ဒီမိုကရေစီတွင် မရှင်းလင်းမပြတ်သားမှုတွေရှိသည်။ အန္တရာယ်တို့လည်းရှိသည်။ ထို့ကြောင့် မော်ဒန် ဒီမိုကရေစီဖြစ်ဖို့ရာအတွက် မည်သည့်အချက်တွေ လိုအပ်သနည်းဟု မေးစရာပေါ်သည်။ ဤမေးခွန်းကိုဖြေရန် ဒီမိုကရေစီက မည်သည့်အရာကို ညွှန်းသနည်းဟု အရင်ဖြေရန်လိုသည်။ ယခုကိစ္စ၌ ဒီမိုကရေစီကို အစိုးရ၏ ပုံသဏ္ဌာန်တစ်ခုအနေဖြင့် (၀ါ) ဒီမိုကရေစီအစိုးရအနေဖြင့် မှတ်ယူ၍ ပညာရှင်တစ်ဦးက ဖြေကြားသည်။ ဒီမိုကရေစီ၌ ရှေးဟောင်းပုံသဏ္ဌာန်လည်း ရှိသည်။ ခေတ်သစ်မော်ဒန် ပုံသဏ္ဌာန်လည်း ရှိသည်။ ယခု မော်ဒန်ပုံသဏ္ဌာန်ကိုယူ၍ ဖြေကြားသည်။
ဒီမိုကရေစီသည် မော်ဒန်ပုံသဏ္ဌာန်ဖြစ်ဖို့ဆိုလျှင်-
- (၁) နိုင်ငံသားတို့၏ကဏ္ဍကို အကဲဖြတ်ရမည်။ နိုင်ငံရေးဖြစ်စဉ်တွင် လူတစ်ဦးချင်း ဆန္ဒအလျောက် ပါဝင်ပတ်သက်မှုကို အားပေးသည်။
- (၂) နိုင်ငံတော်၏မူဝါဒတွင် သစ္စာခံမှုကို ပြည်သူ့ဆန္ဒနှင့်အညီ ပေးစေသည်။ ဘာသာရေးနှင့် ကင်းရမည်။ အာဏာရှင်စနစ်၌ သစ္စာခံမှုသည် အိုင်ဒီအိုလိုဂျီအရ လိုအပ်ချက်အဖြစ် တည်ရသည်။ အာဏာရှင်စနစ်၌ သစ္စာခံမှုကို ဘာသာရေးသဖွယ် ပြုခြင်းလည်းရှိသည်။
- (၃) စံနမူနာပြ လူမှုအဆောက်အအုံအဖြစ် လူလတ်တန်းစား ကြီးထွားရန်လိုသည်။
- (၄) အီလစ် (Elite)အလွှာ ရှိရမည်။ အီလစ်သည် တည်ငြိမ်သောအလွှာဖြစ်၍ ဒီမိုကရေစီကို အထောက်အကူပြုသည်။
- (၅) စံနမူနာအစိုးရ အင်စတီကျူးရှင်းများ အားကောင်းရမည်။ ပါတီစုံစနစ်နှင့် လွှတ်တော်တို့ ရှိရမည်ကို ဆိုလိုသည်။ ရွေးကောက်ပွဲ မကြာခင်ကျင်းပပေးရမည်။
- (၆) စီးပွားရေးစနစ်အမျိုးအစားတွင် ဈေးကွက်စီးပွားရေး တည်ရှိရန်လိုသည်။ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီသည် သဘာဝကျသော အတွဲဖြစ်သည်။
- (၇) ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ သီအိုရီတို့တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုကို အလေးထားရမည်။
- (၈) ဥပဒေတို့အပေါ် သဘောထားရာတွင် ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းသော ဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေတို့ဟူ၍ နှစ်မျိုးရှိရာ ဥပဒေသစ်တို့ကို ပါလီမန်က ပြဋ္ဌာန်းစေရမည်။
- (၉) ပညာနှင့်ပတ်သက်သော သဘောထားတွင် ဒီမိုကရေစီ၌ ပညာသည် ပြဿနာလိုက်ပြီး အစိတ်စိတ်အမြွာမြွာ ကွဲပြားနေမည်။ အစိတ်အမြွာချင်း ဆက်စပ်မှုရှိချင်မှ ရှိမည်။ အာဏာရှင်စနစ်၌ ပညာသည် နိုင်ငံရေးပါဝါ၏ ကိရိယာဖြစ်သည်။
- (၁၀) ဒီမိုကရေစီ၌ အင်ဖော်မေးရှင်းသည် အနှံ့ပျံ့နှံ့မည်။ သတင်းစာက သတင်းဖြစ်သည်။ အာဏာရှင်စနစ်၌ အာဏာပိုင်တို့၏ ကြေညာစာတမ်းတို့က သတင်းဖြစ်သည်။
- (၁၁) နိုင်ငံရေးအပေါ် သဘောထားတွင် ဒီမိုကရေစီက နိုင်ငံရေးကိုအားပေးသည်။ နိုင်ငံရေး၌ စေ့စပ်ညှိနှိုင်းသည့် သဘောပါသည်ဟု ယူဆသည်။
အထက်ပါအတိုင်း ဒီမိုကရေစီကို ခေတ်သစ်သဘော ဆောင်ရန်အတွက် မွမ်းမံပြောဆိုကြစေကာမူ ရှေးဟောင်းဆန့်ကျင်ဘက်ဖြစ်သော ပြည်သူ့အမြင် သဘောထားနှင့် ပညာတို့ကြား ၀ိရောဓိသည် ပပျောက်လိမ့်မည်မဟုတ်ဟု ဝေဖန်သုံးသပ်သည်။
စာညွှန်း - Democracy Harvard Series
No comments:
Post a Comment