဒုတိယလမ်း) (တတိယလမ်း) တို့တွင် ပေ ၄၀ x ၆၀ ပတ်ဝန်းကျင် အိမ်အပါ မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀၊ ၁၃၀၀ အထိ ပေါက်ဈေးရှိပြီး နေရာပေါ်မူတည်၍ ဈေးနှုန်းမြင့်တက်လျက်ရှိ။
ဒဂုံမြို့သစ် (မြောက်ပိုင်း) အတွင်းပိုင်းရပ်ကွက်များတွင် ပေ ၄၀ x ၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၁၀၀ နှင့်အထက် ပေါက်ဈေးရှိပြီး နေအိမ်အပါ ကျပ်သိန်း ၃၀၀၊ ၃၅၀ ၀န်းကျင်များ အရောင်းအ၀ယ်ပိုဖြစ်ကြောင်း သိရှိရသည်။

(၉)
မိုးရာသီသို့ဝင်ရောက်လာ၍ ရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားသဖြင့် ရွှေကုန်ကြမ်းဝင်ရောက်မှု လျော့ကျသွားရာ အမေရိကန်ဒေါ်လာဈေး ကျဆင်းနေသော်လည်း ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမှာ စံချိန်တင် ထပ်မံမြင့်တက်လာကြောင့် သိရှိရသည်။
ဇွန်လ ၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၆၄၁၅၀၀ ကျပ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ၆၄၄၀၀၀ ကျပ် အထိ မြင့်တက်လာခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့တွင် ၆၄၇၅၀၀ ကျပ်အထိ စံချိန်တင်ဈေးသို့ ထပ်မံရောက်ရှိလာကြောင်း ရန်ကုန်ရွှေကုန်သည်များက ပြောကြားသည်။

(၁၀)
မော်ဒယ်လ်မြင့်ကားများတွင် သုံးစွဲသည့် အင်ဂျင်ဆွဲအားကောင်း အဆင့်မြင့် Octane လောင်စာဆီကို New Day ပုဂ္ဂလိကလောင်စာဆီ အရောင်းဆိုင်တွင် ကျပ်ငွေဖြင့် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။
ယခင်က Octane ၀ယ်ယူရာတွင် FEC နှင့် ၀ယ်ယူရကြောင်း၊ ယခုကျပ်ငွေဖြင့် ၀ယ်ယူရသော်လည်း တစ်ဂါလန် ၃၅၀၀ ကျပ်၊ FEC ၃ ဒသမ ၅ ကျပ် ကျသဖြင့် ကျပ်ငွေဖြင့် ၀ယ်ယူရသည့်နှုန်းက ဈေးအနည်းငယ်များကြောင်း ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
လက်ရှိရောင်းချပေးနေသည့် Octane မှာ ၉၂ ဂရိတ်ရှိပြီး လိုသလောက် ရောင်းချပေးနေကြောင်း၊ တစ်လအတွင်း ဈေးနှုန်းပြောင်းလဲရန်မရှိကြောင်း၊ တစ်ရက်လျှင် ဂါလန် ၆၀၀၀ ခန့် ရောင်းရကြောင်း ဆိုင်မန်နေဂျာက ပြောကြားသည်။

(၁၁)
မန္တလေးမြို့တော်၏ ပထမဦးဆုံး ကွန်ဒိုယဉ်ကျေးမှုကို မွေးဖွားပေးမည့် မန်းမြန်မာ ၂၅ ထပ်ကွန်ဒိုမှာ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင်မှ ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါကွန်ဒိုစီမံကိန်းကို မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူပူးပေါင်း တည်ဆောက်လျက်ရှိသည့် မြန်မာ-မန္တလေးကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ ဦးသိန်းဝင်းက ပြောကြားသည်။

Source: The VOICE Weekly, Vol-6, No-31, June 21-27, 2010

No comments:

Post a Comment

 
Web Statistics