Thursday, July 01, 2010

နိုင်ငံရေးဦးနှောက်နှင့် ပုံပြင်အညွှန်းဆယ်ချက် - မောင်စူးစမ်း


mgsusanmyanmarthway.jpg
နိုင်ငံရေးပုံပြင်တွေ
ရွေးကောက်ပွဲရာသီချိန်တွင် နိုင်ငံရေးဦးနှောက်တွေ ပေါ်လာပြီး နိုင်ငံရေးပုံပြင်တို့ကို ပြောကြသည်။ နားထောင်ကြသည်။ နိုင်ငံရေးဦးနှောက်ဆိုရာ၌ မဲဆန္ဒရှင်တို့၏ ဦးနှောက်နှင့် ရွေးကောက်ပွဲ၌ အရွေးခံမည့် နိုင်ငံရေးပါတီကိုယ်စားလှယ်တို့၏ ဦးနှောက်တို့ကို ရည်ညွှန်းသည်။ အဓိကအားဖြင့် မဲဆန္ဒရှင်တို့၏ ဦးနှောက်ကို ရည်ညွှန်းသည်။ မဲဆန္ဒရှင်တွေ ဘယ်လိုတွေးသလဲ၊ ဘယ်လိုခံစားသလဲက ပိုပြီးအရေးကြီးသည်။ တစ်ဖန် မဲဆန္ဒရှင်တို့က Reason ဆင်ခြင်တုံတရားကို ပိုပြီး အလေးထားသလား၊ သို့တည်းမဟုတ် Emotion အာရုံခံစားမှုကို ပိုပြီး အလေးထားသလား ဆိုပြီးလည်း ခွဲခြားစိစစ် ကြည့်ရှုရန်လိုသည်။

ခေတ်ပြိုင်နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ လေ့လာမှုတစ်ရပ်တွင် နိုင်ငံရေး၌ အိုင်ဒီအိုလိုဂျီခေါ် ၀ါဒအစွဲအလမ်းက မလွှမ်းမိုးတော့ဘဲ အာရုံခံစားမှု ရသခံစားမှု Sensibility က ပိုပြီးလွှမ်းမိုးလာသည်ဟု ဖော်ပြထားသည်။ အာရုံခံစားမှုတွင် ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ရွံ့ခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် နိုင်ငံရေးပုံပြင်တို့ကို ပြောရာတွင် ၀ါဒဘက် ကိုင်းညွတ်လာစေရန်ထက် အာရုံခံစားမှုကို နှိုးဆွရန် ရည်ရွယ်ရသည်။

၁၀ ချက်
ဆိုလိုသည်မှာ ၀ါဒသဘောတရားတွေနှင့် ဘယ်လိုပင် ခံညားအောင် တန်ဆာဆင်ဆင် အဓိကအားဖြင့် နိုင်ငံရေးပုံပြင်တို့ကိုသာ ပြောရမည်။ လူထုနားလည်သော ပုံပြင်တို့ကိုသာ ပြောရမည်။ ဤနိုင်ငံရေးပုံပြင်တို့ လူထုနားထဲ စွဲသွားအောင် အောက်ပါ ၁၀ ချက်ပါ အခြေခံတို့ကို ပါဝင်စေရမည်ဟု နိုင်ငံရေးကျမ်းပြုစုသူ ပညာရှင်တစ်ဦးက ပြုစုဖော်ပြသည်။
  1. ပြောသောပုံပြင်တို့သည် လူ့ဦးနှောက်က နားလည်နိုင်စွမ်းရှိသော ပုံပြင်တို့ဖြစ်ရမည်။
  2. ပုံပြင်တွင် ဇာတ်ဆောင်ဇာတ်လိုက်ရှိရသလို ဇာတ်ဖျက်သူလည်း ရှိရမည်။ မိမိတို့၏ပါတီနှင့် မဟာဗျူဟာတို့သည် ပြည်သူအတွက်ဖြစ်၍ အတိုက်အခံဆန့်ကျင်ဘက်တို့၏ ပြည်သူ့အကျိုးဆန့်ကျင်မှုကို လက်မခံပါဟု ဖော်နိုင်ရမည်။
  3. ပုံပြင်သည် သိပ်သိပ်သည်းသည်းရှိရမည်။ ဗဟိုဇာတ်ဆောင်၏ ရည်ရွယ်ချက် ပီပြင်စေပြီး ပုံပြင်ကို ရှေ့ဆက်ဖတ်ချင်စိတ်၊ ရှေ့ဆက်နားထောင်ချင်စိတ် ပေါ်စေရမည်။
  4. ပုံပြင်၌ ကျင့်ဝတ်သီလတရားအကြောင်း ပါရမည်။
  5. ပုံပြင်သည် ပွင့်ပွင့်လင်းလင်းရှိ၍ မှတ်မိလွယ်ရမည်။
  6. ပုံပြင်သည် ဆွဲဆောင်နိုင်မှု အားကောင်းရမည်။
  7. ဆွဲဆောင်မှုနှင့် ခံစားမှု သက်ရောက်မှုအားကောင်းစေရန် ဗဟိုဇာတ်ကောင်တို့ကို ပီပီပြင်ပြင် သရုပ်ဖော်ရမည်။
  8. အလင်္ကာတန်ဆာဆင်မှု ကြွယ်ဝရမည်။ သို့ဖြင့် အနှိုင်းအင်အား ကောင်းစေရမည်။
  9. အတိုက်အခံတို့၏ ပုံပြင်နှင့် အလင်္ကာစကားတို့ကိုလည်း မိမိပုံပြင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ရမည်။
  10. ပုံပြင်သည် ပါတီ၏ မူရင်းပုံဖြစ်လျှင် ကလေးတို့ကို ပြောပြနိုင်သော ပုံပြင်တွေဖြစ်အပ်သည်။ ကလေးတို့၏ သြဇာကို အသိအမှတ်ပြုရန် လိုသည်။
နိုင်ငံရေးသည် ပုံပြောခြင်းဖြစ်၍ ပုံပြောကောင်းလျှင် မဲနိုင်,နိုင်သည်။ ထို့ကြောင့် ပုံပြောခြင်းကို နိုင်ငံရေးဦးနှောက်တစ်မျိုးအဖြစ် အသိအမှတ်ပြုနိုင်သည်။
အညွှန်း - Political Brain by Drew Western

No comments:

Post a Comment

 
Web Statistics