ကျွန်တော်သည် ပြုံးလိုက်ရပေသည်။ သတင်းစာဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နေ့စဉ်အဖြစ်အပျက်များကို မှတ်တမ်းတင် ဖော်ပြခြင်းပြုရသော တစ်ရက်စာသမိုင်း ဖြစ်လေသည်။ ယင်းသို့ နိုင်ငံတစ်နိုင်ငံ၏ နေ့စဉ်အရေးအခင်းနှင့် အဖြစ်အပျက်များကို နေ့စဉ်နှင့်အမျှ မှတ်တမ်းတင်ဖော်ပြလျက် ထင်မြင်ချက်နှင့် သတင်း၏ မှတ်ချက်များကိုပါ ရေးသားဖော်ပြခြင်း ပြုနေရသော နေ့စဉ်သတင်းစာကြီးတစ်စောင်၏ တာဝန်ခံအယ်ဒီတာချုပ်က ထိုကဲ့သို့ "နိုင်ငံရေးမပါသော စာပေစစ်စစ်" ဆောင်းပါးကိုမှ တိုက်တွန်းတောင်းဆိုလိုက်သောအခါ ကျွန်တော့်အဖို့ ပြုံးလိုက်ရုံမှတစ်ပါး အခြားအဘယ်သို့ တုံ့ပြန်ခြင်းပြုရမှန်း မသိတော့ချေ။
"တကယ်ပြောနေတာပါဗျ ကိုတင်အောင်ရဲ့၊ ခင်ဗျားရေးနိုင်ရင် ရေးပေးစမ်းပါဦး"
သတင်းရှားပါးနေပုံရသော သတင်းစာဆရာသည် စီးကရက်ဘူးကို လှမ်း၍တည်ရင်း ထပ်မံတိုက်တွန်းနေပြန်သည်။
ကျွန်တော်သည်လည်း နေ့စဉ်သတင်းစာကြီးတစ်စောင်နှင့် နိုင်ငံရေးဂျာနယ်ကြီး တစ်စောင်တို့ကို တာဝန်ခံအယ်ဒီတာချုပ်အဖြစ်နှင့် ဦးစီးထုတ်ဝေခဲ့ဖူသူ တစ်ယောက်ဖြစ်သည်။ ဤကဲ့သို့ တိုက်တွန်းတောင်းဆိုနေသော ဘ၀တူသတင်းစာဆရာကို ကိုယ်ချင်းစာမိပေသည်။ ထိုကလောင်သမားသည် ငတ်ငတ်ကလေး အကြပ်တွေ့နေပုံရသည်။
သူသည် နိုင်ငံအရေးကို အဓိကထား၍ ရေးသားပေးနေရသော သတင်းစာကြီးတစ်စောင်ကို တာဝန်ခံနေရသည်။ ထို့အပြင် နိုင်ငံရေးသတင်းနှင့် ဆောင်းပါးများ ထင်မြင်ချက်များကို ၎င်း၏သတင်းစာတွင် ရေးသားဖော်ပြခြင်း မပြုနိုင်လောက်အောင် အကြပ်အတည်း ဆိုက်လျက်နေပေသည်။ ထို့အပြင် နှစ်ပေါင်းများစွာကတည်းက (ဂျပန်ခေတ်ကပင်စ၍) တစ်နေ့မှမပျက် နေ့စဉ်မှန်မှန် ထုတ်ဝေလျက်ရှိသော ထိုသတင်းစာကြီးကို ရပ်ဆိုင်းခြင်း ပြုရန်ကလည်း မဖြစ်ချေ။ သူသည် တာဝန်ခံအယ်ဒီတာချုပ် ဖြစ်လေသည်။ ဘာပဲဖြစ်နေပေစေ ထိုသတင်းစာကို ကျီးငှက်များ မနိုးမီ အဆင်သင့်ဖြစ်အောင် ပြုလုပ်ရန်မှာ သူ၏တာဝန် ဖြစ်လေသည်။ သို့ရာတွင် ထိုသတင်းစာ၏ အဓိကအကြောင်းအရာဖြစ်သော နိုင်ငံရေးကိုကား သူသည် အတတ်နိုင်ဆုံး ရှောင်ကွင်းနေရသော ဘ၀အခြေပင် ဖြစ်လေသည်။
