နံပါတ်(၁)ကတော့ မိမိပါတီကို လိုလားသူ ထောက်ခံသူ ပါတီဝင်အဖြစ် ကာယကံမြောက် ပါဝင်လာမယ့်သူတွေကို စည်းရုံးခြင်းဖြစ်တယ်။ နံပါတ်(၂)ကတော့ ရွေးကောက်ပွဲများမှာ ဆန္ဒမဲပေးဖို့ လူထုကို စည်းရုံးခြင်းဖြစ်တယ်။
နံပါတ်(၁) အမျိုးအစားထဲက ပါဝင်ဝင်မယ့်သူဟာ-
(က) မိမိပါတီရဲ့ မူဝါဒတွေကို အလွန်မှ နှစ်သက်သဘောကျလက်ခံပြီး သူကိုယ်တိုင်လည်း အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ တစ်တပ်တစ်အား ပါဝင်မယ်လို့ ဆုံးဖြတ်ပြီး (ယုံကြည်ချက်အတွက်) ၀င်လာသူ ဖြစ်နိုင်တယ်။
(ခ) သူ့နယ်သူ့ဒေသမှာ ခေါင်းဆောင်အဖြစ် နေရာလိုချင်လို့ (ဂုဏ်သိက္ခာအတွက်) ပါတီဝင်သူ ဖြစ်နိုင်တယ်။
(ဂ) ဒီပါတီကိုဝင်ပြီး လှုပ်ရှားလိုက်ရင်ဖြင့် အချိန်တိုအတွင်း အမတ်ဖြစ်ချည်ရဲ့၊ အခွင့်ထူးတွေရချည်ရဲ့လို့ စိတ်ကူးယဉ်ပြီး (ကိုယ်ကျိုးစီးပွားအတွက်) ပါတီဝင်သူ ဖြစ်နိုင်တယ်။
နိုင်ငံရေးပါတီ စည်းရုံးရေးဆင်းသူတွေဟာ (က)အမျိုးအစား ပါတီဝင်တွေကို များများစုဆောင်းသင့်တယ်။ (ခ)အမျိုးအစားတွေကိုလည်း သည်းခံပြီး စုဆောင်းရမှာပဲ။ (ဂ)အမျိုးအစားကတော့ မိမိပါတီ ပျက်စီးရာပျက်စီးကြောင်းကို ဖန်တီးမည့် အမှိုက်များ ဖြစ်တဲ့အတွက် ကြပ်ကြပ်သတိထားပြီး ဖယ်ရှားကြသင့်ပါတယ်။ မိမိပါတီအတွက်သာမက တိုင်းပြည်အတွက်ပါ ကောင်းကျိုးပေးမယ့်လူတွေ မဟုတ်ပါဘူး။
နိုင်ငံရေးပါတီတွေ ဖွဲ့စည်းရာမှာ
(၁) ကေဒါပါတီ
(၂) လူထုပါတီ ဆိုပြီး နှစ်မျိုးရှိပါတယ်။
ကေဒါပါတီက အဖွဲ့ဝင်ဦးရေကို အဓိကမထားပါဘူး။ တချို့ဆို အဖွဲ့ဝင်တောင် မစုဆောင်းဘူး။ ကေဒါလို့ခေါ်တဲ့ အမာခံပါတီဝင်တွေကိုပဲ မွေးယူတယ်။ တစ်ယောက်ကောင်းသော် တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ ဆိုသလိုမျိုးပေါ့။ အရည်အချင်းပြည့်ဝတဲ့ ကေဒါတစ်ယောက်ရဲ့အားဟာ ဝေလေလေ နောက်လိုက် တစ်ထောင်မက အားရှိတယ်လို့ ခံယူပါတယ်။
လူထုပါတီကတော့ သောကောရောကော ပါတီဝင်အင်အား များနိုင်သမျှများအောင် စုဆောင်းတယ်။ ဝေလေလေတွေ၊ အခွင့်အရေးသမားတွေ၊ အချောင်သမားတွေ၊ အယောင်ဆောင်ပုံမှားရိုက်သူတွေ၊ ခါတော်မီ လက်သီးလက်မောင်းတန်းသူတွေ ပါလာမယ်။ ဒါပေမယ့် အာဏာရပါတီဆိုရင်တော့ သူတို့မျှော်မှန်းသလို အခွင့်အရေးတွေ ရချင်ရမယ်။ အာဏာမရှိတဲ့ အနေအထားရောက်သွားပြီး နိုင်ငံရေးလောကဓံတွေနဲ့ ကြုံရတဲ့အခါ အဲသလိုလူတွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာပဲ။
နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတဲ့အခါ
(က) ဖဆပလနည်း၊
(ခ) ဗကပနည်း၊
(ဂ) သန့်ရှင်းဖဆပလနည်း၊
(ဃ) တည်မြဲဖဆပလနည်း၊
(င) မဆလနည်း ဆိုပြီး ငါးမျိုးနမူနာ တွေ့ရတယ်။ (ကျွန်တော့်ရဲ့ ကိုယ်ပိုင်လေ့လာချက်များအရ သတ်မှတ်တာပါ။)
