(၁)
မနေ့က ဂျာနယ်တွေသွားယူတော့ ဒီအပတ်ထုတ် မော်နီတာဂျာနယ်ကို ရခဲ့တယ်။ ပို့တာနောက်ကျနေလို့ အခုမှရတဲ့အကြောင်းလည်း ပြောရှာတယ်။ အရင်တစ်ပတ်ကတော့ မထွက်ဘူးလို့ပြောတယ်။ ဘာကြောင့်မထွက်ခဲ့သလဲဆိုတာ အင်တာနက်မှာ ဖတ်ရတဲ့သတင်းတွေကလည်း ဟုတ်ချင်ဟုတ်နေမှာပေါ့။ ဘယ်သူကဘာမှ မရှင်းတဲ့အတွက် ထားလိုက်ပါတော့။ ကိုယ်ဉာဏ်မီတဲ့ ကိစ္စတွေမှ မဟုတ်တာ။ ဖတ်စရာတွေအများကြီးနဲ့ အားပါးတရ ဖတ်လိုက်ရလို့ ဒီအပတ်ထုတ် မော်နီတာကို သဘောကျမိတာ အမှန်ပဲ။ အထူးသဖြင့် ဒီအပတ်ထုတ်က ကာတွန်းဦးစားပေး ဖြစ်ပုံရတယ်။ ပါလာသမျှ ကာတွန်းတွေက သဘောကျစရာချည်းပဲ။ ဆောင်းပါးတွေလည်း ဖတ်ချင်စရာတွေပါတယ်။ ဘာလိုနေမှန်းမသိပေမယ့် တစ်ခုခုလိုပြီး ပေါ့ပျက်ပျက်ဖြစ်နေတာကိုတော့ သတိထားမိတယ်။
(၂)
မကြာသေးခင်တုန်းက ဂျာနယ်တစ်စောင်ထဲမှာ ကာတွန်းတစ်ခု ဖတ်လိုက်ရတယ်။ ဇာတ်ကောင်နှစ်ကောင်ပါတယ်၊ လက်ထဲမှာလည်း ဂျာနယ်ပုံစံလိုမျိုးတစ်ခု ကိုင်ထားပြီးဖတ်နေတယ်၊ ပြီးတော့ တစ်ယောက်ကပြောတယ် "မင်းဟာက ဂျာနယ်အသစ်ဆိုလို့၊ အဟောင်းတွေချည်းပါလားကွ" တဲ့။ အဲဒီတုန်းကတည်းက ရေးချင်နေတာ။ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး။ မှန်ပါတယ်၊ ဂျာနယ်တွေ အတော်များများဟာ ဟိုးအရင်တုန်းက ဆောင်းပါးဟောင်းတွေ၊ ကာတွန်းဟောင်းတွေ၊ သတင်းဟောင်းတွေ၊ သမိုင်းမှတ်တမ်းဟောင်းတွေကို ပြန်ဖော်ပြနေကြတာ အတော်ကြီးကို များတာတွေ့ရတယ်။ ကြိုက်တဲ့လူလည်းရှိ၊ မကြိုက်တဲ့လူလည်း ရှိမှာပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက်ကတော့ ဘယ်မှာလာပြီး အမြင်တူနိုင်ပါ့မလဲ။ ကျွန်တော့်အမြင်ကတော့ ကိုယ်မကြုံခဲ့ဖူး၊ မသိခဲ့ဖူးတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေကို သိခွင့်၊ ဖတ်ခွင့်ရတဲ့အတွက် သဘောကျတာပါပဲ။ အဲဒီတုန်းက အဲဒီလိုတွေ ဖြစ်ခဲ့တာပဲ၊ ဘာတွေကောင်းခဲ့တာပဲ၊ ဘာတွေဆိုးခဲ့တာပဲ စသည်ဖြင့် သင်ခန်းစာယူလို့ ရတယ်လို့ မြင်မိတယ်။ စောစောက ကာတွန်းထဲက ဇာတ်ကောင်လိုမျိုးလူတွေလည်း အပြင်ကမ္ဘာမှာ အများကြီးပါ။ ဒါပေမယ့် အဲဒီလိုလူတွေက အသစ်အသစ်လို့သာ ပါးစပ်က ပြောနေကြတယ်၊ သူတို့တသသ ရေရွတ်လိုက်ရင် တက္ကသိုလ်ဘုန်းနိုင်၊ ဒဂုန်တာရာ၊ လူထုဦးလှ၊ အထောက်တော်လှအောင် စသည်တို့ရဲ့ ဟိုးတုန်းက လက်ရာတွေကိုချည်းပဲ။ ဘာကြောင့် ဒီနေ့ခေတ် စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေရဲ့ လက်ရာတွေကို အရေးတယူ မပြောကြသလဲ။ ကျွန်တော့်အထင်တော့ သူတို့လက်ရာတွေကိုလည်း နောင်လာနောက်သားတွေက အရေးတယူလုပ်ပြီး ပြောကြမှာမဟုတ်တာကို ကြိုတင်သိနေလို့ ဖြစ်မယ်ထင်ပါရဲ့။
