နိုင်ငံတစ်နိုင်ငံရဲ့ စီမံအုပ်ချုပ်မှုကို သြဇာလွှမ်းမိုးနိုင်တဲ့ အချက်သုံးချက်ရှိပါတယ်-
(၁) ရွေးချယ်ခဲ့တဲ့ နိုင်ငံရေးစနစ်
(၂) နိုင်ငံဖွံ့ဖြိုးမှုအတွက် စီးပွားရေးနဲ့ လူမှုရေးစွမ်းအားစုများကို ဘယ်ပုံဘယ်နည်း ထိန်းသိမ်းမှုနဲ့
(၃) ဖွံ့ဖြိုးမှုပေါ်လစီများကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်နိုင်မှုစွမ်းရည်တို့ ဖြစ်ပါတယ်။
Good Governance မှာ အခြေခံမူငါးချက် ရှိပါတယ်။ ဒီအချက်တွေကတော့-
(၁) ပွင့်လင်းမှု
(၂) ပါဝင်လှုပ်ရှားမှု
(၃) တာဝန်ယူမှု
(၄) ထိရောက်မှု
(၅) ပူးပေါင်းဆက်စပ်မှု
Good Governance မှာ အခြေခံလက္ခဏာရှစ်ရပ်ရှိတာ တွေ့ရပါတယ်။
(၁) ပါဝင်လှုပ်ရှားမှု
ယောက်ျားတွေရော၊ မိန်းမတွေပါ ပါဝင်ရမှာဖြစ်ပါတယ်။ တိုက်ရိုက်ပါဝင်မှုရှိသလို ကိုယ်စားလှယ်များကနေတစ်ဆင့် ပါဝင်လှုပ်ရှားနိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ လူ့ဘောင်အဖွဲ့အစည်းမှာ အင်အားအနည်းဆုံးပုဂ္ဂိုလ်တွေရဲ့ ပါဝင်မှုဖြစ်ပါတယ်။ ပါဝင်တဲ့နေရာမှာလည်း စနစ်တကျ ပါဝင်ဖို့လိုပြီး စုစည်းမှုရှိရမှာ ဖြစ်ပါတယ်။ ဒီလိုပါဝင် လှုပ်ရှားနိုင်ဖို့ လွတ်လပ်စွာပြောဆိုခွင့်၊ လွပ်လပ်စွာစုစည်းခွင့်ရှိပြီး ရှင်သန်ကြီးထွားတဲ့ အရပ်ဘက်အဖွဲ့အစည်းများ ကြီးထွားဖို့ လိုအပ်လှပါတယ်။
(၂) တရားဥပဒေစိုးမိုးရေး
မျှတတဲ့ ဥပဒေဘောင်တွေရှိဖို့လိုသလို တည်ဆဲဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ဘက်မလိုက်ဘဲ ကျင့်သုံးဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးတွေကို အပြည့်အ၀ ထိန်းသိမ်းကာကွယ်ဖို့လိုပြီး ဥပဒေ၀န်ထမ်းတွေဟာလည်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့ အရေးကြီးတာပါပဲ။ ပြည်သူ့ရဲတပ်ဖွဲ့ဟာလည်း ဖြောင့်မတ်တည်ကြည်ပြီး ဘက်မလိုက်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်ပါတယ်။
(၃) ကြည်လင်မှု၊ ပွင့်လင်းမှု
ဒီနေရာမှာ အဆုံးအဖြတ်တွေဟာ ကွယ်ဝှက်မှုမရှိဘဲ သတင်းအချက်အလက်တွေဟာ လွတ်လွတ်လပ်လပ် ဖြန့်ဝေနိုင်စွမ်း ရှိရမှာဖြစ်ပါတယ်။ မီဒီယာဟာလည်း အလွန်အရေးပါတဲ့အခန်းမှာ ပါဝင်ဖို့ လိုအပ်တယ်။
(၄) တုံ့ပြန်မှု
အဖွဲ့အစည်းတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အချိန်မီတုံ့ပြန်နိုင်ပြီး ကျင့်သုံးတဲ့ လုပ်ငန်းအစီအစဉ်တွေဟာလည်း ချောမွေ့အဆင်ပြေမှု ရှိပါတယ်။
(၅) နားလည်သဘောတူညီမှုရအောင် ဆက်သွယ်မှု
မတူညီတဲ့လိုအပ်မှုတွေ၊ စိတ်ဝင်စားမှုတွေကို ညှိနှိုင်းပေးပြီး လူ့ဘောင်အဖွဲ့အစည်း တစ်ခုလုံးရဲ့ အကျိုးကို ဦးထိပ်ထားတဲ့ ဦးတည်မှုဖြစ်ပါတယ်။
(၆) အားလုံးကို သိမ်းသွင်းနိုင်မှု
လူ့ဘောင်အဖွဲ့အစည်းမှာ မှီတင်းနေထိုင်ကြသူအားလုံးအနေနဲ့ မိမိရဲ့ နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုကို ရှေးရှုပြီး ဘယ်သူဘယ်ဝါကိုမှ ဘယ်အကြောင်းနဲ့မှ ချန်လှပ်မထားခြင်း ဖြစ်ပါတယ်။