(က) ဖဆပလနည်းက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလကြီးဖြစ်တဲ့အတွက် လူထုက ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်ပြီးသား။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး လက်တကမ်းပဲ လိုတော့တဲအတွက် ဖဆပလကို ထောက်ခံကြပါ။ ဖဆပလ အမတ်လောင်းတွေကို လူကိုမကြိုက်သော်လည်း ဖဆပလမျက်နှာကိုထောက်ပြီး ထောက်ခံမဲပေးကြပါလို့ မိန့်ခွန်းပြောထားပြီးသား။ ဒီတော့ ဖဆပလတွေက ဗိုလ်ချုပ်အောင်ဆန်း အရိပ်ကိုခိုပြီး အသာလေးမျှောလိုက်သွားရုံပဲ။ ဆရာကြီး သခင်ဝတင်ရဲ့ "ဒို့ဘာတွေ ဖြစ်နေသလဲ" စာအုပ်ထဲက ရေးသားချက်များအရဆိုရင် အဲဒီခေတ်က ဖဆပလတချို့ဟာ လူထုကို စော်ကားမော်ကားနဲ့ အတော်မောက်မာ ခဲ့ကြသေးသတဲ့။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးတဲ့ ပြည်သူလူထုက သူတို့ကို ခွင့်လွှတ်ပြီး တစ်ခဲနက် မဲပေးခဲ့ကြတယ်။
(ခ) ဗကပနည်းကတော့ လွတ်လပ်ရေးရပြီး လပိုင်းမျှအကြာ ၁၉၄၈ မတ် ၂၈ မှာ တောခိုတယ်။ ခေါင်းဆောင်တွေကို ဖမ်းတယ်။ မြေပေါ်မှာ မနေနိုင်အောင် တွန်းပို့လို့ တောခိုခဲ့ရတယ်။ ဖဆပလဟာ အဓမ္မ၀ါဒီတွေ၊ ဗကပကတော့ မတရားနှိပ်စက် ခံရရှာသူတွေလို့ လူထုအမြင်မှာ ပေါ်လွင်အောင် ယှဉ်ပြပြီး စည်းရုံးခဲ့တယ်။
(ဂ) သန့်ရှင်းဖဆပလနည်းက တည်မြဲဖဆပလဟာ သန့်ရှင်းတွေကို နှိပ်စက်နေပါတယ်လို့ လူထုကို တိုင်တည်တယ်။ သန့်ရှင်းခေါင်းဆောင်ကြီး ဦးနုဟာ ဘုရားဒကာကြီး၊ မတရားအာဏာ အလုခံရတဲ့ သူတော်ကောင်းကြီးလို့ လူထုကို တင်ပြခဲ့တယ်။ ရွေးကောက်ပွဲ ကာလကျတော့ "တည်မြဲတွေပေးတာယူ ကျွေးတာစား၊ မဲထည့်တော့ သန့်ရှင်းကိုထည့်ပါ" လို့ ပြောပြီး စည်းရုံးခဲ့တယ်။ "လူတည်မြဲ မဲသန့်ရှင်း" ဆိုတဲ့ ပြောစမှတ်စကား တွင်ခဲ့ပါတယ်။
(ဃ) တည်မြဲဖဆပလနည်းက ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင်က "နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်" လို့ မောက်မာစကားတွေ ပြောခဲ့တယ်။ သူတို့က လူထုကို ခြိမ်းခြောက်ဟိန်းဟောက်လိုက်ရင် အမြီးကုပ်ပြီး သူတို့ကိုပဲ မဲပေးလိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်။ နောက်ဆုံးတော့ လူတည်မြဲ မဲသန့်ရှင်းဖြစ်သွားပြီး ခွက်ခွက်လန်အောင် ရှုံးတော့တာကိုး။
(င) မဆလနည်းကတော့ ရှင်းပါတယ်။ တစ်ပါတီစနစ်ဆိုတော့ ပါတီဝင်ဆိုတာ အခွင့်ထူးခံပဲ။ ပါတီကိုထောက်ခံရင် စားသာမယ်၊ မထောက်ခံရင် ခါးပါမယ်ဆိုတာကို လက်တွေ့ဖြစ်ရပ်တွေနဲ့ပြပြီး စည်းရုံးတာပါ။ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်း တစ်ယောက်တည်းကို အဖြူပုံးနဲ့ အမည်းပုံးထားပြီး ထောက်ခံ/ကန့်ကွက် ဆန္ဒမဲ ထည့်ခိုင်းတယ်။ လူထုကြီးက သန်းချီပြီး ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုတာပဲ။ နောက်ဆုံးတော့လည်း သန်းပေါင်းများစွာရှိတဲ့ ပါတီဝင်တွေကိုယ်တိုင် နေလာနှင်းပျောက် ဖြစ်ကုန်ကြလေရဲ့။
ခေတ်သစ်မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က သွားလေသူများကိုကြည့်ပြီး သင်ခန်းစာယူတတ်ရင် မြတ်မှာပါ။
No comments:
Post a Comment