(၃)
ပုဂ္ဂလိကဆီဆိုင်တွေ ဖွင့်လာတဲ့အတွက် ၀မ်းသာခဲ့မိတယ်။ ဆီဈေးတွေကျတော့မယ်ပေါ့။ ဆီဈေးတွေကျရင် ကျွဲကူးရေပါဆိုသလို အခြားအရာတွေလည်း တစ်ခုခု ထူးခြားလာနိုင်မယ်ပေါ့။ ဟူးးးးးးးးးးး လို့ပဲ သက်ပြင်းချလိုက်မိတယ်။ ဆီလေးဂါလံဝက်လောက် ၀ယ်ဖို့အရေးကို အလုပ်ပျက်အကိုင်ပျက် တန်းမစီနိုင်တာကြောင့် အပြင်ဆိုင်တွေမှာပဲ ၀ယ်သုံးရတယ်။ ပုဂ္ဂလိကဆီဆိုင်တွေမှာ တစ်ဂါလံကို ၂၅၀၀ ကျပ်၊ အပြင်ဆီဆိုင်တွေမှာ ၃၀၀၀ ကျပ်။ "အချိန်သည်ငွေ" ဆိုတာကို အခုမှပဲ ကောင်းကောင်းသဘောပေါက်တယ်။ အချိန်ကုန်မခံချင်ရင် ပိုက်ဆံအကုန်ခံရတာကိုး။ ကားခတွေလည်း ဈေးကျသင့်ပြီ။ သင်္ကြန်နားနီးကတည်းက ဟိုလိုလိုဒီလိုလိုနဲ့ တက်နေတဲ့ ကားခတွေက ပြန်မကျတော့ဘူး။ အခုဆိုရင် ဓာတ်ဆီဈေးရော၊ ဒီဇယ်ဈေးတွေပါ ကျနေတာပဲ။ ကားခတွေကို လိုက်ချပေးမယ်မရှိဘူး။ "ဘယ်သူသေသေ ငါတို့ချမ်းသာရင်ပြီးရော" ဆိုတဲ့လူတွေ တစ်နေ့တစ်နေ့ ကုသိုလ်တွေ အတော်ရမှာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။
(၄)
ကမ္ဘာ့ဖလားဘောလုံးပွဲ နှစ်ရက်တာအနားရတာမို့ အိပ်ရေးပျက်တာတော့ သက်သာသွားတာ အမှန်ပါပဲ။ အိပ်ရေး၀၀အိပ်ပြီး ကွာတားဖိုင်နယ်လ်အတွက် အားမွေးကြရတယ်။ ဒါပေမယ့် မပျော်နိုင်တဲ့လူတွေလည်း ရှိသကိုးဗျ။ လက်ဘက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေခမျာ ဘောလုံးပွဲမရှိတာကြောင့် ဖောက်သည်တွေ ချက်ချင်းကြီးကို ထိုးကျသွားသတဲ့။ အချို့အချို့တွေက ဒီကမ္ဘာ့ဖလားကြောင့် အလုပ်ပျက်အကိုင်ပျက်မို့ မြန်မြန်ပြီးစေချင်လှပြီ။ အချို့ကတော့ ကမ္ဘာ့ဖလားပွဲရင်လည်းပြီး၊ ဒါမှမဟုတ်ရင်လည်း အိမ်မှာရှိတာ ကုန်တော့မယ်ဆိုတဲ့ လူတွေလည်းရှိသေး။ ဟော... အချို့တွေကျပြန်တော့လည်း ကမ္ဘာ့ဖလားပွဲကို ဖြစ်နိုင်ရင် တစ်နှစ်ပတ်လုံး ကန်ခိုင်းစေချင်တာတဲ့။ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင်နေတဲ့ နိုင်ငံတွေ၊ အသင်းတွေ၊ ကစားသမားတွေရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကတော့ ဘာလဲဆိုတာ သေသေချာချာ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီက လူအချို့ရဲ့ (အများစုလို့ ဆိုနိုင်ပါတယ်) ကမ္ဘာ့ဖလားအပေါ် ရူးသွပ်မှုတွေကတော့ တစ်မျိုးတစ်ဘာသာ ကွဲပြားနေတာ အမှန်ပါပဲ။