(၇) ထိရောက်စွာ ဆောင်ရွက်မှုနဲ့ စွမ်းရည်ပြည့်ဝစွာ လုပ်ဆောင်ခြင်း
ပိုင်ဆိုင်ထားတဲ့ စွမ်းအားစုတွေကို အကောင်းဆုံးအသုံးချနိုင်စွမ်းရှိပြီး သဘာဝသယံဇာတ စွမ်းအားစုတွေကိုလည်း နောင်လာနောက်သားများအတွက် ထိန်းသိမ်းနိုင်မှု ဖြစ်ပါတယ်။ မိမိရဲ့ဝန်းကျင်ကိုလည်း မပျက်စီးအောင် ထိန်းသိမ်းထားခြင်း ဖြစ်ပါတယ်။
(၈) တာဝန်ယူမှုနဲ့ စာရင်းရှင်းနိုင်စွမ်းရှိမှု
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
နိုင်ငံတစ်နိုင်ငံမှာ အသွင်ပြောင်းလိုတဲ့ဆန္ဒရှိပါက ဘာတွေကို ဦးစားပေးပြီး ဆောင်ရွက်သင့်တယ်ဆိုတာကို ဖော်ထုတ်ပေးခဲ့ပါတယ်။
ဦးစားပေးသင့်တဲ့နေရာတွေကတော့-
- စီးပွားရေးအဆောက်အဦ စီမံခန့်ခွဲမှု
- ဈေးကွက်စီးပွားရေးစနစ် ရှင်သန်ကြီးထွားနိုင်စေရန် လိုအပ်သောအဖွဲ့အစည်းများ တည်ထောင်ပြုစုမှု
- တရားဥပဒေစိုးမိုးရေး
- ကျွမ်းကျင်လိမ္မာတဲ့ ပြည်သူစီမံအုပ်ချုပ်မှု
- ဒီမိုကရေစီကျင့်စဉ်များ ရှင်သန်မှု
- လူ့ကျင့်ဝတ်နဲ့ညီညွတ်အောင် ဆောင်ရွက်နိုင်ဖို့ ကြီးကြပ်ပေးခြင်း
- ယှဉ်ပြိုင်မှုကို ဖန်တီးခြင်း
- တက်ကြွတဲ့ ပုဂ္ဂလိကကဏ္ဍကို မြေတောင်မြှောက်ခြင်း
- အလုပ်အကိုင်များ ဖန်တီးပေးပြီး ၀င်ငွေတိုးအောင် ဆောင်ရွက်ခြင်း
- ကြီးပွားချမ်းသာအောင်လုပ်ဆောင်ခြင်း
- သဘာဝသယံဇာတပစ္စည်းများကို စွမ်းရည်ပြည့်အောင် အသုံးချခြင်း
ပစ်မှတ်အနေနဲ့ အာရုံပြုပြီး ဆောင်ရွက်သွားသင့်တဲ့ နေရာများကတော့-
- စီမံကိန်းရေးဆွဲရေး၊ မူပေါ်လစီချမှတ်မှုနဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစွမ်းရည်များ ခိုင်မာတိုးတက်အောင် လုပ်ဆောင်ခြင်း
- အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ခြင်း
- ပိုင်ဆိုင်မှုအခွင့်အရေးများကို အာမခံနိုင်သည့် သက်ဆိုင်ရာဥပဒေများ ချမှတ်ပြီး စီမံအုပ်ချုပ်ခြင်း
- မျှတမှုရှိတဲ့ အခွန်စည်းကြပ်မှုစနစ် ထုတ်ဖော်ခြင်း
- ဘဏ်လုပ်ငန်းများနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းများကို အားပေးခြင်း
- အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးခြင်း
- စီးပွားရေးနည်းပညာများကို သင်ကြားပို့ချခြင်း
- အခြေခံဝန်ဆောင်မှုများဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှုများကို ပြုပြင်ဆောင်ရွက်ခြင်း
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ဒီအပတ်ထုတ် VOICE ထဲက ပါမောက္ခဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲအတွေ့အကြုံ (၇၄)ကနေ ကောက်နုတ်တင်ပြထားတာပါ။ ဆောင်းပါးတစ်ပုဒ်လုံးကို ပြန်လည်တင်ပေးဖို့ အဆင်မပြေတဲ့အတွက် ရွေးထုတ်တင်ပြပေးလိုက်ပါတယ်။ --------------[ကိုဉာဏ်]
No comments:
Post a Comment