ကျွန်တော်သည် ထိုဘ၀တူသတင်းစာဆရာမိတ်ဆွေကို အဘယ်သို့ ကူညီနိုင်ပါမည်နည်း။ မည်သူကော ကူညီရပါမည်နည်း။
နိုင်ငံရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်း၌ လူအများအားလုံး၏ စား၊ ၀တ်၊ နေ၊ ရေး ကိစ္စကြီးဖြစ်ပေသည်။ လူတို့၏ စား၊ ၀တ်၊ နေ၊ ရေး နှင့်ကင်းသော အကြောင်းအရာကို အဘယ်မှာ ရှာဖွေရပါမည်နည်း။ အဘယ်သို့ ရှာဖွေရပါမည်နည်း။
"သွားဦးမယ်ဗျာ" ကျွန်တော်သည် ထိုမိတ်ဆွေကို အားတုံ့အားနာ နှုတ်ဆက်လိုက်ပြီးနောက် ထိုင်ရာမှ ထလိုက်ရသည်။ မိမိဘာမှ မတတ်နိုင်သော ကိစ္စတစ်ရပ်ကို လက်မြှောက်လိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည် မဟုတ်လော။
"သွားတော့မလားဗျာ..."
အယ်ဒီတာချုပ်၏ အသံမှာ အားနည်းလှသည်။
"ကျုပ်ကိုတစ်ယောက်တည်း ခုလိုပစ်ထားခဲ့တော့မလို့လား ကိုတင်အောင်ရယ်" ဟု ပြောဆိုလိုက်ခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် သူ၏၀ါကျကို တစ်မျိုးတစ်ဖုံ ဖွဲ့စည်းထားခြင်းမျှသာ ဖြစ်လေသည်။
ကျွန်တော်သည် ထိုရဲဘော်ကို သနားမိသည်။ သို့ရာတွင် သနားရုံမှအပ ဘာမျှတော့ကား မတတ်နိုင်ချေ။ ထို့ကြောင့် "တစ်ခုတော့ ကျုပ်စဉ်းစားမိတာ ရှိတယ်ဗျ" ဟု ခပ်တည်တည်နှင့် ပြောဆိုလိုက်သည်။
ထိုသူသည် ထိုင်ရာမှ ဗြုန်းခနဲထလိုက်ပြီးလျှင် "လုပ်စမ်းပါဦးဗျ။ ပြောစမ်းပါဦး" ဟု အားတက်သရော ပြောဆိုလေသည်။
"ကျွန်တော်သည် သက်ပြင်းကို ခပ်လေးလေးချလိုက်ရင်း "မင်းတုန်းဘုရင်ကြီးလက်ထက်က ခင်ဗျားတို့ ကျုပ်တို့ရဲ့ဘိုးအေ သတင်းစာဆရာကြီး ဖိုးဝဇီရ ထုတ်ခဲ့ဖူးတဲ့ တရားဓမ္မသတင်းမျိုးတွေ ရေးဖို့ပဲ ရှိတော့တာပေါ့ဗျာ" ဟု ပြောဆိုလိုက်မိသည်။
"အေးဗျာ...၊ ဒါပဲ ရေးရတော့မယ် ထင်ပါရဲ့ဗျာ" အယ်ဒီတာက ထိုကဲ့သို့ ငြီးတွားပြောကြားနေခိုက် ကျွန်တော်သည် ထိုသတင်းစာတိုက်အပေါ်မှ ဆင်းပြေးလာခဲ့ရပေတော့သတည်း။
ဗန်းမော်တင်အောင်
မြန်မာနိုင်ငံစာရေးဆရာ စာပေကလပ်မှ (၂၄၊၁၀၊၁၉၆၂) ထုတ်
မြန်မာနိုင်ငံစာရေးဆရာ စာပေကလပ်မှ (၂၄၊၁၀၊၁၉၆၂) ထုတ်
No comments:
Post a Comment