(၅)
ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့စကားကို အခုတလော မကြာခဏ ဖတ်ရ၊ ကြားရတယ်။ အဲဒီလိုမဖြစ်ဖို့ ပြောကြ၊ ဆိုကြ၊ ရေးကြ၊ သားကြ၊ တိုက်တွန်းကြတာပါ။ ကျွန်တော်သေသေချာချာ တွေးကြည့်မိတော့ ထိတ်လန့်စရာတစ်ခုကို သွားတွေ့တယ်။ အချို့တွေက သဘောရိုးနဲ့ တကယ့်ကို ငြိမ်းချမ်းစေချင်လို့ အဲဒီစကားကို ပြောတာဖြစ်ပေမယ့် အချို့တွေကတော့ အကာအရံအဖြစ် သူတို့ရဲ့စိတ်တွေကို ဖုံးကွယ်ကြတယ်ဆိုတာပါပဲ။ ငါနဲ့မတူတဲ့ ငါ့ရန်သူထက် ငါနဲ့တူသူ ငါ့ရန်သူဆိုတာက ပိုကြောက်ဖို့ကောင်းတယ်။ "အကြံတူရင် ရန်သူ" ဆိုတာက ပိုကြောက်ဖို့ကောင်းတယ်။ မတူတဲ့အတွက် ဖြစ်လာနိုင်တာတွေကို ကြိုတင်တွေးတော စဉ်းစားဆင်ခြင်ပြီး ပြင်ဆင်လို့ရတယ်။ အဲ... တူတဲ့အတွက်သာ ဘယ်လိုပြင်ဆင်ရမယ်လို့ ကြိုတင်မသိနိုင်ဘူးလေ။ "ငါနဲ့တူပေ ငါ့မိတ်ဆွေ" လို့ တစ်ထစ်ချ ပြောလို့ရနိုင်တာမှ မဟုတ်တာပဲ။ ကြုံဖူးသမျှ အတွေ့အကြုံလေး လက်တစ်ဆစ်နဲ့ ပြောရမယ်ဆိုရင်တော့ အကြံတူပြီး ရန်သူဖြစ်တဲ့လူတွေ ပေးတဲ့ဒုက္ခက ပိုကြီးတတ်တယ်ဆိုတာပါပဲ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၀ နာရီ ၃၇ မိနစ်တွင်ပြီး၏။
အပိုဒ်(၃)နဲ့ ပတ်သတ်ပြီးကြုံခဲ့ရတာလေးတစ်ခုတော့ပြောပြချင်လို့ ပါ...
ReplyDeleteကြာပါပြီအဖြစ်ကတော့..နာဂစ်တုန်းကလေ..ရန်ကုန်မှာဈေးတွေအကုန်တက်..စားသောက်ကုန်တွေအဆိုးဆုံးပေါ့...ရိုးရိုးစားသောက်ဆိုင်တွေလည်းအကုန်ဈေးတက်တာပဲ...ကျွန်တော်တို လမ်းထိပ်မှာဒိန်ချဉ်ရောင်းတဲ့ဗုဒ္ဓဘာသာ အိန္ဒိယ လူမျိုးတစ်ယောက်ရှိတယ်...စကားပြောလည်းသိပ်မပြေပြစ်ဘူးပေါ့ဗျာ..နာဂစ်ဖြစ်ပြီးခါစက သူ့ ဆီမှာဒိန်ချဉ်သွားသောက်တယ်...သူကပုံမှန်ဈေးနဲ့ ပဲရောင်းတာ..ဈေးမတက်ဘူး..ကျွန်တော့ရှေ့ တင်လူတစ်ယောက်ကဘာလို့ ဈေးမတက်တာလဲ လို့ မေးတော့..မတက်ချင်ပါဘူး..ကိုယ်ရောင်းနိုင်လို့ ရောင်းတာ..မကိုက်ရင်မရောင်းရုံပဲရှိတယ်..ဈေးတော့မတရားမတက်ချင်ဘူးတဲ့....အဲ့လိုလူကောင်းမျိုးလည်းရှိပါတယ်...ဒါပေမယ့်နည်းတယ်ပေါ့ဗျာ...ဒါပါပဲ..ပြောချင်တာကတော့..ကိုဥာဏ်ကိုလည်းကျေးဇူးပါဗျာ..